မြောက်ကိုရီးယားမှ ဘက်ပြောင်းလာသော ထိပ်တန်းပုဂ္ဂိုလ်က ထိတ်လန့်စက်ဆုပ်ဖွယ် အရှိတရားကို ဖွင့်ချမည်ဟု ကတိပြု

မြောက်ကိုရီးယားမှ ဘက်ပြောင်းလာသော ထိပ်တန်းပုဂ္ဂိုလ်က ထိတ်လန့်စက်ဆုပ်ဖွယ် အရှိတရားကို ဖွင့်ချမည်ဟု ကတိပြု
Published 20 December 2016

တောင်ကိုရီးယားသို့ မကြာသေးမီက ဘက်ပြောင်းခိုလှုံလာသော မြောက်ကိုရီးယား ထိပ်တန်းသံတမန် သေယောင်ဟိုက ဒီဇင်ဘာ ၁၉ ရက်တွင် မြောက်ကိုရီးယား အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖွင့်ချမည်ဟု ကတိပြုလျက် အခြားသူများအားလည်း လွတ်မြောက်ရေး ထွက်ပြေးကြရန် တိုက်တွန်းလိုက်သည်။
ဆိုးလ်မြို့တွင် သေယောင်ဟိုနှင့် တွေ့ဆုံခဲ့သော တောင်ကိုရီးယား ဥပဒေပြု အမတ်များက သေယောင်ဟိုသည် တောင်ကိုရီးယားသို့ ဘက်ပြောင်းလာရခြင်း အကြောင်းရင်းများကို ဖွင့်ပြောခဲ့ပြီး မြောက်ကိုရီးယားရှိ အကြီးတန်းအရာရှိများ၏ မရေမရာဘဝများနှင့် သာမန်ကိုရီးယား ပြည်သူများ၏ အသက် ရှင်သန်နိုင်အောင် လုပ်ဆောင်ရသည့် နည်းလမ်းများကို သက်သေခံထွက်ဆိုခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
သေယောင်ဟိုသည် ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံမှူးအဖြစ် လန်ဒန်မြို့တွင် နေထိုင်ခဲ့ပြီးနောက် သြဂုတ်လတွင် သူ၏ဇနီး၊ သားနှစ်ဦးတို့နှင့်အတူ တောင်ကိုရီးယားသို့ ထွက်ပြေးလာခြင်းဖြစ်ပြီး ဘက်ပြောင်းလာသော သံတမန်များအနက် ရာထူးအမြင့်ဆုံး လူတစ်ဦးဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားအစိုးရ မီဒီယာက သေယောင်ဟိုကို ‘ဆန်ကုန်မြေလေးလူတစ်ဦး’ ဟု ရှုတ်ချခဲ့ပြီး သူသည် နိုင်ငံတော်ငွေများကို အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ အားနည်းသူတစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်းနှင့် ငွေကြေး ရရှိရန် တောင်ကိုရီးယားအတွက် သူလျှိုလုပ်ပေးခဲ့ကြောင်း စွပ်စွဲခဲ့သည်။
သေယောင်ဟိုက သူသည် ကင်ဂျုံအွန်၏ လက်အောက်တွင် မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ထိတ်လန့်စက်ဆုပ်ဖွယ် အရှိတရားအား ပို၍ပို၍သတိပြုမိလာပြီး ဘက်ပြောင်းခြင်းကသာ တစ်ခုတည်းသော ရွေးစရာလမ်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောပြခဲ့သည်ဟု တောင်ကိုရီးယားဥပဒေပြုအမတ် လီချောင်ဝူးက ပြောကြားခဲ့သည်။
သေယောင်ဟိုက မြောက်ကိုရီးယား ပြည်သူများ ဖိနှိပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုမှ လွတ်မြောက်ရေးအတွက် ဘဝတစ်ခုလုံး မြှုပ်နှံလုပ်ကိုင်သွားမည်ဟု ကတိပြုခဲ့ကြောင်း လီချောင်ဝူးက ယွန်ဟပ်သတင်းစာသို့ ပြောကြားခဲ့သည်။
“ကျွန်တော်ရဲ့ ကိုယ်ပိုင်လုံခြုံရေး ခြိမ်းခြောက်ခံရမယ်ဆိုရင်တောင် အများပြည်သူ နဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်သွားပါမယ်” ဟု သေယောင်ဟိုက ပြောကြားခဲ့ကြောင်း လီက ပြန်လည်ပြောပြခဲ့သည်။
ဆိုးလ်မြို့သို့ ရောက်ရှိလာကတည်းက သေယောင်ဟိုထံမှ ထွက်ဆိုချက်များကို ရယူရသည့် ထောက်လှမ်းရေး အရာရှိများက သေယောင်ဟိုအား ဒီဇင်ဘာ ၁၆ ရက်က ယာယီထိန်းသိမ်းထားမှုမှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဥပဒေပြုအမတ်များက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမှ ဘက်ပြောင်းလာ သူများအားလုံးအတွက် တောင်ကိုရီးယားမှ ဘဝများသည် အမျိုးသား ထောက်လှမ်းရေးဌာန၏ အပြင်းအထန် စစ်ဆေးမေးမြန်းမှုများနှင့် စတင်ရပြီး ယင်းကဲ့သို့စစ်ဆေးမေးမြန်းမှုများသည် လနှင့်ချီ၍ ကြာနိုင်ကြောင်း သိရသည်။ မြောက်ကိုရီးယားက သူလျှိုအဖြစ် စေလွှတ်လိုက်မည်ကို စိုးရိမ်သောကြောင့် ယင်းကဲ့သို့ စစ်ဆေးမေးမြန်းရခြင်း ဖြစ်သည်။
ယင်းနောက် ဘက်ပြောင်းလာသူ အများစုသည် ပြန်လည်အခြေချရေး စခန်းတစ်ခု၌ သုံးလကြာ သင်တန်းတက်ရသည်။ ထို့နောက် သူတို့အနေဖြင့် တောင်ကိုရီးယား လူ့အဖွဲ့အစည်းအတွင်း ဘဝသစ်ကို စတင်နိုင်ရန်အတွက် လွတ်လပ်သောဘဝများ ရရှိသွားကြသည်ဟု ဆိုသည်။
Ref း AFP

Most Read

Most Recent