ဂျပန်သည် ကိုယ်ဝန်ဆောင် မလိုလားသော ဆီးရီးယား ဒုက္ခသည်လက်ခံရေး စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်ခံနေရ

ဂျပန်သည် ကိုယ်ဝန်ဆောင် မလိုလားသော ဆီးရီးယား ဒုက္ခသည်လက်ခံရေး စီမံကိန်းနှင့် ပတ်သက်၍ ဝေဖန်ခံနေရ
Published 21 December 2016
Ref:AFP

ပြည်တွင်းစစ်ဖြစ်နေသော ဆီးရီးယားနိုင်ငံမှ ဒုက္ခသည် အနည်းငယ်ကိုသာ လက်ခံရန် ရည်ရွယ်ထားသည့် ဂျပန်သည် ကိုယ်ဝန်ဆောင် ဒုက္ခသည်များကို လက်မခံကြောင်း သွယ်ဝိုက် ရည်ညွှန်းခဲ့ပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ရွှေ့ပြောင်း အခြေချသူများကို မလိုလားသည့် လူဦးရေ ၁၂၇ သန်း နေထိုင်သော ဂျပန်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှစ၍ ငါးနှစ်အတွင်း ဆီးရီးယားကျောင်းသား ၁၅၀ နှင့်အထက်ကို လက်ခံပေးသွားမည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဇွန်လတွင် ကြေညာခဲ့သည်။ ထိုပမာဏသည် အခြားနိုင်ငံများက လက်ခံသည့် ဆီးရီးယား ဒုက္ခသည်ပမာဏနှင့် နှိုင်းယှဉ်ပါက အလွန်ကွာဟနေသည်။ လူဦးရေ ၅ ဒသမ ၁သန်းသာ နေထိုင်သည့် နော်ဝေနိုင်ငံပင် ဆီးရီးယား ၉၀၀၀ ခန့်ကိုလက်ခံမည်ဟု ကတိပြုထားသည်။
အာဘေးသည် စက်တင်ဘာလက အမေရိကန်သမ္မတ အိုဘားမား ဦးစီးပြုလုပ်သည့် ဒေသတွင်းဒုက္ခသည် ထိပ်သီးအစည်းအဝေး တစ်ခုတွင်မူ လက်ခံမည့် ကျောင်းသားများ၏ မိသားစုများကိုပါ လက်ခံနိုင်ရန် ပြင်ဆင်ထားသည်ဟု ထပ်မံပြောကြားခဲ့သည်။ သို့သော် ဂျပန်နိုင်ငံဆိုင်ရာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဂျပန်၏ ဒုက္ခသည်စီမံကိန်းသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို လက်မခံဟု ရည်ညွှန်းနေသဖြင့် စိုးရိမ်မိသည်ဟု ဆိုသည်။
“ဆီးရီးယား ဒုက္ခသည်များ၏ အနာဂတ်အတွက် ဂျပန်၏ ပဏာမခြေလှမ်း” ဟုအမည်ပေးထားသော စီမံကိန်းတွင် လျှောက်ထားမည့်သူများအတွက် သတ်မှတ်ချက်အချို့ ပါဝင်နေသည်။ မူလကသတ်မှတ်ချက်တွင် ‘ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဒုက္ခသည်အဖြစ် လျှောက်ထားရန် ထောက်ခံမည်မဟုတ်”ဟုဖော်ပြခဲ့ကြောင်း ထိုဒုက္ခသည် စီမံကိန်းကို ကြီးကြပ်ရသော လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဂျပန်အစိုးရ နိုင်ငံတကာ ပူးပေါင်းရေးအေဂျင်စီ (JICA) ကထုတ်ပြန်ခဲ့သည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် အခြားအဖွဲ့များက စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီးနောက် “ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဒုက္ခသည်အဖြစ် မလျှောက်ထားမီတွင် မိခင်နှင့် သန္ဓေသားကျန်းမာရေးအတွက် ဖြစ်ပေါ်လာမည့် အန္တရာယ်တို့ကို သေချာစွာစဉ်းစားရန် အကြံပေးလိုသည်”ဟုပြောင်းလဲခဲ့သည်။ ဂျပန်ဒုက္ခသည် အစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ချို့တဲ့သူများကို ကယ်ဆယ်ရန်မဟုတ်ဘဲ ဆီးရီးယား ပြန်လည်တည်ဆောက်ရေးအတွက် ပညာသင်ကြားပေးရန်ဟု JICA မှဆိုခဲ့သည်။
ဂျပန်သည် ၎င်း၏စီးပွားရေးနှင့် လူဦးရေအချိုးအစားအရ ဆီးရီးယား ၅၀၀၀၀ ခန့်ကို လက်ခံသင့်သည်ဟု မတ်လက ဗြိတိန်ပရဟိတအဖွဲ့ Oxfam ကထုတ်ပြန်ခဲ့သည်။ ဂျပန်သည် ယခင်နှစ်က ၎င်းနိုင်ငံထဲတွင် ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ရန် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ လျှောက်ထားသူ ၇၅၀၀ အနက် ဆီးရီးယားသုံးဦး အပါအဝင် ၂၇ ဦးကိုသာ လက်ခံခဲ့သည်။             

Most Read

Most Recent