နော်ဝေနိုင်ငံတွင် လျှပ်စစ်ကားစီးရေ ၁၀၀၀၀၀ အထိ မြင့်တက်လာ

နော်ဝေနိုင်ငံတွင် လျှပ်စစ်ကားစီးရေ ၁၀၀၀၀၀ အထိ မြင့်တက်လာ
Published 14 December 2016
Ref:AFP

ကမ္ဘာပေါ်၌ တစ်ဦးချင်း လျှပ်စစ်ကားပိုင်ဆိုင်မှု အများဆုံးနိုင်ငံ ဖြစ်နေသည့်အတွက် ဂုဏ်ယူနေသည့် နော်ဝေတွင် လမ်းများပေါ်၌ လျှပ်စစ်ကားစီးရေ ၁၀၀၀၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း ကုန်သွယ်ရေးအဖွဲ့ တစ်ဖွဲ့၏ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
သန့်စင်စွမ်းအင်အသုံးပြုသည့် ထိုကားများကြောင့် နော်ဝေနိုင်ငံသည် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို တန်ချိန် ၂၀၀၀၀၀ အထိ ယခင်ကတည်းက လျှော့ချနိုင်ခဲ့သည်။ ထို့ပြင် နော်ဝေသည် လာမည့်သုံးနှစ်အတွင်း နိုင်ငံတွင်းမှ လျှပ်စစ်ကားစီးရေကို ၄၀၀၀၀၀ အထိ မြင့်တက်လာစေရန် စီစဉ်ထားသည်ဟု လျှပ်စစ်ကားများ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ လျှပ်စစ်ကားများကို အခွန်လျှော့ချပေးထားခြင်း၊ မြို့ဝင်ကြေးနှင့် ကားပါကင်ကြေး ကင်းလွတ်ခွင့် ပေးထားခြင်းတို့အပါအဝင် အစိုးရ၏ ရက်ရောသော မက်လုံးများကြောင့် နော်ဝေ၌ လျှပ်စစ်ကားအသုံးပြုမှုများမှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
လူဦးရေ ၅ ဒသမ ၂ သန်းရှိသည့် နော်ဝေနိုင်ငံတွင် နိုင်ငံသား ၁၀၀၀ လျှင် လျှပ်စစ်ကား ၁၉ စီးရှိနေပြီး ကားသစ်မှတ်ပုံတင်မှု စုစုပေါင်းတွင်လည်း လျှပ်စစ်ကားစီးရေသည် ရာခိုင်နှုန်း ၂၀ နီးပါး ပါဝင်နေသည်။  ယမန်နှစ်က အမေရိကန်၊ တရုတ်၊ ဂျပန်တို့ပြီးလျှင် နော်ဝေနိုင်ငံသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အများဆုံး လျှပ်စစ်ကားများ ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ခဲ့ကြောင်း ဥရောပ၌ သန့်စင်စွမ်းအင် အသုံးပြုရေးစည်းရုံး လှုံ့ဆော်သည့်အဖွဲ့ဖြစ်သော သယ်ယူပို့ဆောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်၏ အချက်အလက်များအရ သိရသည်။
နော်ဝေတွင် ၂၀၁၅ ခုနှစ်မေလ၌ နိုင်ငံတွင်းရှိ လျှပ်စစ်ကားစီးရေ ၅၀၀၀၀ ရှိရေး ရည်မှန်းချက်မှာ ပြည့်မီသွားပြီးနောက် အာဏာပိုင်များသည် မက်လုံးများကို ထပ်ပေးခဲ့သည်။ သို့သော် ထိုသက်သာခွင့်များအား တဖြည်းဖြည်းချင်း ပြန်လည်လျှော့ချမည်ဟု အာဏာပိုင်များက အရိပ်အမြွက် ပြောကြားထားသည်။ ကမ္ဘာတစ်ဝန်းတွင် လျှပ်စစ်ကားရောင်းချမှု တိုးတက်လာနေပြီး ဥရောပ၏ ကားလုပ်ငန်း ဗဟိုချက်ဖြစ်သော ဂျာမနီက ၂၀၃၀ ပြည့်နှစ်မတိုင်မီ လျှပ်စစ်ကားများ ရာနှုန်းပြည့် သုံးစွဲနိုင်ရန် ရည်မှန်းချက်ချထားသည်။                        

Most Read

Most Recent