ဒုက္ခသည် ဝင်ရောက်မှုကို တားဆီးရန် ဗြိတိန်က ငွေထောက်ပံ့ထားသည့် ခိုင်လေတံတိုင်း ဆောက်လုပ်ပြီးစီး

ဒုက္ခသည် ဝင်ရောက်မှုကို တားဆီးရန် ဗြိတိန်က ငွေထောက်ပံ့ထားသည့် ခိုင်လေတံတိုင်း ဆောက်လုပ်ပြီးစီး
Published 14 December 2016
Ref:AFP

ပြင်သစ်နိုင်ငံရှိ ခိုင်လေဒုက္ခသည် စခန်းဟောင်းမှ ဒုက္ခသည်များ ဗြိတိန်နိုင်ငံထဲသို့ ခိုးဝင်နေခြင်းကို တားဆီးရန် ဗြိတိန်က ရန်ပုံငွေ ထောက်ပံ့ပေးထားသည့် တံတိုင်းကြီး ဆောက်လုပ်ရေးမှာ ပြီးစီးသွားပြီးဖြစ်ကြောင်း ပြင်သစ်အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပြင်သစ်မှ ခိုင်လေဒုက္ခသည် စခန်းကြီးအား ရှင်းလင်းပြီး သီတင်းခုနစ်ပတ်အကြာတွင် တံတိုင်းပြီးစီးသွားခြင်း ဖြစ်သည်။
ပြန့်ကြဲတည်ရှိခဲ့သော ခိုင်လေ ဒုက္ခသည်စခန်းကြီး နံဘေးတွင်ရှိသည့် ခိုင်လေဆိပ်ကမ်းသို့ ဦးတည်ဆက်သွယ်ထားသည့် တစ်ကီလိုမီတာရှည်သော အဓိကလမ်းမကြီး တစ်လျှောက်တွင် အမြင့်လေးမီတာ (၁၃ ပေ) ရှိသည့်တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယူရို ၂ ဒသမ ၇ သန်း (ဒေါ်လာ ၃ သန်း) ခန့်မှန်းတန်ဖိုးရှိသော ကွန်ကရစ်တံတိုင်းကြီးသည် ရွှေ့ပြောင်းအခြေချသူများ ဗြိတိန်သို့သွားသည့် ထရပ်ကားများတွင် ခိုးပြီးလိုက်ပါ၍ ဗြိတိန်နိုင်ငံထဲသို့ ဝင်ရောက်မှုများကို တားဆီးပေးနိုင်လိမ့်မည်ဟု ရည်ရွယ်ထားသည်။
ယခင်က ထိုတံတိုင်းနေရာတွင် သံဆူးကြိုးများဖြင့် ကာရံထားသည့် စည်းရိုးတစ်ခုရှိသည်။ သို့သော်လည်း ယင်းစည်းရိုးကို ဖြတ်ကျော်၍ ခိုးဝင်ရန် ညစဉ်ကြိုးပမ်းကြသည့် ရွှေ့ပြောင်းအခြေချသူများ ရှိနေသဖြင့် တံတိုင်းကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်သို့သွားရန် ထရပ်ကားများပေါ် တွယ်တက်လိုက်ရာမှ ကားပေါ်မှ ပြုတ်ကျခြင်း၊ ကားတက်ကြိတ်ခံရခြင်းတို့ကြောင့် ယခုနှစ်အတွင်းမှာပင် သေဆုံးသူ အများအပြားရှိခဲ့သည်။ ယခုထိုတံတိုင်းကြီးအား ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ကြောင်း ဒေသခံစီရင်စုမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ခိုင်လေသည် ဗြိတိန်သို့သွားလိုသည့် ရွှေ့ပြောင်းအခြေချသူများအတွက် ထရပ်ကားများ၊ လိုဏ်ခေါင်းထဲမှ သွားသောရထားများပေါ်မှ ခိုးလိုက်ခြင်းများကို စတင်လုပ်ဆောင်ရာ နေရာတစ်ခု ဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီ ဖြစ်သည်။
ခိုင်လေ ဒုက္ခသည်စခန်းကို ၂၀၀၉ ခုနှစ်က ပထမဆုံးအကြိမ် ရှင်းလင်းခဲ့သေးသည်။ သို့သော်လည်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ ရွှေ့ပြောင်းအခြေချသူများ မကြုံစဖူးပမာဏဖြင့် ဥရောပသို့ စတင်ရောက်ရှိလာသည့် ၂၀၁၅ ခုနှစ်တွင် ခိုင်လေ ဒုက္ခသည်စခန်း ပြန်လည်ဖြစ်ပေါ်လာခဲ့ပြန်သည်။
ခိုင်လေမြို့တော်ဝန် နာတာချာဘွန်ချက်ကမူ ဒုက္ခသည်စခန်းအား ရှင်းလင်းပြီးသွားလျှင် တံတိုင်းသည် လိုတော့မည်မဟုတ်ကြောင်း ပြောကြားပြီး တံတိုင်းဆောက်လုပ်ရေးကို တားဆီးရန် ကြိုးပမ်းခဲ့ဖူးသည်။

Most Read

Most Recent