ဘာလင်တိုက်ခိုက်မှုအတွက် သံသယရှိသည့် တူနီးရှားလူငယ်အား ဖမ်းဆီးနိုင်ရန် ဂျာမနီက ဆုငွေယူရို ၁၀၀၀၀၀ ထုတ်ပြန်

ဘာလင်တိုက်ခိုက်မှုအတွက် သံသယရှိသည့် တူနီးရှားလူငယ်အား ဖမ်းဆီးနိုင်ရန် ဂျာမနီက ဆုငွေယူရို ၁၀၀၀၀၀ ထုတ်ပြန်
Published 22 December 2016
Ref:AFP

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်တွင် ခရစ္စမတ်ဈေးတန်းအား ကုန်တင်ကားဖြင့် ဝင်တိုက်မှုတွင် သံသယရှိသည့် အသက် ၂၄ နှစ်ရှိ တူနီးရှားလူငယ် အန်နစ်အမ်ရီအား ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူကို ဆုငွေယူရို ၁၀၀၀၀၀ (ဒေါ်လာ ၁၀၄၀၀၀) ပေးမည်ဟု ဥရောပတစ်ဝန်း အကျုံးဝင်သော အလိုရှိစာရင်းကို ဂျာမနီအစိုးရ ရှေ့နေများက ထုတ်ပြန်ခဲ့ပြီး ယင်းသံသယရှိသူသည် အကြမ်းဖက်မှု ပြုလုပ်နိုင်ကြောင်းနှင့် လက်နက်ကိုင်ဆောင် ထားနိုင်ကြောင်းလည်း ယင်းကြေညာချက်တွင် သတိပေးခဲ့သည်။
ခိုလှုံခွင့်တောင်းခံမှု ပယ်ချခံခဲ့ရသော ယင်းလူငယ်သည် အန္တရာယ်ကြီးသော ဂျီဟတ်တစ်ဦး ဖြစ်နိုင်သည့် အလားအလာရှိကြောင်း တာဝန်ရှိသူများက ယခင်ကတည်းက သိရှိထားကြောင်း သတင်းထွက်ပေါ်လာခဲ့ရာ အာဏာပိုင်များသည် ဒီဇင်ဘာ ၂၁ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။ အမ်ရီနှင့် သက်ဆိုင်သည်ဟု ယူဆရသော ခိုလှုံခွင့်တောင်းခံသည့်ရုံးမှ စာရွက်စာတမ်းများကို ဘာလင်တွင် ဒီဇင်ဘာ ၁၉ ရက်က လူအုပ်ကြီးထံ ဝင်တိုက်ခဲ့သည့် တန်ချိန် ၄၀ ရှိကုန်တင်ကား၏ အရှေ့ခန်းထဲတွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။
ဂျာမနီအနောက်ပိုင်း Emmerich မြို့တွင် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အမ်ရီနေထိုင်ခဲ့သည့် ဒုက္ခသည်စင်တာတစ်ခုနှင့် ဘာလင်ရှိ တိုက်ခန်းနှစ်ခန်းတို့ကိုလည်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ရှာဖွေခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ သို့သော် လုံခြုံရေးအေဂျင်စီ အများအပြား၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသော်လည်း ယင်းသံသယရှိသူသည် ဖမ်းဆီးမှုနှင့် နေရပ်ပြန်ပို့မှုတို့အား မည်သို့ရှောင်လွဲှနိုင်ခဲ့ကြောင်းနှင့် ပတ်သက်၍ မေးခွန်းများမြင့်တက်ခဲ့သည်။
ကုန်တင်ကားဖြင့် ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ပါကစ္စတန် သံသယရှိသူကိုသာ အာရုံစိုက်ပြီး အချိန်ဖြုန်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် ယင်းလူသည် မှားယွင်းစွာ သံသယရှိခံခဲ့ရခြင်း ဖြစ်ကြောင်း နေ့စဉ်သတင်းစာ Sueddeutsche Zeitung ကဝေဖန်ရေးသားခဲ့သည်။ အမ်ရီအား အဓိကသံသယရှိသူအဖြစ် သတ်မှတ်ရန် ဖက်ဒရယ် ရဲတပ်ဖွဲ့သည် အချိန်ကြာခဲ့ကြောင်း ယင်းသတင်းစာက ရေးသားခဲ့သည်။
အမ်ရီနှင့်ပတ်သက်သော သတင်းအချက်အလက်များအား ပြီးခဲ့သောနိုဝင်ဘာအထိ အကြမ်းဖက်မှု တန်ပြန်ရေး တာဝန်ရှိသူများအကြား အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း၊ ဂျာမနီအား တိုက်ခိုက်မည့် ဆိုးရွားသော အကြမ်းဖက်မှုလုပ်ရပ်ကို ကျူးလွန်ရန် ၎င်းက ကြိုတင်ပြင်ဆင်နေသည်ဟု သံသယရှိမှုဖြင့် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း North Rhine-Westphalia ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး Ralf Jaeger ကပြောကြားခဲ့သည်။ အမ်ရီသည် တိုက်ခိုက်မှုတွင် အသုံးပြုနိုင်ခြေရှိသည့် မောင်းပြန်သေနတ်များ ဝယ်ရန်အတွက် ငွေရရှိရန် ဖောက်ထွင်းမှုပြုလုပ်ရန် စီစဉ်နေသည်ဟု သံသယရှိခဲ့ကြောင်း ဘာလင်အစိုးရ ရှေ့နေများက သီးခြား ထုတ်ပြန်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သောမတ်မှ စက်တင်ဘာအထိ ၎င်းအား စောင့်ကြည့်ခဲ့သော်လည်း မူးယစ်ဆေးအနည်းငယ် မှောင်ခိုကူးသူ တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ရသည်မှလွဲ၍ ၎င်းကြံစည်နေမှုနှင့် ပတ်သက်၍ ခိုင်လုံသော အထောက်အထားများ မတွေ့သဖြင့် စောင့်ကြည့်မှုအား ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အမ်ရီသည် ၂၀၁၁ ခုနှစ် လူထုအုံကြွမှု ဖြစ်ပွားခဲ့ပြီးနောက် တူနီးရှားမှ ထွက်ခွာခဲ့ပြီး အီတလီတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ကြောင်း တူနီးရှား လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ၎င်းသည် အီတလီတွင် စာသင်ကျောင်းအား မီးရှို့ခဲ့မှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း အီတလီမီဒီယာက ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင်တွင် ဂျာမနီသို့ ရောက်ရှိခဲ့သော်လည်း အမ်ရီသည် ယခုနှစ်ဇွန်တွင် ခိုလှုံခွင့်တောင်းခံမှု ပယ်ချခံခဲ့ရသည်။ သို့သော် ၎င်းအား နေရပ်ပြန်ပို့မည့်ကိစ္စသည် တူနီးရှားက ၎င်းသည် နိုင်ငံသားမဟုတ်ဟု ကာလရှည်ကြာ ငြင်းဆန်ခဲ့ခြင်းကြောင့် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။              

Most Read

Most Recent