Facebook က သတင်းတုများအတွက် အသုံးပြုသူများအား အကြောင်းကြားခွင့်ပေးမည့် နည်းပညာကို ထုတ်ဖော်

Facebook က သတင်းတုများအတွက် အသုံးပြုသူများအား အကြောင်းကြားခွင့်ပေးမည့် နည်းပညာကို ထုတ်ဖော်
Published 16 December 2016

သတင်းတုများအား အသုံးပြုသူများက အကြောင်းကြားရန်အတွက် သုံးစွဲနိုင်သည့် နည်းလမ်းတစ်ခုကို Facebook က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ဖော်ခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် သတင်းတုများက လွှမ်းမိုးခဲ့သည်ဟု ဝေဖန်ပြောကြားမှုများအတွက် တုံ့ပြန်ရန် ရည်ရွယ်သော ယင်းနည်းပညာတွင် အချက်အလက် စစ်ဆေးသည့် အဖွဲ့များက သတင်းတုများကို ဖော်ထုတ်ရန် ဆောင်ရွက်မည်ဖြစ်ပြီး သတင်းတုဟု အကြောင်းကြားထားသည့် သတင်းတစ်ခုအား အသုံးပြုသူများက မျှဝေရန် ကြိုးပမ်းပါက Facebook က ယင်းအတွက် အသုံးပြုသူများကို သတိပေးမည်ဖြစ်သည်။
သတင်းတစ်ခုအား အတုဟု သံသယရှိပါက ယင်းပို့စ်၏ ညာဘက်ထောင့်တွင် တိုင်ကြားနိုင်သည့် နည်းလမ်းကို Facebook က စတင်စမ်းသပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် သတင်းစစ်ဆေးရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း Facebook က ပြောကြားခဲ့သည်။ အချက်အလက် စစ်ဆေးရေး အဖွဲ့အစည်းများက သတင်းတုဟု ဖော်ထုတ်ခဲ့ပါက ယင်းသတင်းတွင် အငြင်းပွားမှုရှိကြောင်း သတိပေးချက်ကို Facebook က ထည့်သွင်းမည် ဖြစ်ကြောင်း Facebook ၏ ဒုဥက္ကဋ္ဌ အဒမ်မော်ရေစီက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် အနိုင်ရရန် သတင်းတုများ ပျံ့နှံ့ခဲ့မှုက အဓိကဟု ဝေဖန်သူအချို့က ယုံကြည်နေကြပြီး သတင်းတု ပျံ့နှံ့မှုအတွက် Facebook သည် အဓိကဖြစ်နေကြောင်း ဝေဖန်ခံနေရသည်။
Facebook တွင် မျှဝေခွဲသော သတင်းတုများကြောင့် ရွေးကောက်ပွဲရလဒ် အပြောင်းအလဲ ဖြစ်ခဲ့ကြောင်း ပြောကြားမှုများကို Facebook က ပယ်ချထားသည်။  သို့သော်လည်း Facebook သည် ထိုနောက်ပိုင်းတွင် သတင်းတုများအား ရှင်းလင်းရေးအတွက် အရှိန်မြှင့် ကြိုးပမ်းနေခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် သုံးစွဲသူ ၁ ဒသမ ၈ ဘီလျံခန့်ရှိသော အမေရိကန် လူမှုမီဒီယာကြီး Facebook က ၎င်းအား မီဒီယာကုမ္ပဏီအဖြစ် သတ်မှတ်မှုကို အခိုင်အမာ ငြင်းဆိုထားပြီး ၎င်း၏ကွန်ရက်တွင် မျှဝေသော သတင်းများအား အယ်ဒီတာ၏ ဝေဖန်ပိုင်းခြားမှုမျိုး ပြဋ္ဌာန်းရန် ကြိုးပမ်းမည်မဟုတ် ဟုလည်း ပြောကြားထားသည်။                 
Ref : AFP

Most Read

Most Recent