အင်ဒိုနီးရှားတွင် ခရစ်စမတ်ကာလ ဗုံးခွဲမည့်အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ပြီး စစ်သွေးကြွသုံးဦး သေဆုံး

အင်ဒိုနီးရှားတွင် ခရစ်စမတ်ကာလ ဗုံးခွဲမည့်အစီအစဉ်ကို ဟန့်တားနိုင်ခဲ့ပြီး စစ်သွေးကြွသုံးဦး သေဆုံး
Published 21 December 2016
Ref:AFP

အင်ဒိုနီးရှားရဲများက ဒီဇင်ဘာ ၂၁ ရက်တွင် စစ်သွေးကြွဟု သံသယရှိသူသုံးဦးအား သတ်ဖြတ်နိုင်ခဲ့ပြီး ခရစ်စမတ်ကာလတွင် အသေခံဗုံးခွဲမည့် ၎င်းတို့၏အစီအစဉ်များအား ဟန့်တားနိုင်ခဲ့ကာ ဗုံးများကိုလည်း သိမ်းဆည်းမိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်ဂျကာတာ အပြင်ဘက် ၂၅ ကီလိုမီတာအကွာ ဆောက်တန်ဂျာရန်ရှိ အိမ်တစ်အိမ်တွင် စစ်သွေးကြွများဟု ယူဆရသူများက ရဲများအား စတင်ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရက်ဝမ်တိုက ဆိုခဲ့သည်။
ယင်းအမျိုးသားသုံးဦးအား အညံ့ခံရန် အမိန့်ပေးသော်လည်း မနာခံဘဲတစ်ဦးက ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ သို့သော်ယင်းဗုံးမှာ မပေါက်ခဲ့ဘဲရဲများက ၎င်းတို့အား ချေမှုန်းနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းအဖွဲ့သည် ခရစ်စမတ်ကာလအတွင်း ရဲစခန်းတစ်ခုတွင် ရဲတစ်ဦးအား ဓားဖြင့်ထိုးမည်ဖြစ်ပြီး လူများစုဝေးလာစဉ် အသေခံဗုံးခွဲရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မည့် အစီအစဉ်အား ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရသော ယင်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ဝန်ခံခဲ့ခြင်းဖြစ်ပြီး ၎င်း၏သတင်းပေးမှုအရ ယင်းစစ်သွေးကြွသုံးဦး ပုန်းအောင်းသည့်နေရာကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဂျကာတာအရှေ့ဘက်ရှိ ဘီကာဆီတွင် အမျိုးသမီးအသေခံဗုံးခွဲသူ တစ်ဦးအပါအဝင် အစ္စလာမ္မစ်စစ်သွေးကြွ လေးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်မပြည့်မီ ယင်းစီးနင်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖမ်းဆီးခံခဲ့ရသူများသည် သမ္မတနန်းတော်ရှိ လုံခြုံရေးဂိတ်တစ်ခုအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခုစီးနင်းမှုအတွင်း သေဆုံးခဲ့သူများသည် ဘီကာဆီအဖွဲ့နှင့် ဆက်နွှယ်မှုရှိသည်ဟု ရက်ဝမ်တိုက ပြောကြားခဲ့သည်။           

Most Read

Most Recent