စံချိန်တင် ကာကွယ်ရေး ဘတ်ဂျက်ကို ဂျပန်အစိုးရအဖွဲ့က သဘောတူခွင့်ပြု

စံချိန်တင် ကာကွယ်ရေး ဘတ်ဂျက်ကို ဂျပန်အစိုးရအဖွဲ့က သဘောတူခွင့်ပြု
Published 22 December 2016
Ref:AFP

မြောက်ကိုရီးယား၏  နျူကလီးယားနှင့် ဒုံးပျံအန္တရာယ်၊ တရုတ်နှင့် နယ်မြေပိုင်နက် အငြင်းပွားမှုတို့ကို ရင်ဆိုင်နေရချိန်တွင် ဂျပန်၏ စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် သဘောတူခွင့်ပြုပေးခဲ့သည်။ ဒုံးပျံကာကွယ်ရေး စနစ်များ အဆင့်မြှင့်တင်မှု၊ အဆင့်မြင့် ရေငုပ်သင်္ဘောများ တည်ဆောက်မှုတို့အတွက် အသုံးစရိတ် အပါအဝင် ငါးနှစ်ဆက်တိုက် တိုးမြှင့်ထားခဲ့သော ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၄၃ ဒသမ ၆ ဘီလျံကို အစိုးရအဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။
ဧပြီတွင်စတင်မည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်သည် လက်ရှိဘဏ္ဍာနှစ်ထက် ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကာကွယ်ရေး အသုံးစရိတ်ကို ငါးနှစ်ဆက်တိုက် မြှင့်တင်ခဲ့ခြင်းက ဂျပန်စစ်တပ်ကို တည်ဆောက်ရန် အာဘေး၏ ကြိုးပမ်းမှုအား ထင်ဟပ်စေခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးနေသော အာဘေးသည် ယခုနှစ်တွင် စတင်အာဏာသက်ဝင်မည့် လုံခြုံရေး ဥပဒေသစ်များကို ထောက်ခံထားသည်။ ယင်းဥပဒေသစ်များအရ ဂျပန်၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဖရိကတွင် သွားရောက် တိုက်ပွဲဝင်ရန် ဖြစ်လာနိုင်သည်။ မကြာသေးခင်က အသုံးစရိတ် မြှင့်တင်မှုများ ရှိသည့်တိုင်အောင် ဂျပန်တွင် ကာကွယ်ရေး အသုံးစရိတ်သည် ဂျီဒီပီ၏ တစ်ရာခိုင်နှုန်းအောက်၌ ရှိနေသည်မှာ ဆယ်စုနှစ်နှစ်ခုကျော် ကြာရှိခဲ့ပြီဖြစ်သည်။ ထို့ပြင် ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်သည် အင်အားကြီး ကမ္ဘာ့နိုင်ငံများအကြားတွင် အနိမ့်ဆုံး စာရင်းဝင်လည်းဖြစ်သည်။ တရုတ်က ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲပြီး ဂျပန်၏ အသုံးစရိတ်ထက် ငါးဆကျော်ပိုများကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသိပ္ပံက ဆိုသည်။ အမေရိကန်သည် ကမ္ဘာတွင် ကာကွယ်ရေး အသုံးစရိတ် အများဆုံးသုံးစွဲပြီး ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၆၀၀ ဘီလျံနီးပါး သုံးစွဲခဲ့သည်။ ထိုပမာဏသည် ဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့်ရှိသည်။            

Most Read

Most Recent