ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်မက်ဆေ့ချ်အဖြစ် အကြမ်းဖက်မှု၏ သားကောင်ဖြစ်ခဲ့ရသူများကို နှစ်သိမ့်

ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်မက်ဆေ့ချ်အဖြစ် အကြမ်းဖက်မှု၏ သားကောင်ဖြစ်ခဲ့ရသူများကို နှစ်သိမ့်
Published 26 December 2016

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဒီဇင်ဘာ ၂၅ ရက်၌ ခရစ္စမတ် မိန့်ခွန်းပြောကြားရာတွင် အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးကို တောင်းဆိုခဲ့ပြီး ဂျီဟတ်တို့၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှု တစ်နှစ်ကြာပြီးနောက် အကြမ်းဖက်မှု၏ သားကောင်ဖြစ်ခဲ့ရသူများကို နှစ်သိမ့်ခဲ့ကြောင်း သိရသည်။
အသက် ၈၀ အရွယ်ရှိ အာဂျင်တီးနား နိုင်ငံသား ပုပ်ရဟန်းမင်းကြီးက လူအများအပြား ရွှေ့ပြောင်းခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ခြောက်နှစ်နီးပါးကြာ ပဋိပက္ခအတွင်း “အိုင်ထွန်းခဲ့တဲ့ သွေးတွေ သိပ်ကိုများနေပါပြီ” ဟု ပြောကြားလျက် ဆီးရီးယား၌ သေနတ်သံများ တိတ်သွားစေရေးအတွက် တောင်းဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာဘေဆယ် လီကာကျောင်းတော်၏ လသာဆောင်မှနေ၍ မိန့်ခွန်းပြောကြားရာတွင် တိုးတက်မှု လက္ခဏာ အနည်းငယ်မျှသာရှိသော်လည်း အစ္စရေးနှင့် ပါလက်စတိုင်းတို့အား သမိုင်း၏ စာမျက်နှာသစ်ကို ရေးသားရေးအတွက် သတ္တိရှိရှိနှင့် ဆုံးဖြတ်ချက် ခိုင်မာကြရန် တောင်းဆိုခဲ့သည်။
နေသာသော ရာသီဥတုရှိသော်လည်း ကျောင်းတော်ဝင်းရင်ပြင်၌ လူပေါင်း ၄၀,၀၀၀ ခန့်သာ စုဝေးခဲ့ကြပြီး ရင်ပြင်ပြည့်ရန် များစွာလိုနေကြောင်း သိရသည်။
အဲလိဇဘတ်-၂ ဘုရင်မကြီးကလည်း သူ၏အစဉ်အလာအတိုင်း ပြောကြားသည့် ခရစ္စမတ်နေ့မိန့်ခွန်းတွင် ကမ္ဘာပေါ်ရှိ အကြမ်းဖက်မှုကို ကျော်လွှားရန် သွေးစည်းညီညွတ်မှု လိုအပ်သည့်အကြောင်း ပြောကြားခဲ့သည်။
“ကျွန်မတို့ကိုယ်တိုင်အနေနဲ့ စစ်ပွဲတွေကို အဆုံးမသတ်နိုင်သလို မတရားမှုတွေကိုလည်း မဖယ်ရှားနိုင်ပါဘူး။ ဒါပေမဲ့ သေးငယ်တဲ့ ကောင်းသောအပြုအမူ ထောင်ပေါင်းများစွာ တစ်စတစ်စတိုးပွားလာတာတဲ့ သက်ရောက်မှုက ကျွန်မတို့ တွေးထင်နိုင်တာထက် ပိုပြီးကြီးမားလာနိုင်ပါတယ်” ဟု ဘုရင်မကြီးက ကြိုတင်အသံသွင်းယူထားသော ရုပ်မြင်သံကြားမိန့်ခွန်း၌ ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်က ဘာလင်မြို့ ခရစ္စမတ်ဈေးတစ်ခုတွင် ကုန်တင်ကားဖြင့် လိုက်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အားလပ်ရက်များ၌ ဥရောပတွင် လုံခြုံရေးများကို တိုးမြှင့်ခဲ့ရသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် ဘာလင်မြို့ တိုက်ခိုက်မှုကို ကျူးလွန်သည်ဟု ယူဆရသူ တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည့် မီလန်မြို့တွင် ခရစ်ယာန်ကျောင်းတော်တစ်ဝိုက် လုံခြုံရေး အကြီးအကျယ် ချထားခဲ့သည်။ ဘာလင်တိုက်ခိုက်မှု ပြီးကတည်းက ကျောင်းတော်၏အဝင်ဝကို အင်္ဂတေတုံးအတားအဆီးများ ချထားခဲ့သည်။
ဘာလင်မြို့ တိုက်ခိုက်မှုက ဇွန်လအတွင်း နိစ်မြို့၌ လူပေါင်း ၈၆ ဦး သေဆုံးခဲ့ရသော ဂျီဟတ်ဝါဒီတစ်ဦး၏ ကုန်တင်ကားဖြင့် တိုက်ခိုက်မှုကို သတိရသွားစေသည့် ပြင်သစ်တွင် ယခုစနေ၊ တနင်္ဂနွေ၌ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဈေးများအပါအဝင် အများပြည်သူနှင့်ဆိုင်သော နေရာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၉၁,၀၀၀ ကို ချထားခဲ့ကြောင်း သိရသည်။
ဂျာမနီတွင်ပြုလုပ်သော ဘာသာရေး အခမ်းအနားများတွင် IS အဖွဲ့၏လက်ချက်ဟု အခိုင်အမာ ပြောကြားထားသော ဒီဇင်ဘာ ၁၉ ရက် တိုက်ခိုက်မှုက အရိပ်မိုးလျက်ရှိကြောင်း တွေ့ရှိရသည်။
“ဒီနှစ် ခရစ္စမတ်က နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခုကို သယ်ဆောင်လာပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ ပွဲတော်ကို ကွဲပြားခြားနားတဲ့ နည်းလမ်းနဲ့ ကျင်းပနေပါတယ်” ဟု ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း ရိုသင်ဘတ်မြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဂယ်ဟက်ဖားအက်က ပြောကြားခဲ့သည်။ Ref ; AFP                

Most Recent