နှိမ်နင်းမှုများမှ ရှောင်လွဲှရန် ထိုင်းငါးဖမ်း သင်္ဘောများက ပို၍ ဝေးလံသော ရေပြင်သို့ ပြောင်းရွှေ့ငါးဖမ်းနေဟု ဂရင်းပိစ် ပြောကြား

နှိမ်နင်းမှုများမှ ရှောင်လွဲှရန် ထိုင်းငါးဖမ်း သင်္ဘောများက ပို၍ ဝေးလံသော ရေပြင်သို့ ပြောင်းရွှေ့ငါးဖမ်းနေဟု ဂရင်းပိစ် ပြောကြား
Published 16 December 2016

ဒေသတွင်း၌ တရားမဝင် ငါးဖမ်းမှုများနှင့် လူမှောင်ခိုကူးမှုများအား နှိမ်နင်းနေမှုမှ ရှောင်ရှားနိုင်ရန်အတွက် ထိုင်းငါးဖမ်း သင်္ဘောစုများသည် အာဖရိက အရှေ့ကမ်းရိုးတန်း အလွန်ရှိ ပို၍ ဝေးလံပြီး ဂေဟဗေဒစနစ်အား အလွန်အမင်း ထိခိုက်စေနိုင်သော ရေပြင်များသို့ ပြောင်းရွှေ့၍ ငါးဖမ်းနေကြကြောင်း သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ဂရင်းပိစ်က ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်းသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး ပင်လယ်စာတင်ပို့သူဖြစ်ပြီး ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိသော ယင်းလုပ်ငန်းတွင် စည်းမျဉ်းစည်းကမ်းများ အလွန်အမင်း လျော့ရဲနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ထူပြောနေကြောင်း သိရသည်။
ယင်းကဲ့သို့ ဝေးလံလွန်းသော ပင်လယ်ပြင်ထဲတွင် အလွန်အမင်း လိုအပ်သည့် စောင့်ကြည့်မှုစနစ် မရှိပါက ယင်းနေရာတွင် ဖြစ်ပေါ်နေမှုအား ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း ဂရင်းပိစ်၏ အရှေ့တောင်အာရှဆိုင်ရာ တာဝန်ရှိသူ အန်ချလီပီပက်တာနာဝက်တာနာကူက ပြောကြားခဲ့သည်။ ထိုင်းပင်လယ်စာ ထုတ်ကုန်များ တင်သွင်းမှုအားလုံးကို ပိတ်ပင်သွားမည်ဟု ဥရောပသမဂ္ဂက ပြီးခဲ့သောနှစ်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် အရှုပ်တော်ပုံ ကြုံနေရသော ယင်းကဏ္ဍတွင် ရှင်းလင်းမှုများပြုလုပ်ရန် ထိုင်းအစိုးရသည် နိုင်ငံတကာ၏ ကြီးမားသော ဖိအားပေးမှု ကြုံနေရသည်။
ဥပဒေနှင့် မညီသော လုပ်ရပ်များအား ဟန့်တားနိုင်ရန်နှင့် လူမှောင်ခိုကူးသူများအား နှိမ်နင်းနိုင်ရန်အတွက် ထိုင်းစစ်အစိုးရက ကြိုးပမ်းနေခဲ့သော်လည်း အလွန်အမင်း ဝေးလံပြီး စောင့်ကြည့်မှု အားနည်းသော ရေပြင်များထဲသို့ ပြောင်းရွှေ့ခဲ့သည့် ငါးဖမ်းသင်္ဘောများပေါ်တွင် စည်းကမ်းချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ဂရင်းပိစ်၏ အစီရင်ခံစာသစ်က ဖော်ပြခဲ့သည်။
ထိုင်းငါးဖမ်း သင်္ဘောများ၏ ကာလရှည်ကြာ ငါးဖမ်းသည့် ဘုံနေရာဖြစ်သော အင်ဒိုနီးရှားနှင့် ပါပူအာနယူးဂီနီတို့တွင် ပြီးခဲ့သောနှစ်၌ နှိမ်နင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်းငါးဖမ်းသင်္ဘော ၇၆ စင်းအထိသည် အာဖရိက ကမ်းရိုးတန်းအလွန်ရှိ ဆာယာဒီမဟာကမ်းသို့ ရွှေ့ပြောင်း၍ ငါးဖမ်းနေခဲ့ခြင်းဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့ ဂရင်းပိစ်က ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံမှ ကီလိုမီတာ ၇၀၀၀ ကျော် ဝေးကွာသော နေရာတွင် တည်ရှိသည့် ဂေဟစနစ်ကွဲပြားပြီး သဘာဝပတ်ဝန်းကျင်အား ထိခိုက်စေနိုင်သော ယင်းကမ်းသည် ပြီးခဲ့သော ၁၈ လအတွင်း ထိုင်းငါးဖမ်း သင်္ဘောများအတွက် လွတ်လွတ်ကင်းကင်း လုပ်ကွက်တစ်ခု ဖြစ်လာနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယင်းသင်္ဘော အများအပြားသည် ဖမ်းဆီးရမိသော ငါးများအား အအေးခဲစနစ် ပါဝင်သည့် ရေယာဉ်များဖြင့် ထိုင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနည်းဖြင့် သင်္ဘောကပ္ပတိန်များသည် အာဏာပိုင်များ၏ စောင့်ကြည့်မှုမှ ကင်းလွတ်ကာ ငါးဖမ်းသမားများအား ရေပြင်ထဲတွင် အချိန်တိုး၍ စေခိုင်းနိုင်ကြောင်း ဂရင်းပိစ်က ဆိုသည်။
Ref : AFP

Most Read

Most Recent