ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုမှု ကြုံတွေ့နေသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိရေနည်းကာလတွင် သက်ဆိုင်ရာမှ ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် မျှော်လင့်နေ

ပခုက္ကူနှင့် ရေစကြိုမြို့နယ်အတွင်း ကမ်းပြိုမှု ကြုံတွေ့နေသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိရေနည်းကာလတွင် သက်ဆိုင်ရာမှ ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် မျှော်လင့်နေ
Published 24 December 2016
သက်ထိန်ဝင်း

ပခုက္ကူ နှင့် ရေစကြိုမြို့နယ်တွင်း ကမ်းပြိုမှု ကြုံတွေ့နေရသည့် ကျေးရွာများမှ ဒေသခံများမှာ လက်ရှိရေနည်းကာလတွင် သက်ဆိုင်ရာမှ ကမ်းပြိုမှု ကာကွယ်ရေး ရေလွဲရေကာတန်းများ လုပ်ဆောင်ပေးရန် မျှော်လင့်နေကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် မြစ်ရေတက်ကာလတွင် ပခုက္ကူမြို့နယ်တွင်းရှိ ကြက်တန်းကုန်း၊ ကျွန်းညိုနှင့် ကျွန်းညိုရွာသစ်တို့တွင် ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျွန်းညိုရွာသစ်ကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် ရွှေ့ပြောင်းမှု ပြုလုပ်ခဲ့ရသည်။
“ရွာစုထားတဲ့ငွေရယ် လွှတ်တော်ကိုယ်စားလှယ်တွေ ချပေးထားတဲ့ ရန်ပုံငွေရယ် စုပေါင်းပြီး ဝါးဖောင်တွေကို ရေကာသဘောမျိုး ချလိုက်ရတယ်။ ဝါးဖောင်တွေ စီချထားတဲ့ နေရာတွေမှာတော့ ကမ်းပြိုတာ အတော်သက်သာသွားတယ်။ ဝါးဖောင်မချနိုင်တဲ့ ရွာအနောက်ဘက်ခြမ်းကတော့ ပြိုတုန်းပဲ။ ကျွန်းညိုရွာသစ်ဆိုရင် ဘာကာကွယ်ရေးမှ မလုပ်နိုင်တော့ ကမ်းတအားပြိုတယ်။ စိုက်မြေကုန်လို့ အိမ်တွေပါ ရွှေ့ရတယ်။ ဒီနှစ်ဆိုရင် အိမ်ရွှေ့ရတာ အတော်များတယ်” ဟု ကြက်တန်းကုန်းကျေးရွာက ဦးပေါ်ကာက ပြောကြားသည်။
ယခုရေနည်းကာလတွင် ကမ်းပြိုမှု ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးမှသာ လာမည့်နှစ် မြစ်ရေတက်ကာလတွင် ကမ်းပြိုမှု သက်သာမည်ဖြစ်ကြောင်း၊ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း မရှိပါက လာမည့်မြစ်ရေတက်ကာလတွင် အိမ်များ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
ရေစကြိုမြို့နယ်တွင်း ချင်းတွင်းမြစ်ကမ်းဘေးနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများတွင်လည်း ကမ်းပြိုမှုများ ကြုံတွေ့နေရပြီး နန်းဦးကျေးရွာနှင့် ဗလဗကျေးရွာတို့တွင် လူနေအိမ်များ ရွှေ့ပြောင်းရသည်ထိ ကမ်းပြို ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံများက ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။
“ရွာမှာက ဒီနှစ်ကမ်းပြိုတာ အတော်ဆိုးတယ်။ ကျွန်တော်တို့ရွာက ချင်းတွင်းနဲ့ ဧရာဝတီဆုံပြီးစီးလာတဲ့ ဧရာဝတီမြစ်မကြီး အောက်ဘက်ဆိုတော့ ကမ်းပြိုတဲ့ ဒဏ်အတော်ခံရတယ်။ ဒီနှစ်အိမ်တွေပါ ရွှေ့ရတယ်။ မီးတိုင်တွေ ရွှေ့ပြောင်းရတယ်။ ရေကာတွေ လုပ်ပေးမှ အဆင်ပြေမယ်။ တချို့အိမ်တွေ့ ရွှေ့တာထားတာ မြေမရှိလို့ ပုံထားရတယ်။ အရင်က ရွာနဲ့ ကမ်းပါးဆိုတာ သုံးမိုင်လောက်ထိ ဝေးခဲ့တယ်” ဟု ရေစကြိုမြို့နယ် ဗလဗရွာမှ ကိုမောင်ကောက်က ပြောကြားသည်။
ရေစကြိုမြို့နယ် နန်းဦးကျေးရွာအနီး ချင်းတွင်းမြစ် ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်နေသော ကမ်းပြိုမှုများ ကာကွယ်ရေး လုပ်ငန်းအတွက် ပြည်ထောင်စုအစိုးရမှ ကျပ်သန်း ၅၀၀ ချထားပေးကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးတင်ဌေးအောင် ပြောကြားချက်အရ သိရသည်။ ကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်သန်း ၅၀၀ အား လာမည့် ၂၀၁၆ -၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ချထားပေးခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူနှင့် ရေစကြိုမြို့နယ် အတွင်းရှိ မြစ်ကမ်းဘေး ကျေးရွာများမှာ နှစ်စဉ်မြစ်ရေတိုက်စားမှုဒဏ် ခံစားရလေ့ ရှိသော်လည်း ယခုနောက်ပိုင်း မြစ်ရေတိုက်စားမှုမှာ ယခင်ထက် ဆိုးရွားစွာ ဖြစ်ပေါ်လာသည့်အတွက် စိုက်ပျိုးမြေများ ဆုံးရှုံးမှုအပြင် လူနေအိမ်များပါ ရွှေ့ပြောင်းလာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

Most Read

Most Recent