မောင်တောနယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်သော်လည်း စစ်ဆင်ရေးကာလ အတွင်း လုံခြုံရေး မကျိုးပေါက်စေရေးအတွက် အရေးပေါ် ပူးပေါင်းစစ်ဆေးရေး အဖွဲ့တစ်ခုဖြင့် စစ်ဆေး

မောင်တောနယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်သော်လည်း စစ်ဆင်ရေးကာလ အတွင်း လုံခြုံရေး မကျိုးပေါက်စေရေးအတွက် အရေးပေါ် ပူးပေါင်းစစ်ဆေးရေး အဖွဲ့တစ်ခုဖြင့် စစ်ဆေး
Published 26 December 2016
သားရွှေဦး (ကစ္ဆပ)

မောင်တောနယ်စပ် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်သော်လည်း စစ်ဆင်ရေးကာလအတွင်း လုံခြုံရေး မကျိုးပေါက်စေရေးအတွက် အရေးပေါ် ပူးပေါင်းစစ်ဆေးရေး အဖွဲ့တစ်ခုဖြင့် စစ်ဆေးကာ ပို့ကုန်၊ သွင်းကုန်များကို ဆောင်ရွက်နေကြောင်း မောင်တောကုန်သည်များအသင်းမှ သိရသည်။
အောက်တိုဘာ ၉ ရက်နှင့် နိုဝင်ဘာ ၃ ရက်များက နယ်ခြားစောင့်ရဲစခန်းများကို အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် တစ်လကျော်ကြာ ရပ်တန့်သွားခဲ့သည့်  မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး (မောင်တောနယ်စပ်ဂိတ်) ကို ဒီဇင်ဘာ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်နေကြောင်း၊ ထိုသို့ ပြန်လည်ဖွင့်လှစ်ရာတွင် တရားမဝင် မူးယစ်ဆေးဝါးများ၊ အကြမ်းဖက် သမားများ ဝင်ထွက်သွားလာခြင်း မရှိစေရေး၊ လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုန်သည်များပါဝင်သော အရေးပေါ် စစ်ဆေးရေး ကိုးဦးအဖွဲ့ကို  ဖွဲ့စည်းကာ ကုန်စည်များနှင့် လှေသမားများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“လုံခြုံရေးကိုလည်း မချိုးဖောက်နိုင်အောင်၊ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ်မှာ လုံခြုံရေး ဆောင်ရွက်နေတာကိုလည်း မထိခိုက်အောင်၊ ဘင်္ဂလားဒေ့ကိုလည်း ပစ္စည်းတွေ သွားနိုင်အောင်ဆိုပြီးတော့ အဖြေတစ်ခုကို ရှာပြီးတော့ ပြည်နယ်အစိုးရအဖွဲ့က အဓိက ကူညီဆောင်ရွက်ပေးတယ်။ ယခင်ဆိုရင် ပစ္စည်းတင်လိုက်၊ စစ်ဆေးခံလိုက်၊ အကောက်ခွန်က စစ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒီကာလအတွင်းမှာ လုံခြုံမှုရှိအောင်ဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကျွန်တော်တို့ကုန်သည် အသင်းအပါအဝင် ဌာနကရှစ်ခု၊ ကိုးဦးပါတဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ တစ်ခုကို ဖွဲ့စည်းပေးတယ်။ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပစ္စည်းတွေ ထွက်သွားတဲ့အပေါ်မှာ ဥပမာအားဖြင့် မူးယစ်ဆေးဝါးသော်လည်းကောင်း၊ အကြမ်းဖက်ပုဂ္ဂိုလ် တစ်ဦးသော်လည်းကောင်း၊ နောက်တစ်စုံတစ်ခု လုံခြုံရေးချိုးဖောက်ခဲ့တာရှိရင် အဲဒီကိုးဦးစလုံးမှာ တာဝန်ရှိတယ် ဆိုတဲ့အဖွဲ့ပေါ့။ အခုတော့ အဲဒီလိုပဲ နယ်စပ်ကုန်စည်တွေကို ကိုးဦးအဖွဲ့က စစ်ဆေးတင်ပို့ဆောင်ရွက်နေပါတယ်” ဟု ကိုးဦးပူးပေါင်း စစ်ဆေးရေးအဖွဲ့တွင် ဒုအဖွဲ့ခေါင်းဆောင် အဖြစ်တာဝန်ယူထားရသော မောင်တော ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်စက်လှေများတွင် ကုန်ပစ္စည်းပိုင်ရှင်တစ်ဦး၊  လှေသမားသုံးဦးသာ လိုက်ပါခွင့်ပြုထားပြီး ဓာတ်ပုံမှတ်တမ်းများရယူကာ အထွက်၊ အဝင်ကို သေသေချာချာ ဆောင်ရွက်နေသည်။
ထို့ပြင် လုံခြုံရေးစိတ်ချရသည့် အနေအထားတစ်ခု ဖြစ်လာပြီဆိုလျှင် ယခင်ပုံမှန် အတိုင်း IS အဖွဲ့မှ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အကယ်၍များ လုံခြုံရေးကောင်းလာပြီ၊ ပိုစိတ်ချရတဲ့ အခြေအနေကို ရောက်ပြီဆိုရင်တော့ ဒီကိုးဦးပူးပေါင်းစစ်ဆေးရေးအဖွဲ့ကတော့ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ အရင်လို လုပ်ရိုးလုပ်စဉ်အတိုင်းပဲ အကောက်ခွန်က စစ်ဆေးပြီးမှ သွားရမှာဖြစ်ပါတယ်။ လူတွေကတော့ မသွားရပါဘူး။ ဥပမာ လုပ်ငန်းရှင်တစ်ဦးပဲ လိုက်ပါခွင့်ရှိတယ်။ နောက်ပြီးရင် လှေသမားသုံးဦးပဲ လိုက်ပါခွင့်ရှိတယ်။ အဲဒီ  သုံးဦးကိုလည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြန်လာတဲ့အခါမှာလည်း အဲဒီသုံးဦးပဲ ပြန်ပါလာရမယ်” ဟု ကိုးဦးပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဒုအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။
အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် နယ်စပ်ကုန်သွယ်ရေး ရုတ်တရက်ရပ်တန့်သွားသဖြင့် ကုန်သည်များလက်ထဲတွင် တစ်ဖက်နိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများ ကျန်ခဲ့ပြီး တချို့ကို စစ်တွေသို့ ပို့ဆောင်ခဲ့ရသည်များရှိကြောင်း၊ နယ်စပ်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကုန်သည်များအသင်းမှ သက်ဆိုင်ရာသို့အဆင့်ဆင့် တင်ပြညှိနှိုင်း ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
“အောက်တိုဘာ ၉ ရက် ဖြစ်စဉ်ဖြစ်တဲ့ နောက်ပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးက ရပ်တန့်သွားတယ်။ ရပ်တန့်သွားတဲ့အခါကျတော့ ကုန်သည်တွေရဲ့ လက်ထဲမှာ ပိုက်ဘော မိနေခဲ့တဲ့ ကုန်ပစ္စည်းတွေ ကျန်ခဲ့တယ်။ ဥပမာ ဝါးလုံးတို့၊ ငါးခြောက်တို့၊ ပုစွန်တို့ ကျန်ခဲ့တယ်။ သယ်ယူလို့ မလွယ်ဘဲ ဒီမှာကျန်နေခဲ့တဲ့ပစ္စည်းတွေကို ကျွန်တော်တို့အသင်းအနေနဲ့ ဒေသအာဏာပိုင်အဖွဲ့ အစည်းရော၊ ပြည်နယ်အစိုးရကိုရော အကုန်လုံးတင်ပြပြီးမှ ပြန်လည်ရပ်တန့်သွားတဲ့ကိစ္စကို ပြန်လည် အသက်ဝင်လာအောင် ကြိုးစားခဲ့ကြတယ်။ အဲဒီတော့ သက်ဆိုင်ရာ IS အဖွဲ့ဝင်တွေလည်း ပါတယ်။ နောက်ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒီဘက်မှာ အခု လုံခြုံရေးတာဝန်ယူထားတဲ့ နယ်ခြားစောင့်ရဲ၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေအားလုံး ပံ့ပိုးကူညီပေးကြပါတယ်” ဟု မောင်တောကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။

Most Read

Most Recent