မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုမှာ ကျေးလက်တွင် ၅၈ ရာခိုင်နှုန်းနှင့် မြို့ပြတွင် ၄၂ ရာခိုင်နှုန်းဖြစ်ပြီး လူတစ်ဦးလျှင် လစဉ်ပျမ်းမျှ ဖုန်းဘီလ်သုံးစွဲမှု ကျပ် ၇၅၀၀ ခန့်ရှိနေ

မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုမှာ ကျေးလက်တွင် ၅၈ ရာခိုင်နှုန်းနှင့် မြို့ပြတွင် ၄၂ ရာခိုင်နှုန်းဖြစ်ပြီး လူတစ်ဦးလျှင် လစဉ်ပျမ်းမျှ ဖုန်းဘီလ်သုံးစွဲမှု ကျပ် ၇၅၀၀ ခန့်ရှိနေ
Published 24 December 2016
နေမျိုးထွန်း

မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာ ကျေးလက်ဒေသတွင် ၅၈ ရာခိုင်နှုန်းနှင့် မြို့ပြဒေသမှာ ၄၂ ရာခိုင်နှုန်းဖြစ်ကြောင်း LIRNEasia ၏ ၂၀၁၆ စစ်တမ်းအရ သိရသည်။
ယခင်နှစ်က ယင်းအချိုးအစားမှာ ကျေးလက်ဒေသတွင် ၄၆ ရာခိုင်နှုန်းနှင့် မြို့ပြဒေသတွင် ၅၄ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် ယခုနှစ်အတွင်း ကျေးလက်ဒေသတွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်မှု အချိုးအစား မြင့်တက်လာကြောင်း သိရသည်။
လစဉ် ပျမ်းမျှဖုန်းဘီလ် သုံးစွဲမှုမှာ ကျပ် ၇၄၉၄ ဖြစ်ကြောင်း သိရသည်။ ဆင်းမ်ကတ် နှစ်ကတ် သုံးစွဲသူများတွင် အဓိက ဆင်းမ်ကတ်အတွက် ကျပ် ၆၅၉၂ နှင့် ဒုတိယ ဆင်းမ်ကတ်အတွက် ကျပ် ၃၈၅၇ ဖြစ်ကြောင်း သိရသည်။
လစဉ်ပျမ်းမျှ ဖုန်းဘီလ်သုံးစွဲမှုတွင် အမျိုးသားများမှာ ကျပ် ၇၉၉၆ နှင့် အမျိုးသမီးများမှာ ကျပ် ၆၈၉၀ ဖြစ်သည်။ ကျေးလက်ဒေသများတွင် ၆၁၈၂ ကျပ်နှင့် မြို့ပြဒေသများတွင် ၉၃၃၁ ကျပ်ဖြစ်သည်။ မိုဘိုင်းသုံးစွဲသူများ၏ ၉၈ ရာခိုင်နှုန်းမှာ ဖုန်းငွေဖြည့်ကတ်များဖြင့် ငွေဖြည့်သွင်းကြခြင်း ဖြစ်ကြောင်း သိရသည်။
အဓိက ဆင်းမ်ကတ် သုံးစွဲမှုတွင် MPT ဆင်းမ်ကတ်သုံးစွဲမှုမှာ ၄၉ ရာခိုင်နှုန်း၊ တယ်လီနော ဆင်းမ်ကတ်သုံးစွဲမှုမှာ ၃၅ ရာခိုင်နှုန်း၊ အူရီဒူးသုံးစွဲမှုမှာ ၁၁ ရာခိုင်နှုန်းနှင့် MEC သုံးစွဲမှုမှာ ငါးရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်က ယင်းအချိုးအစားတွင် MPT မှာ ၇၉ ရာခိုင်နှုန်း၊ တယ်လီနောမှာ ၁၅ ရာခိုင်နှုန်းနှင့် အူရီဒူးမှာ ခြောက်ရာခိုင်နှုန်း ဖြစ်သည်။
မိုဘိုင်းဖုန်း ပိုင်ဆိုင်သူများ၏ ဟန်းဆက် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်မှုတွင် ကင်မရာကို အဓိကထားကြပြီး ရာခိုင်နှုန်း ၉၀ ရှိကြောင်း သိရသည်။ Touchscreen အပေါ် အဓိကထားမှုမှာ ရာခိုင်နှုန်း ၈၀၊ Applications မှာ ၇၉ ရာခိုင်နှုန်း၊ ဝိုင်ဖိုင်မှာ ၇၆ ရာခိုင်နှုန်း၊ အင်တာနက် Browser မှာ ၇၅ ရာခိုင်နှုန်းနှင့် Dual Sim သုံးစွဲနိုင်မှုအပေါ် အာရုံစိုက်ခြင်းမှာ ရာခိုင်နှုန်း ၇၀ ဖြစ်ကြောင်း သိရသည်။ ယင်းခြောက်ချက်တွင် ငါးချက်မှာ အင်တာနက် သုံးစွဲမှုနှင့် ပတ်သက် ဆက်နွှယ်နေသော လုပ်ဆောင်ချက်များ ဖြစ်သည်။
မိုဘိုင်းဖုန်း သုံးစွဲသူများတွင် စမတ်ဖုန်း သီးသန့် ပိုင်ဆိုင်မှုမှာ ၇၆ ရာခိုင်နှုန်း၊ စမတ်ဖုန်းနှင့် Keypad ဖုန်းပူးတွဲ ပိုင်ဆိုင်မှုမှာ နှစ်ရာခိုင်နှုန်းနှင့် Keypad ဖုန်းသီးသန့် ပိုင်ဆိုင်မှုမှာ ၂၂ ရာခိုင်နှုန်း ရှိနေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
ဖုန်းသုံးစွဲမှုတွင် စီဒီအမ်အေ အပါအဝင် မိုဘိုင်းဖုန်း သုံးစွဲမှုမှာ ၉၄ ရာခိုင်နှုန်းနှင့် ကြိုးဖုန်းသုံးစွဲမှုမှာ ခြောက်ရာခိုင်နှုန်း ဖြစ်သည်။ အများသုံး ဖုန်းသုံးစွဲရမှုမှာ သိသာစွာ ကျဆင်းသွားပြီး တစ်ဦးချင်း သီးသန့်ဖုန်း သုံးစွဲမှုမှာ သိသာစွာ မြင့်မားလာသည်ကို တွေ့ရသည်။ တစ်ကိုယ်ရေ သီးသန့်ဖုန်းသုံးစွဲမှုမှာ ၆၃ ရာခိုင်နှုန်း ဖြစ်လာပြီး အိမ်သုံးဖုန်းမှာ ၁၆ ရာခိုင်နှုန်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်က တစ်ကိုယ်ရေ သီးသန့်ဖုန်းသုံးစွဲမှုမှာ ၄၈ ရာခိုင်နှုန်းသာရှိပြီး အိမ်သုံးဖုန်း သုံးစွဲမှုမှာ ၂၆ ရာခိုင်နှုန်း ရှိခဲ့သည်။
မိုဘိုင်းဖုန်း မပိုင်ဆိုင်သူများ၏ မပိုင်ဆိုင်ရမှု အကြောင်းရင်းတွင် ဟန်းဆက်ဖိုး မတတ်နိုင်ခြင်းမှာ အများဆုံးဖြစ်ပြီး ၄၃ ရာခိုင်နှုန်း ဖြစ်သည်။ မလိုအပ်ဟုဆိုသူမှာ ၄၁ ရာခိုင်နှုန်းရှိပြီး အသုံးပြုပုံကို မသိနားမလည်ခြင်းနှင့် ရှုပ်ထွေးသည်ဟု မြင်သူမှာ ၁၁ ရာခိုင်နှုန်း၊ ၎င်းနေထိုင်ရာဒေသတွင် ဖုန်းကွန်ရက် မရှိဟုဆိုသူမှာ တစ်ရာခိုင်နှုန်းသာ ရှိသည်ဟု ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် သုံးစွဲနေသော ဆင်းမ်ကတ် အရေအတွက်မှာ တယ်လီနောက ၁၈ သန်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၂၁ သန်းနှင့် အူရီဒူးက ရှစ်သန်းကျော်ရှိကြောင်း ဆက်သွယ်ရေး အော်ပရေတာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent