၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများထဲမှ ကျပ် ၁၆ ဘီလျံကျော် စိစစ် လျှော့ချခံရ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများထဲမှ ကျပ် ၁၆ ဘီလျံကျော် စိစစ် လျှော့ချခံရ
ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအား တွေ့ရစဉ်
Published 26 December 2016
ကျော်ထင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများထဲမှ ကျပ် ၁၆ ဒသမ ၃၃၅ ဘီလျံခန့် စိစစ်လျှော့ချခံရကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှ သတင်းရရှိသည်။
ယင်းနေ့တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း လျာထားချက်ကို အောက်တိုဘာ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး နေပြည်တော်ရှိ ဘဏ္ဍာရေး ကော်မရှင်သို့ ဆက်လက် တင်ပြခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေစာရင်းဌာနချုပ်ရုံးတို့မှ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်ဂျက်များအား စိစစ်၍ ဒုတိယသမ္မတထံ တင်ပြပြီးနောက် ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည့်နောက် ထပ်ခွင့်ပြုငွေပမာဏ ကျပ် ၁၆၈ ၃၁၂ ဒသမ  ၂၂၇ သန်း (ကျပ် ၁၆၈ ဒသမ ၃၁၂ ဘီလျံ)နှင့် စိစစ်လျှော့ချရမည့် ကျပ် ၁၆၃၃၅ ဒသမ ၈၄၂ သန်း (ကျပ် ၁၆ ဒသမ ၃၃၅ ဘီလျံ) ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက် ရက်စွဲပါစာဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် ပြန်လည် အကြောင်းကြားခဲ့ကြောင်း၊ သို့ဖြစ်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က မူလလျာထားသည့် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းမှ ကျပ် ၁၁၀၀၀ သန်း၊ ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ကျပ် ၅၀၀၀ သန်းနှင့် လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများမှ ကျပ် ၃၃၅ ဒသမ ၈၄၂ သန်းတို့အား ပြန်လည်ပြင်ဆင်လျှော့ချ၍ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၈ ရက် တွင် ပြန်လည်ပေးပို့ခဲ့ကြောင်း ဦးဟန်ထွန်းက တင်ပြခဲ့သည်။
မူလက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွင် ကျပ် ၇၅၀၀၀ သန်း (ကျပ် ၇၅ ဘီလျံ)၊ ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းအတွက် ကျပ် ၇၅၀၀၀ သန်း (ကျပ် ၇၅ ဘီလျံ) တို့ လျာထားခဲ့ရာမှ ယခုလျှော့ချလိုက်ခြင်းကြောင့် အိမ်ရာတည်ဆောက်ရေး လုပ်ငန်းတွင် ကျပ် ၆၄၀၀၀ သန်း (ကျပ် ၆၄ ဘီလျံ) နှင့် ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ကျပ် ၇၀၀၀၀ သန်း (ကျပ် ၇၀ ဘီလျံ) သုံးစွဲရန် ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေအဖြစ် ဌာနအဖွဲ့အစည်း ၁၉ ခုက ကျပ် ၁၆၈၃၁၂ ဒသမ  ၂၂၇  သန်း (ကျပ် ၁၆၈ ဒသမ ၃၁၂ ဘီလျံ) ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ခွင့်ပြုနိုင်ရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းဖြည့်စွက်ဘဏ္ဍာငွေကို ဒီဇင်ဘာ ၂၇ ရက် (ယနေ့) ပြုလုပ်မည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေးတွင် အတည်ပြုမည်ဖြစ်သည်။

Most Read

Most Recent