ဒုတိယကမ္ဘာစစ်ပွဲအလွန် ကျွန်းစုငယ်များ ပိုင်ဆိုင်မှု အငြင်းပွားပြဿနာအား ပူတင်နှင့် အာဘေး ဆွေးနွေးမည်

ဒုတိယကမ္ဘာစစ်ပွဲအလွန် ကျွန်းစုငယ်များ ပိုင်ဆိုင်မှု အငြင်းပွားပြဿနာအား ပူတင်နှင့် အာဘေး ဆွေးနွေးမည်
Published 15 December 2016
Ref:AFP

ဒုတိယကမ္ဘာစစ်အတွင်း နှစ်နိုင်ငံအကြား ရန်စတိုက်ခိုက်မှုများအား တရားဝင်ရပ်ဆိုင်းမှုမှ အဟန့်အတားဖြစ်စေခဲ့သော ကျွန်းစုငယ်များ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုပြဿနာအား ဆွေးနွေးရန် ရည်ရွယ်သော ရေပူစမ်းထိပ်သီးကို တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၁၉၄၅ ခုနှစ်တွင် ဆိုဗီယက်တပ်များက သိမ်းယူခဲ့သော ဂျပန်မြောက်ဘက် ကမ်းရိုးတန်းအလွန်ရှိ ကျွန်းစုများနှင့်ပတ်သက်၍ သဘောတူညီမှုရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ဘိုးဘွားမြို့ နာဂါတိုတွင် ပူတင်အား လက်ခံတွေ့ဆုံမည်ဖြစ်သည်။
ရုရှားတွင် တောင်ပိုင်းကူရေးစ်များဟု လူသိများပြီး ဂျပန်တွင် မြောက်ဘက်ပိုင်နက်များဟုခေါ်ဆိုသော ကျွန်းစုလေးခုအား ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားပြဿနာ သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် ဆယ်စုနှစ် ခုနစ်ခုကျော်ကြာ အဖုအထစ်ဖြစ်စေခဲ့သည်။ ယင်းဒေသများတွင် နေထိုင်သော ဂျပန်ဒေသခံများသည် အသက်အရွယ်ကြီးမြင့်လာပြီး အရေအတွက် ကျဆင်းလာချိန်တွင် အာဘေးက သဘောတူညီချက်အား ဖြစ်နိုင်သမျှ အမြန်ရရှိရန် လိုလားနေသည်။
ယင်းပြဿနာအား ၎င်း၏မျိုးဆက်အတွင်း ဖြေရှင်းနိုင်ရန် သံန္နိဋ္ဌာန်ဖြင့် ယင်းထိပ်သီးကို သွားရောက်လိုကြောင်း အာဘေးက ယင်းကျွန်းစုများရှိ ဒေသခံများအား ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဂျပန်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သော ဂျူဒိုပရိသတ် ပူတင်က နှစ်နိုင်ငံအကြား ဒုတိယကမ္ဘာစစ်အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေးအား ဟန့်တားခဲ့သော ခေတ်နောက်ပြန်ဆွဲသည့် ယင်းပြဿနာကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။
ပူတင်သည် စီစဉ်ထားသည်ထက် သုံးနာရီခန့် နောက်ကျ၍ အူဘေးမြို့လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် တွေ့ဆုံခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်အစောပိုင်းတွင် အာဘေးက နာဂါတိုမြို့သို့ မထွက်ခွာမီ ၎င်းတို့သည် ညှိနှိုင်းဆွေးနွေးမှုကို ညဘက်တိတ်ဆိတ်သော ဝန်းကျင်၌ပြုလုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
အာဘေးအတွက် ယင်းအကြောင်းအရာသည် ဖခင်ဖြစ်သူ ရှင်တာရိုထံမှ အမွေဆက်ခံရမှုလည်း ဖြစ်သည်။ ရှင်တာရိုသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်စဉ်က ယင်းပြဿနာအား မော်စကိုနှင့် ညှိနှိုင်းဆွေးနွေးရန် ဦးဆောင်ခဲ့သည်။ သို့သော် ၎င်းသည် ဆွေးနွေးပွဲအတွက် ကြိုးပမ်းနေစဉ် ကင်ဆာရောဂါဖြင့် ၁၉၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ယခုထိပ်သီးမတိုင်မီ အာဘေးက ဆွေးနွေးပွဲပြုလုပ်မည့် ခန်းမအနီးရှိ ဖခင်၏အုတ်ဂူသို့ သွားရောက်ပြီး ဂါရဝပြုခဲ့သည်။
နာဂါတိုတွင် အာဘေးနှင့်ပူတင်တို့သည် နယ်နိမိတ်ပြဿနာနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ကိစ္စအား အာရုံစိုက်ဆွေးနွေးမည်ဟု မျှော်လင့်ရကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၁၆ ရက်တွင် တိုကျိုသို့သွားရောက်ပြီး စီးပွားရေးဖိုရမ်၌ ဆွေးနွေးမှုများ ထပ်မံပြုလုပ်မည်ဖြစ်သည်။                      

Most Read

Most Recent