ပူတင်အား ၂၀၁၆ ခုနှစ်၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းက ရွေးချယ်

ပူတင်အား ၂၀၁၆ ခုနှစ်၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းက ရွေးချယ်
ရုရှားသမ္မတ ပူတင်၊ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခြင်းခံထားရသူ ဒေါ်နယ်ထရန့်၊ ဂျာမနီဝန်ကြီးချုပ် မာကယ်တို့၏ ဓာတ်ပုံကို ပေါင်းစပ်ထားစဉ် (Photo: AFP)
ရုရှားသမ္မတ ပူတင်၊ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခြင်းခံထားရသူ ဒေါ်နယ်ထရန့်၊ ဂျာမနီဝန်ကြီးချုပ် မာကယ်တို့၏ ဓာတ်ပုံကို ပေါင်းစပ်ထားစဉ် (Photo: AFP)
Published 15 December 2016
Ref: AFP

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ကြောင်း Forbes မဂ္ဂဇင်းက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဖို့ဘ်သည် ပူတင်အား ကမ္ဘာ့သြဇာ အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် လေးနှစ်ဆက်တိုက် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
“ရုရှားသမ္မတဟာ ကမ္ဘာရဲ့ နေရာတိုင်းနီးပါးမှာ သူ့နိုင်ငံရဲ့ သြဇာကို ခိုင်မာအောင် ဆောင်ရွက်ခဲ့ပါတယ်” ဟု အမေရိကန်စီးပွားရေးမဂ္ဂဇင်း ဖို့ဘ်က ရေးသားခဲ့သည်။
“အမိမြေကနေ ဆီးရီးယားအထိ၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲအထိ ပူတင်က သူလိုချင်တာကို ဆက်လက်ရရှိခဲ့ပါတယ်” ဟု ဖို့ဘ်က ဆက်လက်ရေးသားခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ရုရှားခေါင်းဆောင်သည် အစဉ်အလာကမ္ဘာ့စံနှုန်းများ၌ ဘောင်ခတ်ထားမှုကို မခံခဲ့ဘဲ သူ၏သြဇာလွှမ်းမိုးမှု သည်လည်း မကြာသေးခင်နှစ်များအတွင်း ပို၍ ကြီးမားလာခဲ့ကြောင်း ဖို့ဘ်က ပြောကြားခဲ့သည်။
ဖို့ဘ်သည် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်အဆင့် သတ်မှတ်ချက်တွင် ဒုတိယနေရာ၌ အမေရိကန်သမ္မတလောင်း ထရန့်ကို ထားခဲ့သည်။ တစ်လအတွင်း အမေရိကန်သမ္မတ ဖြစ်လာတော့မည့် ထရန့်သည် အရှုပ်တော်ပုံမှ ကင်းဖွယ်ရှိပြီး လွှတ်တော်နှစ်ရပ်စလုံးကလည်း သူ၏ဘက်တွင်ရှိနေကြောင်း၊ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုသည်လည်း ဘီလျံများစွာရှိသူဖြစ်ကြောင်း ဖို့ဘ်က ရေးသားခဲ့သည်။
ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ရွေးကောက်ပွဲအနိုင်ရထားသော ထရန့်သည် ၂၀၁၅ ခုနှစ်က ဖို့ဘ်၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဆင့် ၇၂ သာရရှိခဲ့သည်။ ယခုနှစ်တွင် သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်း၌ တတိယနေရာကို ဂျာမန်ဝန်ကြီးချုပ်အင်ဂျလာမာကယ်က ရရှိခဲ့သည်။ ဥရောပ စီးပွားရေးအင်အားကြီး ဂျာမနီကို ၁၁ နှစ်ကြာ ဦးဆောင်ခဲ့သော မာကယ်သည် လာမည့်နှစ်တွင် ပြန်လည်ရွေးကောက်ခံမည်ဖြစ်ကြောင်း မကြာသေးမီက ကြေညာထားသည်။
၂၀၁၅ ခုနှစ်က ဖို့ဘ်၏ ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်းတွင် ဒုတိယနေရာရရှိခဲ့သော သမ္မတ ဘာရက်အိုဘားမားသည် ယခုနှစ်တွင် အဆင့် ၄၈ သို့ ကျဆင်းသွားခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီ၏ ရှုံးနိမ့်မှု၊ အာဏာဆုံးရှုံးမှုတို့နှင့်အတူ သမ္မတ ဘာရက်အိုဘားမားသည် သမ္မတသက်တမ်း နောက်ဆုံး ရက်သတ္တပတ်များကို ဖြတ်ကျော်နေရသည်။
ဖို့ဘ်၏ ၂၀၁၆ ခုနှစ် သြဇာအကြီးဆုံးသည် ပုဂ္ဂိုလ်စာရင်းတွင် စတုတ္ထနေရာကို တရုတ်သမ္မတ ရှီကျင်ပင်းက ရရှိခဲ့သည်။ ပဉ္စမ သြဇာအကြီးဆုံး ပုဂ္ဂိုလ်မှာ ဖရန့်စစ်ပုပ် ရဟန်းမင်းကြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ နယ်ပယ်စုံတွင် သြဇာကြီးမားသူ ရာပေါင်းများစွာအား စာရင်းပြုစုခဲ့ပြီးနောက် သုံးသပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖို့ဘ်က ပြောကြားခဲ့သည်။
ယခုနှစ်စာရင်း၌ သြဇာအကြီးဆုံး ပုဂ္ဂိုလ် ၇၄ ဦးကို ဖို့ဘ်က စာရင်းပြုစုခဲ့ပြီး ယင်းပုဂ္ဂိုလ်များအနက် ၂၈ ဦးသည် ထိပ်တန်းကုမ္ပဏီကြီးများ၏ အမှုဆောင် အရာရှိချုပ်များဖြစ်ကြသည်။ ဆော်ဒီအာရေဗျ၏ ရေနံဝန်ကြီး ခါလစ်အယ်ဖာလစ်သည် အဆင့် ၄၈ ဖြင့် သြဇာအကြီးဆုံးစာရင်းသို့ အသစ်ဝင်ရောက်လာခဲ့သည်။ Facebook တည်ထောင်သူ မက်ဇာကာဘတ်က သြဇာအကြီးဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဆင့် ၁၀ ၌ ရှိခဲ့ပြီး ယင်းစာရင်းတွင် အသက်ငယ်ဆုံးဖြစ်ခဲ့သည်။
 

Most Read

Most Recent