အလုပ်ရှင်၊ အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရက အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိအဖွဲ့ ဖွဲ့စည်းမည်

အလုပ်ရှင်၊ အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရက အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိအဖွဲ့ ဖွဲ့စည်းမည်
Published 26 December 2016
အောင်ကျော်မျိုး

အလုပ်ရှင်၊ အလုပ်သမားပြဿနာများ ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရက အငြင်းပွားမှု ဖြေရှင်းရေးခုံ သမာဓိအဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည့် အဆိုပါအဖွဲ့တွင် ဝန်ကြီးကိုယ်တိုင် ရွေးချယ်မည့် ဂုဏ်သရေရှိပုဂ္ဂိုလ်နှစ်ဦး၊ အလုပ်သမားဝန် ကြီးဌာန အသိအမှတ်ပြု အဖွဲ့အစည်းမှ မဲစနစ်ဖြင့်ရွေးချယ်မည့် အလုပ်သမားကိုယ် စားလှယ်သုံးဦး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူတို့နှင့် အလုပ်ရှင်သုံးဦးတို့ ပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
“အလုပ်ရှင်ဘက်ကနေ သုံးဦးရွေးရတာ နည်းနည်းလေးတော့ အခက်အခဲရှိတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စမျိုးတွေကို စိတ်ဝင်စားသူဖြစ်ရမယ်။ စိတ်ဝင်စားပြီး တကယ်ပဲ အောက်ခြေမှာ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် အလုပ်လုပ်ပေးနိုင်သူ ဖြစ်ရမယ်။ သူတို့ကိုယ်တိုင်ကလည်း အလုပ်ရှင် တွေဖြစ်ရမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
တရုတ်နိုင်ငံသားများ၏ အထည်ချုပ်စက်ရုံတွင် မြန်မာဝန်ထမ်းအချို့ကို အလုပ်ထုတ်ပစ်သည့်ကိစ္စ၊ အချိန်ပိုကိစ္စတို့နှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားကြား ပြဿနာအချို့ မကြာသေးမီကာလက ဧရာဝတီတိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့ဖူးသည်။
“အလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းလို့မရတဲ့ တချို့ကိစ္စလေးတွေရှိတယ်။ အချိန်ပို ကိစ္စလေးတွေရှိတယ်။ လုပ်သက်ရင့် အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်တဲ့ ကိစ္စမျိုးတွေလည်းရှိတယ်”ဟု  လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို ဖြေရှင်းနိုင်ရန် ဧရာဝတီတိုင်းအစိုးရက ဖွဲ့စည်းမည့် အငြင်းပွားမှု ဖြေရှင်းရေးခုံသမာဓိ အဖွဲ့အမည်စာရင်းကို မကြာမီရက်သတ္တပါတ်အတွင်း တရားဝင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။         

Most Read

Most Recent