ခရီးသည်တင် ဘတ်စ်ကားများနှင့် ပတ်သက်၍ အဖွဲ့အစည်းဖွဲ့၍ နှိမ်နင်းခြင်းထက် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဆို

ခရီးသည်တင် ဘတ်စ်ကားများနှင့် ပတ်သက်၍ အဖွဲ့အစည်းဖွဲ့၍ နှိမ်နင်းခြင်းထက် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဆို
Published 26 December 2016
ရှိုင်းလင်းအောင်

ခရီးသည်တင် ဘတ်စ်ကားများနှင့် ပတ်သက်၍ အဖွဲ့အစည်းများဖွဲ့၍ နှိမ်နင်းခြင်းထက် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် မထသ (ဗဟို) ဥက္ကဋ္ဌက ပြောကြားသည်။
ခရီးသည်တင် ဘတ်စ်ကားများ၏ ခရီးသွားပြည်သူများအပေါ် ဆဲဆိုမှုများ၊ ယာဉ်စီးခ ပိုမိုတောင်းခံမှုများ၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် ပတ်သက်၍ Facebook သုံးစွဲသူအချို့က "လူပါး၀ Bus များရပ်" အမည်ရှိ Facebook Group တစ်ခုတွင် ၎င်းတို့ခံစားချက်များကို အပြန်အလှန် ရေးသားကြသည်။
အဆိုပါ Facebook Group မှ သုံးစွဲသူ အချို့သည် အုပ်စုဖွဲ့ကာ ပြန်လည်လက်တုံ့ပြန်ရန် စီစဉ်နေမှုများနှင့် ပတ်သက်၍ မထသ (ဗဟို) ဥက္ကဋ္ဌဦးလှအောင်က "Facebook ပေါ်မှာ အဖွဲ့တွေဖွဲ့ လုပ်နေမယ့်အစား လက်သီးနဲ့ထိုးတာပဲဖြစ်ဖြစ် တုတ်နဲ့ရိုက်တာပဲဖြစ်ဖြစ် ရဲစခန်းမှာ တရားဥပဒေနဲ့အညီ အမှုဖွင့်မယ်။ တိုင်တန်းကြမယ်ပေါ့။ အဲဒီလို ဖြစ်သင့်တာပေါ့။ အခု Facebook မှာ ဟိုအဖွဲ့ ဒီအဖွဲ့ ဖွဲ့မယ်။ နှိမ်နင်းမယ် ဆိုတာတွေပေါ့။ တော်ကြာ အဲဒီလိုလုပ်ရင်း အန္တရာယ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ဥပမာ ၂၃၆ ဖြစ်စဉ်မှာ သူတို့ရိုက်လိုက်တဲ့လူက မကျူးလွန်တဲ့သူ ဖြစ်နေတယ်ဗျာ။ အဲဒါမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ်။ အဲဒါကြောင့် ကျွန်တော်ပြောတာက အဖွဲ့တွေ ဖွဲ့ပြီး လျှောက်လုပ်နေမဲ့အစား တကယ်တော့ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းတာ အကောင်းဆုံးပဲ" ဟု ပြောကြားသည်။
ဒီဇင်ဘာ ၂၆ ရက်က မထသ (ဗဟို) တွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ရှင်းလင်းပွဲတွင် လူမှုကွန်ရက် Facebook ပေါ်တွင် ပျံနှံ့နေသည့် မှတ်ပုံတင်ထားခြင်းမရှိသော Light Truck ယာဉ် (ကြားကား) တစ်စီးမှ ယာဉ်ပေါ်ပါသူများကို လမ်းကြောင်းတူပြေးဆွဲသည့် ခရီးသည်တင် ဘီအမ်ယာဉ် နှစ်စီး၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ဝိုင်းဝန်းထိုးကြိတ်ခဲ့မှုမှာ ပြီးခဲ့သည့် ဇူလိုင် ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ Facebook သုံးစွဲသူများက လက်တလော ဖြစ်ပွားနေသကဲ့သို့ ပြောဆိုခြင်းများရှိကြောင်း၊ အဆိုပါ ဘီအမ်ယာဉ် မောင်းနှင်သူသည် အချိန်ကာလ ကြာပြီဖြစ်သဖြင့် လက်ရှိ အချိန်တွင် မောင်းနှင်ခြင်း မရှိတော့ကြောင်း မထသဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
ယင်းအပြင် စည်းကမ်းချိုးဖောက်သည့် ယာဉ်လုပ်သားများကို ထိထိရောက်ရောက် အရေးယူနေခြင်းကို ပြည်သူလူထုကို သိစေချင်ကြောင်း ပြောကြားခဲ့သည်။ မြို့တွင်း ပြေးဆွဲလျက်ရှိသည့် စည်းကမ်းပျက် ယာဉ်များကို မထသမှ အရေးမယူဘူးဟု ပြောဆိုကာ အဖွဲ့အစည်းများဖွဲ့၍ တုံ့ပြန်ခြင်းများပြုလုပ်ရန် စီစဉ်မှုများနှင့် ပတ်သက်၍ မထသအနေဖြင့် တိုင်ကြားခဲ့သည့် စည်းကမ်းပျက်ယာဉ်များကို အရေးယူလျက်ရှိကြောင်း ရှင်းလင်းခဲ့သည်။                                 

Most Read

Most Recent