ပြင်သစ်၏ နာကြည်းနေသော လယ်သမားများက မဲပေးရန် ဆန္ဒလျော့ပါးနေ

ပြင်သစ်၏ နာကြည်းနေသော လယ်သမားများက မဲပေးရန် ဆန္ဒလျော့ပါးနေ
Published 18 December 2016
Ref:AFP

ပြင်သစ်တွင် သြဇာရှိ ရှေးရိုးစွဲတို့ကို စိတ်ပျက်နေကြသော လယ်သမားရှိသည့် မြောက်ပိုင်းမှ နော်မန်ဒီအရပ်တွင် ပြင်သစ်သမ္မတ ရွေးကောက်ပွဲသည် ရုန်းကန်နေရသော လယ်သမားများအတွက် စိတ်ဝင်စားမှု အနည်းငယ်သာ ပေးနိုင်သည်။ “ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ရောက်လာတိုင်း သူတို့က လယ်သမားတွေကို ဖျာလိုလိပ်ပြီး ထိပ်ပေါ်တင်ထားကြတယ်။ ပြီးတော့ သူတို့လည်း အာဏာရလာရော လမ်းဘေးမှာ ကျွန်တော်တို့ကို ချောင်ထိုးထားခဲ့ကြပါတယ်” ဟု ဘေရူးမြို့အနီးမှ နို့စားနွားမွေးမြူ သူ လယ်သမား ယန်းဖရန်ဆွာလီယိုစတစ်က ပြောကြားခဲ့သည်။
ဒိန်ခဲလုပ်ငန်း လုပ်ကိုင်သူများ၊ ပန်းသီးဘရန်ဒီ လုပ်ကိုင်သူများရှိသည့် ယင်းဒေသတွင် မေလ၌ ကျင်းပမည့် ပြင်သစ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ လယ်သမားများက မျှော်လင့်ချက် အနည်းငယ်သာ ထားကြသည်။ ဥရောပတွင် စိုက်ပျိုးရေး အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော ပြင်သစ်တွင် လယ်ယာခြံ ၄၀၀,၀၀၀ ခန့်အနက် ဆယ်ပုံတစ်ပုံကျော်သည် အရေးပေါ်အခြေအနေ ဆိုက်နေကြောင်း အစိုးရက ဝန်ခံထားသည်။ လယ်ယာလုပ်ငန်း အကျပ်အတည်းကြောင့် ကျေးလက်လူနေမှုဘဝကို ပျက်စီးစေခဲ့ပြီး လယ်သမားများကလည်း လယ်ယာလုပ်ငန်းကို စွန့်ခွာမှု ပိုများလာခဲ့သည်။ ထို့ပြင် မကြာသေးမီ နှစ်များအတွင်း ပြင်သစ် လယ်သမားများ၏ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ မြင့်တက်လာခဲ့သည်။ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်မှာပင် လယ်သမားများအတွက် အရေးပေါ် တယ်လီဖုန်းလိုင်းသို့ အကူအညီတောင်းဆိုမှု အကြိမ် ၁၇၀၀ ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အလားတူကာလကထက် သုံးဆနီးပါး မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ပြင်သစ်နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုများ လပေါင်းများစွာဖြစ်ခဲ့ပြီး နော်မန်ဒီ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များအား ပြည်နယ် မြို့တော်ခန်းသို့ မောင်းတက်လာခဲ့ကြပြီး အစိုးရရုံး အပြင်ဘက်တွင် စုပြုံရပ်ဆိုင်းထားခဲ့၍ ဆန္ဒပြခဲ့ကြသည်။
နို့စားနွားများမွေးပြီး သက်တမ်းနှစ် ၄၀၀ ရှိသော ဧက ၂၅၀ ခြံကွက်တွင် ပန်းသီးစိုက်သည့် လယ်သမား ဖိလစ်မာရီသည် ယင်းဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။
အသက် ၄၉ နှစ်အရွယ် မာရီက “ကျွန်တော်ဆန္ဒပြမှု အားလုံးမှာ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီမှာရှိနေသေးတယ်။ ဂုဏ်ယူစွာနဲ့ ရှိနေသေးတယ်။ အောင်မြင်လိုတဲ့ဆန္ဒလည်း ရှိနေသေးတယ်ဆိုတာကို ပြသဖို့ အရေးကြီးပါတယ်” ဟုပြောကြားခဲ့သည်။
စိတ်ဓာတ်ကျဆင်းနေသော လယ်သမားများအား အကြံပေးနေသူ အန်းပယ်လက်တီယာက အဆိုးရွားဆုံးဖြစ်ရပ်များအား လိုက်လံစုံစမ်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများအား ကာကွယ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းသည် ပြင်သစ်၏ လယ်ယာလုပ်ငန်းဝင်ငွေတွင် အဓိကဖြစ်ပြီး ၂၀၁၅ ခုနှစ်က ဒေါ်လာ ၈၀ ဘီလျံအထိ ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်က ပြင်သစ်လယ်သမားများ၏ ရာခိုင်နှုန်း ၃၀ သည် တစ်လလျှင် ၃၅၄ ယူရိုအောက်သာ ရရှိခဲ့ပြီး ပြင်သစ်၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်ဝင်ငွေ ယူရို ၈၀၀ ထက် အများကြီး နည်းနေခဲ့ကြောင်း လယ်သမားများ၏ လူမှုဖူလုံရေးစနစ်ဆိုင်ရာ စာရင်းအင်းများကဆိုသည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ပြင်သစ်ကျေးလက်တွင် လယ်သမားများက အများစုဖြစ်ခဲ့သော်လည်း ယခုအခါ ပြင်သစ်လူဦးရေ ၆၆ သန်းအနက် နှစ်ရာခိုင်နှုန်းခန့်သာ ကျန်တော့ကြောင်း နိုင်ငံရေး သိပ္ပံပညာရှင် ယန်းရူးကာမျူးက ပြောကြားခဲ့သည်။ နှစ်စဉ် စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာသူ ၅၀၀၀ ခန့်ရှိနေသည်။
ပြင်သစ်လယ်သမားများ၏ ပို၍ဆိုးလာသော ဒုက္ခများက မာရင်းလီပင်း ဦးဆောင်သော ဥရောပသမဂ္ဂ ဆန့်ကျင်ရေး အင်အားစု National Front (FN) ကိုထောက်ခံမှု ပို၍မြင့်တက်စေခဲ့သည်။
“ဆိုရှယ်လစ်သမ္မတ ဖရန်ဆွာအော်လွန်း လက်ထက်မှာ FN က ပိုပြီးအားကောင်းလာခဲ့ပါတယ်”ဟု ဘေရူးမြို့ရှိ ဘားပိုင်ရှင်တစ်ဦးဖြစ်သူ ဖရန့်လက်ရှီရေးက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် ဓားစာခံဖြစ်လာနေပြီး FN သည် ဥရောပသမဂ္ဂမှ ထွက်ခွာရန် အကြံပြုထားသည်။ ပြင်သစ် လယ်သမားသမဂ္ဂ FNSEA က ပြင်သစ်သမ္မတ ကိုယ်စားလှယ်လောင်းများသည် လယ်သမားများအတွက် ထည့်သွင်းစဉ်းစားမှုများကို ပို၍ပြသရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက လယ်သမားများသည် အစဉ်အလာပါတီများကို စွန့်ပစ်သွားနိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

Most Read

Most Recent