ဘာလင်တွင် ခရစ်စမတ်ဈေးတန်းအား ကုန်တင်ကားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံးခဲ့မှု ဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ဖွယ်ရှိကြောင်း ဂျာမန်ရဲတပ်ဖွဲ့ ပြောကြား

ဘာလင်တွင် ခရစ်စမတ်ဈေးတန်းအား ကုန်တင်ကားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံးခဲ့မှု ဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ဖွယ်ရှိကြောင်း ဂျာမန်ရဲတပ်ဖွဲ့ ပြောကြား
Published 20 December 2016

လူများ ပြည့်သိပ်နေသော ဘာလင်ရှိ ခရစ်စမတ်ဈေးတန်းအား ကုန်တင်ကားဖြင့် ဝင်တိုးခဲ့မှုကြောင့် ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ဖွယ်ရှိကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်နှောင်းပိုင်းက ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုတွင် ကုန်တင်ကားက လူအုပ်ကို ထိုးခွဲခဲ့ပြီး သစ်သားဆိုင်ခန်းများကို ဝင်တိုက်ခဲ့ပြီးနောက် လူဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ ဘာလင်တွင် ကုန်တင်ကားဖြင့် တိုက်ခိုက်မှုဖြစ်ရပ်က ပြင်သစ်၏ နိစ်မြို့တွင် ဇူလိုင်လကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကို ပြန်ပြောင်းအမှတ်ရစေခဲ့သည်။
သံမဏိရက်မများ အပြည့် တင်ဆောင်လာသော ကုန်တင်ကားဖြင့် လူအုပ်ကို တမင် ဝင်တိုက်ခိုက်ခဲ့သည်ဟု ယုံကြည်ရသော ယာဉ်မောင်း အမျိုးသားအား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဂျာမနီမြို့တော် ဘာလင်၏ အထိမ်းအမှတ် တစ်ခုဖြစ်သော ကိုင်ဇာဝီလျံ အောက်မေ့ဖွယ် ဘုရားကျောင်း အနီး ခရီးသွားများ စည်ကားနေသော ဈေးတန်းအား ကားဖြင့် ဝင်တိုက်ခဲ့သူသည် အာဖဂန်နစ္စတန် သို့မဟုတ် ပါကစ္စတန်မှ ဂျာမနီသို့ ဖေဖော်ဝါရီလတွင် ရောက်ရှိခဲ့သော ရွှေ့ပြောင်းအခြေချ ဒုက္ခသည် တစ်ဦးဖြစ်ကြောင်း လုံခြုံရေး သတင်းများကို ကိုးကားပြီး DPA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ကုန်တင်ကား၏ မှတ်ပုံတင်ထားသူ ယာဉ်မောင်းသည် ပိုလန်အမျိုးသားတစ်ဦး ဖြစ်ပြီး ခရီးသည်ထိုင်ခုံတွင် သေလျက်ရှိနေသည်ကို တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ခရစ်စမတ်မတိုင်မီ တစ်ပတ်အလိုတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတွင် ကုန်တင်ကားသည် ကိုက် ၈၀ အထိ ထိုးခွဲသွားခဲ့ပြီး ၄၈ ဦးကို ဒဏ်ရာရရှိစေခဲ့သည်။
“ဒါဟာ တိုက်ခိုက်မှု ဆိုတာကို ညွှန်ပြနေတဲ့ အချက်တွေ အများကြီး ရှိနေပေမယ့် တိုက်ခိုက်မှုဆိုတဲ့ စကားလုံးကို ကျွန်တော် မသုံးချင်ပါဘူး” ဟု ပြည်ထဲရေးဝန်ကြီးသော မတ်ဒီမိုင်ဇာရီက ပြောကြားခဲ့သည်။
ကုန်တင်ကားဖြင့် တိုက်ခိုက်မှု၌ အသက်ရှင် ကျန်ရစ်သူ တစ်ဦးဖြစ်သော သြစတြေးလျသူ ထရီရှာအိုနေးက ကုန်တင်ကားသည် ဈေးတန်းကို အရှိန်ဖြင့် ဝင်တိုက်ချိန်တွင် မီတာအနည်းငယ် အကွာ၌ ရှိနေခဲ့ပြီး အထိတ်တလန့် အော်ဟစ်သံများကို ကြားခဲ့ရကြောင်း၊ “ပြီးတော့ အားလုံး ကြက်သေသေသွားခဲ့ကြတယ်။ ရုတ်တရက်ပဲ လူတွေ စလှုပ်ရှားခဲ့ကြပြီး အပျက်အစီးတွေကို-မ၊ ရှိတဲ့လူတွေကို ကယ်ဖို့ ကြိုးပမ်းခဲ့ကြတယ်” ဟု သြစတြေးလျ အသံလွှင့် ကော်ပိုရေးရှင်း (ABC) သို့ ပြောကြားခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က အလျင်အမြန်ပင် တုံ့ပြန်ခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရသူများကို ကူညီနိုင်မည်ဟု မျှော်လင့်ကြောင်း Twitter တွင် ရေးသားခဲ့သည်။ ကုန်တင်ကားကို မောင်းနှင်ခဲ့သူသည် အသေးစား ရာဇဝတ်မှုများအတွက် ရဲတပ်ဖွဲ့ထံ ရောက်ခဲ့ဖူးသူဖြစ်ပြီး အကြမ်းဖက်မှုနှင့် ဆက်နွှယ်မှု မရှိကြောင်း ဂျာမနီ နေ့စဉ်သတင်းစာ Tagesspiegel က ပြောကြားခဲ့သည်။ ယာဉ်၏ ပိုင်ရှင်ဖြစ်သူ ပိုလန်သားက ယာဉ်မောင်း ပျောက်ဆုံးနေကြောင်းကို နောက်ပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ခရစ်စမတ်ဈေးတန်းများသည် ဂျာမနီ နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ခေတ်စားပြီး အကြမ်းဖက် တိုက်ခိုက်မှုအတွက် ပစ်မှတ်ဖြစ်နိုင်ကြောင်း လုံခြုံရေး အေဂျင်စီများက မကြာခဏ သတိပေးထားခဲ့သည်။ ပါရီနှင့် ဘရပ်ဆဲလ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဥရောပသည် ၂၀၁၆ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် သတိပေး တပ်လှန့်မှု အမြင့်ဆုံး အနေအထား၌ ရှိနေခဲ့သည်။
ဂျာမနီသည် ခိုလှုံခွင့်ရရန် ကြိုးပမ်းသူများက တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြပြီး IS တို့က ၎င်းတို့ လက်ချက်ဟု ပြောကြားခဲ့သည့် တိုက်ခိုက်မှုများ အကြိမ်ကြိမ် ကြုံခဲ့ရသည်။ ဖေဖော်ဝါရီလတွင် ဂျာမန်-မော်ရိုကို မိန်းကလေးတစ်ဦးက ရဲကို ဓားဖြင့်ထိုးခဲ့ပြီး ဇူလိုင်လတွင် တောင်ပိုင်း ဘာဘေးရီးယားရှိ ရထားတစ်စင်းပေါ်တွင် ပုဆိန်ဖြင့် တိုက်ခိုက်မှုကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ခြောက်ရက်အကြာတွင် ယင်းပြည်နယ်၌ပင် အသေခံဗုံးခွဲမှုကြောင့် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
Ref: AFP

Most Read

Most Recent