ဒုက္ခသည် ပြဿနာနှင့် ဂျာမနီ နိုင်ငံရေး

ဒုက္ခသည် ပြဿနာနှင့် ဂျာမနီ နိုင်ငံရေး
Published 25 December 2016
မောင်ကြွယ်စိုး

၂၀၁၅-၁၆ နှစ်သစ် အကြိုညမှာ ကိုလုံးမြို့မှာ မုဒိမ်းမှု ၂၄ မှုနဲ့ ခိုးဝှက်မှု အမြောက်အမြား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဟမ်းဘာ့ဂ်၊ ဖရန့်ဖွတ်၊ ဒေါ့မွန်၊ ဒတ်ဆယ်ဒေါ့နဲ့ စတူဂတ် မြို့တွေမှာလည်း အလားတူ လိင်ပိုင်းဆိုင်ရာ အဓမ္မ ကျူးလွန်မှုတွေနဲ့ ခိုးဝှက် လုယက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂျာမန်ဖက်ဒရယ် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ၂၀၁၁ အီဂျစ်တော်လှန်ရေး ဖြစ်ပွားချိန်မှာ ကိုင်ရိုမြို့မှာ ရာဇဝတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ပေါ်ပေါက်ရမှုဟာ လူအုပ်ကြီးအတွင်း အုပ်စုလိုက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်ပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ ယခု ဂျာမနီနိုင်ငံမှာ ဖြစ်စဉ်တွေဟာ တူညီနေပါတယ်။ အမျိုးသမီးတွေကို လူတစ်စုက လမ်းမပေါ်မှာ ဖမ်းဆီးပြီး အဓမ္မပြုကျင့် ခံရပါတယ်။ အဓမ္မပြုကျင့် ခံရသူ အမျိုးသမီး ဦးရေ ၁၂၀၀ ရှိပြီး ယောက်ျား ၂၀၀၀ ခန့်က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တစ်တွေဟာ အုပ်စုဖွဲ့ပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလူတွေဟာ အာရပ်၊ ဒါမှမဟုတ် အာဖရိကန်မြောက်ပိုင်း ပုံသဏ္ဌာန်တွေ ရှိကြတယ်လို့ ရဲက ထွက်ဆိုခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ယခုလို အုပ်စုဖွဲ့ပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မ ကျူးလွန်မှုမျိုး ခံရမှုမျိုး မရှိပါဘူး။ ယခုလို ဖြစ်ပေါ်ရခြင်းမှာ ဂျာမနီနိုင်ငံ အနေနဲ့ အစ္စလာမ္မစ်နိုင်ငံက ဒုက္ခသည်တွေကို လက်ခံခဲ့လို့ပဲ ဖြစ်ပါတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ပေါ်ထွက်လာပါတယ်။ အထူးသဖြင့် အမျိုးသမီး လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ အဲဒီကိစ္စဟာ မာကယ်ရဲ့ ဒုက္ခသည်ဆိုင်ရာ တံခါးဖွင့် ဝါဒကို အဓိက ထိုးနှက်ခြင်းပဲ ဖြစ်ပါတယ်။
၂၀၁၇ မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ကိုလုံးမြို့ ဖြစ်ရပ်တွေက လွှမ်းမိုးထားမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေ အနေနဲ့ ဂျာမန်ပြည်သူတွေက ဒုက္ခသည်များဆိုင်ရာ မူဝါဒကို ပြင်းပြင်းထန်ထန် ချမှတ်ဖို့ လိုလားနေကြပါတယ်။ မာကယ်ကတော့ ဂျာမနီနိုင်ငံရဲ့ နယ်စပ်တွေကို ဖွင့်လှစ်ပေးခြင်းအားဖြင့် ဒုက္ခသည်တွေကို ဝင်ရောက်ခွင့် ပေးနိုင်ခြင်း အပေါ် ချီးကျူးမှုတွေ ရယူနိုင်ခဲ့တယ် ဆိုပေမယ့် နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် သူ့ရဲ့ ဒုက္ခသည်ဆိုင်ရာ မူဝါဒကို မကျေနပ်မှုတွေ မြင့်တက်လာရခြင်း ဖြစ်ပါတယ်။
ဂျာမန်ပြည်သူတွေ အနေနဲ့ အစပိုင်းမှာတော့ ဒုက္ခသည်တွေကို လိုလိုလားလား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ရထားပေါ်မှာ ဂျာမနီနိုင်ငံသား တစ်ဦးကို ပုဆိန်နဲ့ အတိုက်ခံရမှု၊ ဂီတပွဲတော် တစ်ခုမှာ အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးက ဗုံးဖောက်ခွဲမှုကြောင့် လူ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့မှုကြောင့် နိုင်ငံခြားသားတွေ အပေါ် အမြင်တွေ မကြည်လင်ခဲ့ကြတော့ပါဘူး။
“ဒုက္ခသည်တွေကို အကူအညီပေးရမယ် ဆိုတာက မှန်ကန်ပါတယ်။ ဒါပေမဲ့ အကူအညီပေးရုံမျှလောက်နဲ့ မလုံလောက်ဘူး။ ဂျာမန်တွေရဲ့ ယဉ်ကျေးမှုဟာ တဖြည်းဖြည်း ကျဆင်းလာပြီ” လို့ ကိုလုံးမြို့တွင် နေထိုင်တဲ့ ကလေးနှစ်ယောက် မိခင်က ပြောကြားလိုက်ပါတယ်။
ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ဝေဖန်ချက်တွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ မာကယ်အနေနဲ့ ရှေ့နှစ်၌ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်လိမ့်မယ်လို့ နိုင်ငံရေး သုတေသီတချို့က ခန့်မှန်းထားပါတယ်။ ဥရောပတိုက်မှာ သြဇာတိက္ကမ အကြီးမားဆုံး ဆိုရမယ့် မာကယ်ကို စိန်ခေါ်နိုင်မယ့်သူ မရှိသေးပါဘူး။ ဒါပေမဲ့ သူ့အပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းနေမှုဟာ သူရဲ့ နိုင်ငံရေး ပုံရိပ်ကို လျော့ကျစေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

Most Read

Most Recent