ကမ္ဘာ့အဝဆုံး မက္ကဆီကို အမျိုးသားက ကိုယ်အလေးချိန် ထက်ဝက်လျှော့ချမည်

ကမ္ဘာ့အဝဆုံး မက္ကဆီကို အမျိုးသားက ကိုယ်အလေးချိန် ထက်ဝက်လျှော့ချမည်
Published 22 December 2016

ကမ္ဘာ့အဝဆုံးပုဂ္ဂိုလ် ဖြစ်သည်ဟု ယုံကြည်ရသော မက္ကဆီကို အမျိုးသား တစ်ဦးသည် လာမည့်နှစ်သစ်တွင် ကိုယ်အလေးချိန် လျှော့ချရန် ရည်ရွယ်သည့် အစာလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှု ပြုလုပ်ရန် စီစဉ်နေပြီး ၎င်း၏ကိုယ်အလေးချိန် ကီလို ၅၉၀ (ပေါင် ၁၃၀၀) အား ထက်ဝက်လျှော့ချရန် ရည်ရွယ်ထားကြောင်း ၎င်း၏ဆရာဝန်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဟွမ်ပက်ဒရိုဟု လူသိများသော ယင်းအမျိုးသားသည် ဆီးချို၊ သွေးတိုးနှင့် နာတာရှည် အဆုတ်ရောဂါများ ခံစားနေရပြီး ၎င်း၏ ကျန်းမာရေးဆိုင်ရာ အသက်အန္တရာယ်အား လျှော့ချနိုင်ရန်အတွက် ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချရန် လိုအပ်နေကြောင်း ဆရာဝန် ဟိုဆေးကက်စတန်နီဒါခရုဇ်က ပြောကြားခဲ့သည်။ မိသားစုအမည်အား မီဒီယာထံ မထုတ်ပြန်ခဲ့သော ယင်းအမျိုးသားသည် ခွဲစိတ်ကုသမှုခံယူရန် ပြင်ဆင်စရာ ရှိသည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်း၏ကျန်းမာရေးဆိုင်ရာ အသက်အန္တရာယ် စိုးရိမ်ရမှုများကြောင့် ခွဲစိတ်ကုသမှုအား ခြောက်လခြား၍ နှစ်ပိုင်းပြုလုပ် သွားမည်ဖြစ်ကြောင်း ကက်စတန်နီဒါက သတင်းထောက်များအား ပြောကြားခဲ့သည်။ ခွဲစိတ်ကုသမှု ပထမအဆင့်တွင် ခွဲစိတ်ဆရာဝန်များသည် လူနာဝမ်းဗိုက်၏ လေးပုံသုံးပုံကျော်အား ဖယ်ရှားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအပိုင်းတွင် လူနာသည် ဗိုက်ပြည့်နေပြီဟူသော ခံစားချက်ရရှိစေရန် ၎င်း၏ကျန်ရှိသည့် ဝမ်းဗိုက်အား တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မည် ဖြစ်ကြောင်း သိရသည်။ ဟွမ်ပက်ဒရိုသည် အူခွဲစိတ်ကုသမှုကိုလည်း ခံယူရမည်ဖြစ်ကြောင်း ၎င်း၏ဆရာဝန်က ပြောကြားခဲ့သည်။
ခွဲစိတ်ကုသမှု ပထမခြောက်လအတွင်း ဆရာဝန်က ပက်ဒရို၏ ကိုယ်အလေးချိန် ၅၉ ကီလိုအား လျှော့ချလိုပြီး ဆီးချိုနှင့်ဆက်နွှယ်သော ကင်ဆာဖြစ်ပွားနိုင်မှု အန္တရာယ်အား ၅၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသက် ၃၂ နှစ်ရှိ ပက်ဒရိုသည် ပထမဆုံး ခွဲစိတ်ကုသမှုအပြီး ခြောက်လခန့်အတွင်း ၎င်း၏ကိုယ်အလေးချိန် ထက်ဝက်ခန့်အား လျှော့ချရန် အခွင့်အလမ်းကောင်းရှိကြောင်း ၎င်း၏ဆေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ တဖြည်းဖြည်းချင်း သို့သော် ရည်မှန်းချက် ပြည့်မည်ဖြစ်ကြောင်း ဟွမ်ပက်ဒရိုက ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent