ဘာလင်တွင် ခရစ်စမတ်ဈေးတန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ဥရောပတစ်ဝန်း၌ လုံခြုံရေးတိုးမြှင့်

ဘာလင်တွင် ခရစ်စမတ်ဈေးတန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ဥရောပတစ်ဝန်း၌ လုံခြုံရေးတိုးမြှင့်
ဒီဇင်ဘာ ၂၀ ရက်က ဘရပ်ဆဲရှိ ခရစ်စမတ်ဈေးတစ်ခုတွင် ကင်းလှည့်နေသည့် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (Photo: AFP)
ဒီဇင်ဘာ ၂၀ ရက်က ဘရပ်ဆဲရှိ ခရစ်စမတ်ဈေးတစ်ခုတွင် ကင်းလှည့်နေသည့် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး (Photo: AFP)
Published 21 December 2016
Ref: AFP

ဂျာမနီနိုင်ငံ ဘာလင်တွင် ခရစ်စမတ်ဈေးတန်းတစ်ခုအား ကုန်တင်ကားတစ်စီးက ဖြတ်၍ ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပြီး အားလပ်ရက်ရာသီ စတင်ချိန်တွင် လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာချိန်၌ ဥရောပတစ်ဝန်းရှိ ခရစ်စမတ်ဈေးများတွင် လုံခြုံရေးတိုးမြှင့်ခဲ့ကြောင်း သိရသည်။ ဂျာမနီမြို့တော်တွင် ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုသည် အထူးသဖြင့် ပြီးခဲ့သော နှစ်နှစ်အတွင်း ဥရောပ၌ ဖြစ်ပွားခဲ့သည့် ဆိုးရွားသော အကြမ်းဖက်တိုက်ခိုက်မှုများ၏ဒဏ်ကို ခံစားခဲ့ရသော ပြင်သစ်ကို အမှတ်ရစေခဲ့သည်။
ခရစ်စမတ်ဈေးတန်းရှိ လူအုပ်ထဲသို့ ကုန်တင်ကားဖြင့် ဝင်တိုက်မှုအား မျက်မြင်ကြုံခဲ့ရသူများသည် ပြီးခဲ့သော ဇူလိုင်တွင် ပြင်သစ်နိုင်ငံ နိစ်မြို့၌ အမျိုးသားနေ့ အခမ်းအနားဆင်နွှဲနေသည့် လူအုပ်ကြီးထံ အစ္စလာမ္မစ်တစ်ဦးက ကုန်တင်ကားဖြင့် ဝင်တိုက်ခဲ့မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုမြင်ကွင်းများအား စိတ်ထဲတွင် ချက်ချင်း မြင်ယောင်မိစေခဲ့သည်။
ပြင်သစ်နိုင်ငံအရှေ့ပိုင်း စထရာဘိုးဂ်မြို့ရှိ ထင်ရှားသော ခရစ်စမတ်ဈေးတန်းသည် အထူးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နှစ်နှင့်ချီ စိုးရိမ်စရာဖြစ်စေခဲ့ပြီး ပြီးခဲ့သောနှစ် အနည်းငယ်အတွင်း ယင်းမြို့ထဲမှ  ဂျီဟတ်အဖွဲ့နှစ်ဖွဲ့ထက်မနည်းအား နှိမ်နင်းနိုင်ခဲ့ကြောင်း သိရသည်။ မကြာသေးမီက ပြင်သစ်ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည့် ဘရူနိုလေရိုးက ယင်းဈေးတန်းသို့ ဒီဇင်ဘာ ၂၀ ရက်တွင် သွားရောက်ခဲ့ပြီး တာဝန်ရှိသူများသည် နယ်နိမိတ်ပိုင်နက်နှင့် ပြည်သူများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးသွားမည် ဖြစ်ကြောင်း Europe1 အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။
စထရာဘိုးဂ်တွင် ဘာလင်တိုက်ခိုက်မှု မတိုင်ခင်ကပင် လုံခြုံရေးတင်းကျပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် ခရစ်စမတ်ဈေးတန်း တည်ရှိသော ယင်းမြို့၏ အဓိကကျွန်းစုသို့ ဝင်ပေါက်များ၌ အရံအတားများ ချထားခဲ့သည်။ လုံခြုံရေးများက အိတ်များ စစ်ဆေးခြင်းနှင့် ပုဂ္ဂလိကလုံခြုံရေးများက လူအုပ်ထဲတွင် စောင့်ကြည့်ခြင်း ပြုလုပ်ခဲ့ကြသည်။
ပါရီတွင် လူသိများသော ရှောင်အလစ်ဇေးရိပ်သာလမ်းတစ်လျှောက် တည်ရှိသည့် ကြီးမားသော ခရစ်စမတ်ဈေးတန်းသည် ပြီးခဲ့သည့်နိုဝင်ဘာတွင် ဖမ်းဆီးခံခဲ့ရသည့် ဂျီဟတ်ဟု သံသယရှိသူခြောက်ဦးအဖွဲ့၏ ပစ်မှတ်ဖြစ်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ ဘာလင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၀ ရက်တွင် ယင်းဈေးတန်းသို့ သွားရောက်သော လူသွားလမ်းများတွင် ပေါက်ကွဲမှုဒဏ်ခံနိုင်သော ကွန်ကရိတုံးများအား ပို၍ ချထားခဲ့ပြီး ယာဉ်သွားသည့်အခြမ်းကို သံမဏိအရံအတားများဖြင့် ခြားထားခဲ့သည်။
ခရစ်စမတ်ဈေးပွဲတန်းအတွက် အစဉ်အလာဇာတိဖြစ်သော သြစတြီးယားတွင် ယင်းဈေးတန်းရှိသော နေရာများတစ်ဝိုက်တွင် လုံခြုံရေးများ တိုးမြှင့်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဗြိတိန်တွင် နိုင်ငံအလယ်ပိုင်းရှိ ဘာမင်ဂမ်မြို့၌ ဂျာမနီ သို့မဟုတ် သြစတြီးယားပြင်ပရှိ အကြီးမားဆုံး ဂျာမန်ခရစ်စမတ်ဈေးတန်းဟု သတ်မှတ်ခံထားရသော နေရာအနီး ယခုလအစောပိုင်းတွင် ကွန်ကရိတုံးများ ချထားခဲ့ကြောင်း သိရသည်။ ဘာလင်တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ကုန်တင်ကား ခိုးယူခံခဲ့ရသည့် နေရာဖြစ်သော ပိုလန်တွင် ဘူတာရုံနှင့် ဈေးဝယ်စင်တာများကဲ့သို့ အရေးကြီးသောနေရာများတွင် ရဲများ ကင်းလှည့်မှုကို တိုးချဲ့သွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဥရောပတွင် တိုက်ခိုက်မှုများစွာအား စတင်စီစဉ်သည့် နေရာတစ်ခုဖြစ်သော ဘယ်ဂျီယမ်တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေရှိသည့် သတိပေးတပ်လှန့်မှု ထုတ်ပြန်ထားသည်။

Most Read

Most Recent