ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်နိုင်မှာလား

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်နိုင်မှာလား
Published 25 December 2016
ဖြိုးဝေ

မရှိသင့်တဲ့ ပုဒ်မတစ်ခု၊ ဘဝင်မကျစရာ ပုဒ်မတစ်ခုမို့ ပြင်ဆင်သင့်တယ်လို့ ပြည်သူနဲ့ ပြည်ထောင်စုအဆင့်က တာဝန်ရှိသူတွေ ဝေဖန်နေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဟာ လက်ရှိမှာဆိုရင် ပြင်ဆင်ဖို့ ေ၀ဝါးလာပြီလားလို့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာနေတဲ့အပြင် ပုဒ်မ ၆၆ (ဃ) လိုပဲ ကြောက်စရာကောင်းတဲ့ ပုဒ်မ ၆၈ (က) ဟာ စတင် အသက်ဝင်လာခဲ့ပါပြီ။ ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းပေးပါလို့ ပြည်သူတွေ တောင်းဆိုနေတဲ့ အချိန်မှာကိုပဲ ဒီလိုဆက်သွယ်ရေး ဥပဒေပါ စိုးရိမ်စရာပုဒ်မတစ်ခုက ထပ်မံအသက်ဝင်လာတဲ့ အခြေအနေဟာ ဒီပုဒ်မတွေကို မပြင်ဆင်တော့ဘူးလားလို့ ပိုမိုမေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှာ စတင်ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကို အရင်အစိုးရဟာ သူတို့ရဲ့ သက်တမ်းနှောင်းပိုင်းကျမှ စတင် အသုံးပြုခဲ့ပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ အရေးယူမှု ခုနစ်မှုသာ ရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကနေ ၂၀၁၆ ခုနှစ် မတ် ၃၀ ရက်အထိ စုစုပေါင်း လပေါင်း ၃၀ မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲ အရေးယူမှု ခုနစ်မှု၊ ပြစ်ဒဏ်ချမှတ်ခံရသူ ငါးဦးသာ ရှိခဲ့ပေမယ့် လက်ရှိအစိုးရ လက်ထက်မှာ ဒီဥပဒေကို ကိုင်တွယ် အသုံးပြုမှုဟာ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကနေ လက်ရှိ ဒီဇင်ဘာလအထိ သက်တမ်းကိုးလ အတွင်းမှာကိုပဲ တရားစွဲဆိုမှု ၃၈ မှုအထိ ရှိနေပြီး ဒီ ၃၈ မှုမှာ ပြစ်ဒဏ်ချမှတ်ခံရသူ ငါးဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၅ ဦးအထိ ရှိနေပြီး အာမခံ ရရှိထားသူက ၂၁ ဦးအထိ ရှိလာနေပြီ ဆိုတာကို တွေ့ရပါတယ်။
ဥပဒေပါ ဝိဝါဒကွဲပြားမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို အဖမ်းဆီးခံရရာမှာ စီရင်ဆုံးဖြတ်တဲ့ သက်ဆိုင်ရာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကြောင့် အာမခံရရှိခြင်း၊ အာမခံမရရှိခြင်း ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေသလို အာမခံမရရှိသူ အများစုဟာ အာဏာရှိသူတွေက အရေးယူ တရားစွဲဆိုတာနဲ့ ဆက်နွှယ် ဖမ်းဆီးသူတွေက အာဏာလက်ဝယ် ရှိနေတာဆိုတဲ့ အခြေအနေတွေက ဒီပုဒ်မတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး လိုရာဆွဲသုံးနိုင်တဲ့ ဥပဒေလို့ပါ အဝေဖန်ခံလာရတာ ဖြစ်ပါတယ်။ ဒီလိုအဝေဖန်ခံရမှုအပြင် မတရားသော ဥပဒေတွေ မှန်သမျှ ဝေဖန်လာခဲ့တဲ့ အတိုက်အခံပါတီ တစ်ခုက အစိုးရတစ်ရပ် ဖြစ်လာချိန်မှာ ပြည်သူလူထုက ပြင်ဆင်ဖို့ တောင်းဆိုလာပေမယ့် လက်ရှိအချိန်အထိ ပြည်သူ့လွှတ်တော်မှာ ဒီဥပဒေနဲ့ ဥပဒေပါ အဝေဖန်ခံပုဒ်မကို ပြင်ဆင်ဖို့အတွက် မေးခွန်းထုတ်လာတာ၊ အဆိုတင်လာတာ၊ ဥပဒေကြမ်းတင် မလာသေးတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
“လွှတ်တော်ရဲ့ အသံတွေ နားထောင်ရသလောက်ကတော့ ပြင်ဖို့မလွယ်ဘူးဆိုတာ သိသာပါတယ်။ တကယ်လို့ လွတ်လပ်စွာ ပြောဆိုခွင့်ကို တားဆီးပိတ်ပင်ထားတဲ့ ဒီလိုဥပဒေမျိုးကို မပြင်ချင်ဘူး ဆိုရင်တော့ အတော်လေး ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ ဒီပုဒ်မနဲ့ ဖမ်းဆီးထောင်ချခံရသူတွေ ဒီထက်ပိုပြီး များလာဖို့ပဲ ရှိပါတော့တယ်” လို့ ပုံရိပ်အမည်ရှိတဲ့ ကဗျာကိုရေးပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တာကြောင့် ကဗျာမှာပါဝင်တဲ့ သမ္မတဆိုတဲ့ စကားစုဟာ ဦးသိန်းစိန်ကို ရည်ရွယ်ပါတယ်ဆိုပြီး ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ်ခြောက်လ ကျခံခဲ့ရတဲ့ ကဗျာဆရာ မောင်ဆောင်းခက ဆိုပါတယ်။
ဒီလို ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ အာဏာရှင်စနစ်ရဲ့ ထွက်ကုန်ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပြီး ဒီဥပဒေနဲ့ လက်ရှိအစိုးရသစ်က တရားစွဲဆိုတာ ရှိမရှိ သိလိုနေပြီး  မြန်မာနိုင်ငံဆီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာဖို့ Freedom House Index မှာ အဆင့်တက်ဖို့ အရေးကြီးပြီး နိုင်ငံတကာသွားတိုင်း ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီချင်တယ်ဆိုရင် ပုဒ်မ ၆၆ (ဃ) ကို ဖျက်သိမ်းပါလို့ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းက Facebook မှာ ရေးသား ဖော်ပြထားပါတယ်။
“အန်တီစုက နိုင်ငံတကာသွားတိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေကို ဆွဲဆောင်ပါတယ်။ ကျွန်မတို့နိုင်ငံကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစေချင်ရင် Freedom House Index မှာ အဆင့်တက်ဖို့ အရေးကြီးပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဟာ အာဏာရှင်စနစ်ရဲ့ ထွက်ကုန်တစ်ခုဖြစ်ကြောင်း နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက ဝါရှင်တန် ဒီစီမှာ State Department က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အဆင့်မြင့် အရာရှိများနဲ့ သူတို့ရဲ့ရုံးခန်းမှာ မြန်မာ့နိုင်ငံရေးအတွက် ကျွန်မတွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ Freedom of Expression ကိစ္စရောက်တော့ သူတို့အရေးတကြီး သိချင်တဲ့ကိစ္စက NLD အစိုးရက ၆၆ (ဃ) နဲ့ တရားလိုလုပ် တရားစွဲတဲ့ကိစ္စများ ရှိပါသလား ဆိုတာပါပဲ။ အစိုးရသစ်က ဒီပုဒ်မကို ဘာလို့အခုထိ မဖျက်သိမ်းနိုင်တာလဲဆိုတာ သူတို့သိချင်ခဲ့ကြပါတယ်။ ဒီပုဒ်မဟာ ဒီမိုကရေစီနိုင်ငံကို ချီတက်နေချိန်မှာ မရှိရတော့မယ့် ပုဒ်မဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးစီးပွားပျက်မှုနဲ့ အသရေပျက်မှုများအတွက် သီးခြားဥပဒေများ ရှိပြီးဖြစ်လို့ ဖြစ်ပါတယ်။ ၆၆ (ဃ) ကို ရဲအရေးပိုင် သတ်မှတ်ပြီး အာမခံ မပေးနိုင်တဲ့ ကိစ္စဖြစ်နေတာဟာ မြန်မာနိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ တရားစီရင်ရေးဆိုင်ရာ အခြေခံမူများနဲ့ ဖြောင့်ဖြောင့်ကြီးလည်း ဆန့်ကျင်နေပါကြောင်း ကျွန်မ အတိအလင်း ကြေညာပါတယ်။ တရားရုံးက အပြစ်ရှိတယ်လို့ မဆုံးဖြတ်ခင်မှာ အပြစ်ကင်းစင်သူလို့ မှတ်ယူဖို့ တရားစီရင်ရေးမူက လမ်းညွှန်ထားပါတယ်။ ဒါပေမဲ့ အမှုကို ရင်ဆိုင်နေစဉ်မှာ ရဲအချုပ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် တရားမျှတမှုကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ လောလောဆယ် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ချီတက်နေချိန်မှာ အမြင်ကွဲပြားမှုများအပေါ် အာဏာရှိသူများက သဘောထားကြီးရန် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လို့လည်း သံသရာလည်ကြောင်း တရားတွေကို မဖန်တီးဘဲ မဖြစ်မနေ စွဲရရင်တောင် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့သာ စွဲဆိုပါရန် အကြံပေးလိုပါတယ်။ အုပ်ချုပ်သူများဟာ ပြည်သူကို ရင်ဝယ်သားလို သဘောထားခြင်းဖြင့် ဒီမိုကရေစီနဲ့ တရားမျှတမှုစံတွေကို တန်ဖိုးထားသော ခေါင်းဆောင်ကောင်းများအဖြစ် ရပ်တည်သွားမယ်လို့ မျှော်လင့်ရင်း၊ Freedom House Index မှာ အစိုးရသစ်ရဲ့ ရမှတ်တိုးတက်ဖို့ ဆုတောင်းပါတယ်” လို့ ဒေါက်တာ ညိုညိုသင်းက ဆိုပါတယ်။

မရမ်းကုန်းမြို့နယ် တရားရုံးရှေ့တွင် ပုဒ်မ ၆၆ (ဃ) အား ပြင်ဆင်ပယ်ဖျက်ပေးရေး လှုပ်ရှားမှုကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အာမခံမရဘဲ အရေးယူခံခဲ့ရသူတွေ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဆိုတာကို ပြန်လည် လေ့လာမယ်ဆိုရင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ မှာ “မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဆိုတာနဲ့ ပုဒ်မ ၆၆ ရဲ့ ပုဒ်မခွဲမှာ “ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင့်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” လို့ ဖွင့်ဆိုထားပါတယ်။
လက်ရှိမှာ စတင်အသက်ဝင်လာတဲ့ ပုဒ်မကတော့ ပုဒ်မ ၆၈ (က) ဖြစ်ပြီး ပုဒ်မ ၆၈ မှာဆိုရင် “မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ပြဋ္ဌာန်းထားပြီး သူ့ရဲ့ပုဒ်မခွဲ (က) မှာဆိုရင် “မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း” ဆိုပြီး ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။
ဒီနေရာမှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ဖမ်းဆီးခံကြရရာမှာ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန အဖွဲ့ရဲ့ မှတ်တမ်းတွေအရ အစိုးရဟောင်းလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရသူ ခုနစ်ဦးရှိပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦး ရှိပါတယ်။ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ငါးဦးမှာဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံကို ခြေထောက်နဲ့နင်းပြီး လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ ကိုဇော်မျိုးညွန့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အင်္ကျီအရောင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထဘီအရောင်နဲ့ ခိုင်းနှိုင်းသရော်ခဲ့တဲ့ မချောစန္ဒီထွန်း၊ ပုံရိပ်အမည် ကဗျာကိုရေးသားပြီး သမ္မတကို ဝေဖန်ခဲ့တယ်လို့ဆိုတဲ့ ကဗျာဆရာ မောင်ဆောင်းခ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ Post ကို တင်ခဲ့တယ်လို့ဆိုတဲ့ ဦးခွန်ဂျာလီ၊ ဒေါ်အောင်ဆန်းစုကြည်ကို မလျော်ကန်တဲ့ပုံတွေနဲ့ အပုပ်ချ Facebook ပေါ်တင်ခဲ့တဲ့ ဦးသန်းထွန်းတို့ ဖြစ်ပါတယ်။
ဒီလို အာဏာနဲ့ သြဇာရှိသူတွေကို မလျော်ကန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်အရ ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူခံရသူတွေအတွက် ပြစ်ဒဏ်အနေနဲ့ ကိုဇော်မျိုးညွန့်ကို မရမ်းကုန်း တရားရုံးက ပုဒ်မ ၅၀၅ (ခ) အတွက် ပြစ်ဒဏ်အပါအဝင် ထောင်ဒဏ် တစ်နှစ်၊ မချောစန္ဒီထွန်းကို မအူပင်တရားရုံးက ထောင်ဒဏ်ခြောက်လ၊ ကဗျာဆရာ မောင်ဆောင်းခကို ရွှေပြည်သာ တရားရုံးက ထောင်ဒဏ်ခြောက်လ၊ ဦးခွန်ဂျာလီကို လှိုင်တရားရုံးက ထောင်ဒဏ်ခြောက်လနဲ့ ဦးသန်းထွန်းကို ကန်ကြီးထောင့် တရားရုံးကနေ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတဲ့ အမှုများစွာ ဆက်ရှိနေပြီး လက်ရှိနှစ်အတွင်းမှာကိုပဲ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တဲ့ အမှုပေါင်း ၁၀၀ လောက်အထိ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို စတင်အသုံးပြုချိန်ကနေ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်အထိ တရားရုံးတင် တရားစွဲဆိုထားတဲ့ အမှုပေါင်း ၄၅ မှု ရှိနေပြီဖြစ်ပြီး ဒီသုတေသန စာတမ်းမှာတော့ တိုင်ကြားသူရှိပြီး တရားခံ မဖော်ထုတ်နိုင်သေးတဲ့ အမှုတွေနဲ့ ရဲစခန်းမှာတင် အမှုပိတ်သိမ်းသွားတဲ့ အမှုတွေကို ထည့်သွင်း တွက်ချက်ခြင်း မရှိပါဘူး။
လက်ရှိအစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီး အရေးယူခဲ့ပြီး အာမခံ မရရှိထားသူ အများအပြားကို လေ့လာမယ်ဆိုရင် ဦးအောင်ဝင်းလှိုင် (ခ) အညာသားဟာ သမ္မတ ဦးထင်ကျော်ကို ညစ်ညမ်းစွာ ဆဲဆိုမှုနဲ့ ထောင်ဒဏ်ကိုးလ ကျခံနေရပါတယ်။ ကိုလှဖုန်းဟာဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတဦးသိန်းစိန်အစ ရှိသူတွေကို ဝေဖန်သူတဲ့ ကြက်ဖကြီး အကောင့်သုံးစွဲသူအဖြစ် လက်ရှိမှာ ထောင်ဒဏ်နှစ်နှစ်ကျခံနေရပြီး ကိုရာပြည့်ဆိုရင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဦးဝီရသူတို့ကို အသရေဖျက်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပါတယ်။ ဦးနေမျိုးဝေဟာ နိုင်ငံတော် အကြီးအကဲတွေကို စော်ကားသူလို့ စွပ်စွဲ ဖမ်းဆီးခံခဲ့ရပေမယ့် စွဲချက်မတင်ဘဲ လွတ်မြောက်ခဲ့ပြီး ဦးဝင်းထိန် နုတ်ထွက်ကြောင်း NLD ပါတီ ကြေညာချက် အတုလုပ်ပြီး Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကိုအောင်မြင့်ထွန်း (ခ) ကိုဖိုးထောင်၊ ခွေးချစ်သူများ အဖွဲ့ရဲ့ ငွေကြေးအရှုပ်အထွေးကို Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကိုရှိုင်းထက်အောင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကိုဇော်ဇော် (ခ) ငဖာ၊ ကိုနေလင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်တဲ့စာသား Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ကိုဇော်ဇော်အောင်၊ ဝန်ကြီးချုပ်တစ်ဦးက ဒေါ်လာသိန်းချီတန်သော နာရီကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆီက ရယူတယ်လို့ သတင်းစာမှာ ရေးသားခဲ့ပြီး Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ Ma Swe Zin အကောင့်နဲ့ တပ်မတော်အပေါ် မမှန်သတင်း လွှင့်တယ်ဆိုတဲ့ ရော်ဟီးမူလာနဲ့ အာမန်အူလာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ..... သုံးမကျတဲ့ အမတ်လို့ ရေးသားခဲ့တဲ့ NLD ပါတီဝင် ကိုဝေယံကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ စာသားတွေ Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ မစန္ဒီမြင့်အောင်၊ ဖုန်းဆိုင်အချင်းချင်း အွန်လိုင်းမှာ စကားများခဲ့တဲ့ ကိုဇင်မောင်မောင်နဲ့ ကိုမင်းခန့်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် တစ်ဦးကို ဂုဏ်သိက္ခာ ထိခိုက်စေအောင် Facebook ပေါ်တင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်ပံတန်းမြို့နယ် NLD လူငယ်တာဝန်ခံ ကိုငြိမ်းချမ်းစတဲ့ အာဏာရှိသူတွေ၊ သြဇာရှိသူတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံရသူတွေဟာ အာမခံ မရရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို အရေးယူခံရသူတွေကို ပြန်လေ့လာမယ်ဆိုရင် လက်ရှိအာဏာရပါတီ NLD က ပါတီဝင်လေးဦးအထိ ပါဝင်နေတာကို တွေ့ရမှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးမျိုးရန်နောင်သိန်းလို NLD ဗဟိုသုတေသနအဖွဲ့  အတွင်းရေးမှူးတစ်ဦးတောင် ပါဝင်နေတာ တွေ့ရမှာဖြစ်ပြီး ဦးမျိုးရန်နောင်သိန်းဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို Facebook ပေါ်မှာ ဝေဖန်ခဲ့တာကြောင့် ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ဦးမျိုးရန်နောင်သိန်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းနဲ့ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ အထောက်အကူပြု ကွန်ရက်က ဒီလိုလုပ်ရပ်ဟာ အမှောင်ခေတ်ဆီရောက်အောင် လုပ်နေတာနဲ့ အလားတူနေပြီး ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာမခံ ရရှိထားတဲ့ ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူခံရသူတွေကို လေ့လာမယ်ဆိုရင် သာမန်ပြည်သူ အချင်းချင်း အမှုဖွင့်တာ အများစုဖြစ်ပါတယ်။ ကိုဝဏ္ဏနဲ့ ကိုနိုင်ဦး၊ ကိုစိုးသီဟ၊ ဒေါက်တာစိုးမြင့်သန်းနဲ့ မအိကေဇင်၊ ကိုသီဟအောင်ပါနှစ်ဦး၊ ကိုစိုးပိုင်လင်း၊ ဦးမျိုးခိုင်၊ ကိုကျော်ကိုရှိန်း၊ ကိုကြည်လွင်၊ ကိုသိန်းဆွေ၊ ဦးဇော်မျိုးဦးနဲ့ ဇနီး မစန်းစန်းအေး၊ ကိုသန့်စင်ဦးနဲ့ မအေးအေးလွင်၊ ဒါရိုက်တာမိုက်တီး၊ ဒေါက်တာနိုင်ထူးအောင်၊ ကိုမြတ်မော်၊ ချစ်သမီး (ခ) ချောစန္ဒီထွန်း၊ ဦးညွန့်ဝင်း၊ ဦးမြင့်ကျော်၊ မဇင်မာကြည် စသူတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အရင်အစိုးရလက်ထက်ကနေ လက်ရှိအချိန်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံရပြီး အာမခံမရရှိသူ အများစုဟာဆိုရင် အပြစ်ရှိတယ်လို့ သတ်မှတ်မခံရခင်မှာကိုပဲ ထောင်ထဲမှာ လပေါင်းများစွာ နေခဲ့ရတဲ့အပြင် ချမှတ်တဲ့ ပြစ်ဒဏ်ထက် ထောင်ထဲမှာနေရတဲ့ရက်က ပိုမိုများပြားခဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ဒီလို ပြည်သူတွေ အဘက်ဘက်က နစ်နာရမှုကြောင့် ပုဒ်မ ၆၆ (ဃ) ဟာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။
လက်ရှိမှာဆိုရင်လည်း သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်မှာ ရန်ဖြစ်ပွားမှုကို တရားရုံး စစ်ဆေးနေစဉ်အတွင်း Facebook တင်တဲ့အတွက်ဆိုပြီး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက သားအဖနှစ်ဦးဖြစ်တဲ့ ဦးဇေလင်းလတ်နဲ့ ဦးခင်မောင်လတ်တို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) တို့တွေနဲ့ ထောင်ဒဏ်ခြောက်လနဲ့ ထောင်ဒဏ်သုံးလ အသီးသီး အမိန့်ချမှတ်ခဲ့ပြီး ပုဒ်မ ၆၈ (က) ဟာ စတင် အသက်ဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာ၂၀၁၅ ခုနှစ်အတွင်းက ဦးစိုးပိုင်ဦးနဲ့ ဦးခင်မောင်လတ်တို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ပွားမှုအပေါ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ နှစ်ဖက် အပြန်အလှန် တရားစွဲဆိုနေစဉ် ရုံးချိန်းတစ်ခုမှာ ဦးစိုးပိုင်ဦးနဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရဲ့ ဓာတ်ပုံကို Facebook မှာ တင်ခြင်း၊ အသရေဖျက်ခြင်းတွေ ပြုလုပ်တယ်ဆိုပြီး ဦးဇေလင်းလတ်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ဦးခင်မောင်လတ်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) တို့နဲ့ ဦးစိုးပိုင်ဦးက တရားစွဲဆိုခဲ့မှုအပေါ် သင်္ဃန်းကျွန်းမြို့နယ် တရားသူကြီးက သူတို့နှစ်ဦးကို ထောင်ဒဏ်ခြောက်လနဲ့ ထောင်ဒဏ်သုံးလ အသီးသီး အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအမိန့်ချမှတ်ခဲ့ရာမှာ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရှိတယ်လို့ အမိန့်ချမှတ်ခဲ့တာကြောင့် အာမခံမရရှိဘဲ ရှစ်လကျော်ကြာ အချုပ်ထဲက တရားရင်ဆိုင်နေရတဲ့ ဦးဇေလင်းလတ်က ပြန်လည် လွတ်မြောက်မှာဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ တရားစွဲခံရပြီး အာမခံရရှိထားသူ ဦးခင်မောင်လတ်ကတော့ ထောင်ဒဏ်သုံးလ ကျခံရမှာ ဖြစ်ပါတယ်။
“တရားရုံးရဲ့အဆုံးအဖြတ်ကို မကျေနပ်ပါဘူး။ ကျွန်မတို့က မတရားခံရတာပါ။ နောက်ပြီး ကိုဇေလင်းလတ်က ဧပြီ ၄ ရက်မှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေ အမှုရင်ဆိုင်နေရတာ ရှစ်လကျော်၊ ကိုးလနီးပါး ဖြစ်နေပါပြီ။ အမိန့်က ခြောက်လ ချမှတ်လိုက်တဲ့အတွက် ကိုဇေလင်းလတ်အတွက် သုံးလနီးပါးတောင် ထောင်ထဲမှာနေနေရတာ နစ်နာပါတယ်။ အဖေ (ဦးခင်မောင်လတ်) ကလည်း သူလည်း ဘာမှမရေးပဲ ထောင်ဒဏ်သုံးလတောင် ချမှတ်ခဲ့တဲ့အတွက် နစ်နာပါတယ်။ နောက်ပြီး တရားလိုပြသက်သေ ခုနစ်ဦးစလုံးဟာလည်း ရန်ဖြစ်မှုမှာ ပါဝင်တဲ့ ခုနစ်ဦးစလုံးပါပဲ” လို့ ဦးဇေလင်းလတ်ရဲ့ ဇနီးဖြစ်သူက ဆိုပါတယ်။
ဥပမာအားဖြင့် ကိုယ်မကျေနပ်သူတစ်ဦးရဲ့ ဓာတ်ပုံကို Facebook အကောင့်အတုလုပ်ပြီး နိုင်ငံတော်ရဲ့ အကြီးအကဲတွေ အာဏာရှိသူတွေကို Facebook အကောင့်အတုလုပ်သူက စော်ကားပြီဆိုရင် အဲဒီအကောင့်က ဓာတ်ပုံပါသူဟာ ကိုယ်တိုင်မကျုးလွန်ရဘဲ ဖမ်းဆီးခံရတော့မှာ ဖြစ်ပါတယ်။ အာဏာရှိသူတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမယ်ဆိုရင် အာမခံမရတော့တဲ့ ပုဒ်မမို့လို့လည်း သာမန်ပြည်သူတစ်ယောက် နစ်နာပါတယ်ဆိုတာကို ဘေးချိတ်ထားပြီး အပြစ်မရှိပါဘဲနဲ့ ကာလရှည်ကြာစွာ ဖမ်းဆီးခံရတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ထောက်ပြတာ နှစ်ချက်က အာမခံမရတဲ့ ကိစ္စပေါ့။ အာမခံမရတဲ့ကိစ္စကလည်း တော်တော်လေးကိုဆိုးတယ်။ နည်းပညာအရလည်း အကောင့်အတုတွေက လုပ်လို့ရတယ်။ ကိုယ့်ဓာတ်ပုံကို ယူပြီးတော့ ကိုယ့်နာမည်နဲ့ အကောင့်အတုလုပ်ပြီးတော့ ပေါက်တတ်ကရ လျှောက်ပြောရင်တောင် တကယ်ဖမ်းရင် ကိုယ့်ပဲလာဖမ်းမှာ။ ကျန်တဲ့ဟာက စခန်းရောက်မှ ရှင်းဖြစ်နေတော့ အာမခံမရတဲ့ ကိစ္စကိုလည်း ထောက်ပြတယ်။ နောက်တစ်ခုက ခံရတဲ့သူ မဟုတ်ဘဲနဲ့ တခြားသူတစ်ယောက်က ကြားထဲကနေ စွဲတာမျိုး ဆိုလို့ရှိရင်လည်း ဒါလည်း မဖြစ်သင့်ဘူး။ အဲဒီနှစ်ခုကို ကျွန်တော်တို့ ထောက်ပြတယ်။ ကျွန်တော့် အမြင်ပြောရရင် ၆၆ (ဃ) က Telecom Law ထဲမှာ မရှိသင့်ဘူး။ Cyber Law ဆိုတာမျိုး ထပ်စွဲသင့်တယ်။ နောက်ပိုင်းကျရင် နည်းပညာကို အသုံးပြုပြီးတော့ အသရေဖျက်တာမျိုးပဲဖြစ်ဖြစ်၊ နောက် Cyber Bully လုပ်တာပဲဖြစ်ဖြစ်၊ ခြိမ်းခြောက်တာပဲဖြစ်ဖြစ်၊ အသုံးပြုသူ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာဖြစ်တဲ့ ကိစ္စတွေကျတော့ Cyber Crime တွေ ဖြစ်လာပြီဆိုတာနဲ့ Cyber Law ကို သီးခြားရှိသင့်တယ်။ အဲဒီလိုရှိတဲ့နေရာမှာမှ ဒီ ၆၆ (ဃ) လိုကိစ္စမျိုးက အဲဒီမှာမှ သွားထည့်သင့်တယ်။ ကျွန်တော်ကတော့ Cyber Law ကို ဆွဲစေချင်တယ်။ Cyber Law ထဲမှာပဲ ထည့်စေချင်တယ်။ ထည့်တဲ့အခါမှာလည်း တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေနဲ့ ထည့်ရမယ်။ နှစ်မျိုးလုပ်လို့ရတယ်။ ပြင်မယ်ဆိုရင်လည်း ကျွန်တော်ခုနကပြောတဲ့ အချက်နှစ်ချက်ဖြစ်တဲ့ အာမခံပေးရမယ် ဆိုတာရယ်။ တရားစွဲတဲ့အခါမှာ ကြားလူမဟုတ်ဘဲနဲ့ နစ်နာသူက စွဲရမယ်ဆိုတဲ့ကိစ္စ အဲဒီမှာမှ နစ်နာသူက မစွဲနိုင်ရင်တော့ ကြားလူစွဲပေါ့။ ပြင်မယ်ဆို အဲဒီနှစ်ခုကို ပြင်စေချင်တယ်။ နောက်ပြီး သူ့ကိုပဲဆက်ပြီး သုံးမယ်ဆို နည်းဥပဒေတွေ ဆွဲစေချင်တယ်။ တိကျတဲ့ နည်းဥပဒေတွေကို ဆွဲစေချင်တယ်။ အခုဟာက တိကျတဲ့ နည်းဥပဒေ မရှိတဲ့အခါကျတော့ ၆၆ (ဃ) မှာ ပါတဲ့ စကားလုံးတွေဖြစ်တဲ့ ခြိမ်းခြောက်တာတို့၊ အသရေဖျက်တာတို့က ဘာတွေလဲ ဘယ်လောက်အထိ ပြောတာလဲဆိုတဲ့ အပေါ်မှာ တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ မရှိဘူး။ ဒီဥပဒေကိုပဲသုံးမယ်။ ပြင်မယ်ဆိုရင်တော့ တိကျတဲ့ နည်းဥပဒေတွေ ဆွဲစေချင်တယ်။ ဖျက်မယ်ဆိုရင်တော့ Cyber Law ကို ဆွဲပြီးတော့ အဲဒီထဲကို ကျွန်တော်က ရွှေ့ပစ်လိုက်စေချင်တယ်။ ဒီဥပဒေက ပြည်ထောင်စုအဆင့်က လုပ်ရမှာဆိုတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လုပ်ရမှာ။ ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) မှာ ကြားတာတော့ ဦးရွှေမန်း ဦးဆောင်တဲ့ ကော်မရှင်ကပြီးတော့ ဒီဥပဒေကို ပြန်ပြီးတော့ လေ့လာ သုံးသပ်နေတာဆိုတာ ခုနက တွေ့လိုက်တယ်။ တကယ်တမ်းက ဖြစ်သင့်တယ်။ ဒီလောက် လူပြောသူပြော များလာပြီ ဆိုရင်တော့ ဒီဥပဒေကို ပြန်လေ့လာသင့်တယ်။ တကယ့် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်သင့်တယ်။ ဖိတ်ခေါ်ပြီးတော့မှ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံမျိုးကို လာမယ့်လွှတ်တော်မှာ လုပ်သင့်တယ်။ ၆၆ (ဃ) ရဲ့ အားနည်းချက်ကို ကြည့်တဲ့အခါမှာ အားနည်းမှုတွေ ရှိနေတယ်။ တကယ်တမ်းကျတော့ တရားစွဲဆိုခံရတာပဲ ရှိတာ။ ဒီလူဟာ တရားခံ မဟုတ်သေးဘူး။ သိက္ခာရှိရှိနဲ့ အပြင်ကနေ ရင်ဆိုင်ခွင့်ရတာမျိုး အစွပ်စွဲခံရသူတွေဘက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်မပြုထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲဒီလိုမျိုး ခွင့်ပြုတဲ့ အနေအထားမျိုး ရောက်အောင်တော့ ကျွန်တော်ကတော့ ပြင်စေချင်တယ်။ အဲဒီလိုမျိုးပြင်လိုက်မှ အဆင်ပြေလိမ့်မယ်။ စွပ်စွဲခံရတဲ့သူဘက်မှာ ဘာအခွင့်အရေးမှ မရှိသလို ဖြစ်နေတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုပါတယ်။
ဥပဒေကို ပြင်ဆင်မယ်ဆိုတဲ့ အသံထွက်မှု
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကော်မတီ စတဲ့ပုဂ္ဂိုလ်တွေက ဒီဥပဒေကို ပြင်ဆင်ပေးဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး သူရဦးရွှေမန်းကတော့ ပုဒ်မ ၆၆ (ဃ) မှာ ဝိဝါဒကွဲစရာက ထောင်ဒဏ်ဖြစ်နေပြီး ထောင်ဒဏ်ကို နှစ်နှစ်အထိ လျှော့ချလိုက်ဖို့ အကြံပြုခဲ့သလို လက်ရှိဥပဒေအရကိုပဲ တရားရုံးတာဝန်ရှိသူနဲ့ ရဲက အဂတိတရားကင်းတဲ့ ဆင်ခြင်တုံတရားနဲ့ ဥပဒေနဲ့အညီ အာမခံပေးနိုင်တယ်လို့လည်း ပြောကြားထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ အာဏာရှိသူတွေ ပါဝင်ဆက်နွှယ် အမှုဖွင့် ဖမ်းဆီးခံထားရသူတွေကတော့ အာမခံ မရကြပါဘူး။ ဒါ့အပြင် ဆက်သွယ်ရေးဥပဒေနဲ့ အဓိကသက်ဆိုင်တဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကလည်း ပုဒ်မ ၆၆ (ဃ) ကို ဘဝင်မကျဘူးလို့ ပြောဆိုထားမှု ရှိခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့ တောင်းဆိုနေပေမယ့် လက်ရှိအချိန်အထိတော့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့နဲ့ ပတ်သက်ပြီး မေးခွန်းမေးတာ၊ အဆိုတင်သွင်းတာ၊ ဥပဒေကြမ်းတင်တာကို ဘယ်ကိုယ်စားလှယ်ကမှ ဆောင်ရွက်ထားတာ မရှိသေးဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုပါတယ်။
ဒါ့အပြင် လွှတ်တော် အသေးစားလို့ခေါ်တဲ့ ကော်မတီတွေအပေါ် အားရကျေနပ်မှု မရှိဘူးလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားထားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပမှု တတိယပုံမှန် အစည်းအဝေးတောင် ပြီးစီးခဲ့ပြီ ဖြစ်ပေမယ့် လွှတ်တော်က ဖွဲ့စည်းထားတဲ့ အမြဲတမ်းကော်မတီ လေးခုအပါအဝင် အခြားကော်မတီ စုစုပေါင်း ၂၀ ကနေ လွှတ်တော်ကို အစီရင်ခံစာ တင်ပြမှုလည်း မရှိသေးတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီလိုမျိုး အခြေအနေတွေနဲ့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးဖို့ ပြည်သူတွေ တောင်းဆိုနေချိန်မှာ လုပ်ဆောင်မှု မမြင်ရတာဟာ ပြည်သူ့တာဝန်မကျေပွန်တာလို့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဝေဖန်ပါတယ်။
“၆၆(ဃ) ကို အပြည့်အ၀ ကန့်ကွက်တဲ့ အထဲမှာ အန်တီတို့ပါတယ်။ ဒီပုဒ်မဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံမူဖြစ်တဲ့ Freedom of Expression ကို ပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်ရာ ရောက်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ ပုဒ်မ ၆၆ (ဃ) နဲ့ အလားသဏ္ဌာန်တူတဲ့ အခြားသောပုဒ်မတွေ အများအပြား ရှိနေပြီးသား ဖြစ်တယ်။ တကယ်လို့ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုရင် အခြားသောပုဒ်မတွေ ရှိတယ်။ လူတစ်ဦးချင်း ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုရင် အသရေဖျက်မှု ပုဒ်မဆိုတာရှိတယ်။ အဲဒီတော့တစ်ခါ တခြားသော ပြစ်မှုတွေအတွက်လည်း ဆိုင်ရာဆိုင်ရာ ဥပဒေတွေ ရှိပြီးသား။ အဲဒီလိုရှိပြီးသားကို အရင်အစိုးရလက်ထက်တုန်းက ဒီဥပဒေကို ထုတ်ပြန်ခဲ့တယ်။ ဒီလိုဥပဒေမျိုးကို ဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျင့်သုံးတာမျိုးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဒီဥပဒေကို ကြည့်မယ်ဆိုရင်လည်း အုပ်ချုပ်သူရော အုပ်ချုပ်ခံသူပါ ဘယ်သူ့ကိုမှ ကောင်းကျိုးပေးတာ မတွေ့ရဘူး။ အဲဒါကြောင့်မို့လို့ လွှတ်တော်အနေနဲ့ ဒီဥပဒေကို အမြန်ဆုံး ဖျက်သိမ်းဖို့ သဘောထားပေးလိုပါတယ်။ လွှတ်တော်ဆိုတာက ပြည်သူလူထုအသံကို နားထောင်ရတဲ့နေရာ၊ ပြည်သူလူထုက လွှတ်တော်ဆီကို လာရောက် တင်ပြဖို့ဆိုရာမှာ လက်တွေ့ပိုင်းမှာ ဖြစ်ချင်မှဖြစ်မယ်။ သို့ပေမဲ့လည်း ပြည်သူလူထုရဲ့ အသံကို နားထောင်ဖို့ တာဝန်ရှိတာကြောင့် ဒီလောက်တောင် ကျယ်လောင်နေတဲ့ အသံကို လွှတ်တော်ကလည်း မကြားဘဲနေမှာ မဟုတ်ဘူး။ လွှတ်တော်ဥက္ကဋ္ဌကြီးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ ပြည်သူလူထုရဲ့ အသံကို လွှတ်တော်က နားထောင်ဖို့ တာဝန်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြင်ဆင်ဖို့ ဖျက်သိမ်းဖို့ တင်ပြတာ အခုထိ မရှိသေးရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပျက်ကွက်တာလို့ပဲ သတ်မှတ်ရမှာပဲပေါ့။ ဒီပုဒ်မက လူထုကြားထဲမှာ ဒီမိုကရေစီကို ထောက်ခံတဲ့သူတွေရော၊ မထောက်ခံတဲ့သူတွေကြားထဲမှာကိုပါ ဒီကိစ္စက ပြသနာတစ်ခု အနေနဲ့ ရှိနေတာပေါ့။ ဒီလိုကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြခြင်း မရှိဘူးဆိုတာကတော့ လွှတ်တော် ကိုယ်စားလှယ် ၆၀၀ ကျော် ရှိနေတဲ့ လွှတ်တော်ကြီးအတွက်တော့ ဝမ်းနည်းပါတယ်” လို့ ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။
ပုဒ်မ ၆၆ (ဃ) ရဲ့ အဓိက ပြသနာကတော့ ဥပဒေကကို အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ အရင်အစိုးရက စီမံချက်နဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး တရားစွဲတဲ့သူက ဖိအားပေးနိုင်ရင် နိုင်သလို စွပ်စွဲခံရသူက အဖမ်းခံနိုင်ရတာနဲ့ အခုအာမခံ ပေးထားတာတွေကလည်း တရားစွဲသူတွေ ကိုယ်တိုင်က ပေးဖို့ခွင့်ပြုမှပဲ အာမခံကို ပေးလိုက်ကြတာမျိုး လေ့လာ တွေ့ရှိထားတယ်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရသူ တစ်ဦးက ဆိုပါတယ်။ လွှတ်တော်မှာ လုပ်ဆောင်နိုင်မှု မရှိသေးပေမယ့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တွေ၊ အိုင်တီပညာရှင်တွေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မကို ဆန့်ကျင်တဲ့ လူငယ်တွေ ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန အဖွဲ့ကတော့ ဒီဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို မည်သည့်အတွက်ကြောင့် ပြင်ဆင်သင့်သည်ဆိုတဲ့ အချက်တွေ ရေးသားထားတဲ့ အစီရင်ခံစာကို လာမယ့် နှစ်ဆန်းပိုင်းမှာ လွှတ်တော်သုံးရပ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့သွားမှာဖြစ်သလို ပုဒ်မ ၆၆ (ဃ) ကို ဆန့်ကျင်မှု ပွဲတစ်ပွဲကိုလည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပြည်သူလူထုအကြားမှာ အဝေဖန်ခံနေရတဲ့ ပုဒ်မတစ်ခုဟာ ပြည်သူတွေ ရွေးကောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ပေးပို့လာမယ့် အချက်အလက်တွေနဲ့ ဒီပုဒ်မ ၆၆ (ဃ) ပြုပြင်ရေး လုပ်ဆောင်ပေးပြီး ပြည်သူ့တာဝန်ကျေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။