ဘရာဇီး အထက်လွှတ်တော်က အစိုးရ အသုံးစရိတ် နှစ် ၂၀ ကြာထိန်းချုပ်မည့် အစီအစဉ်အား သဘောတူခွင့်ပြု

ဘရာဇီး အထက်လွှတ်တော်က အစိုးရ အသုံးစရိတ် နှစ် ၂၀ ကြာထိန်းချုပ်မည့် အစီအစဉ်အား သဘောတူခွင့်ပြု
Published 14 December 2016
Ref:AFP

ဘရာဇီး အထက်လွှတ်တော်သည် ဒီဇင်ဘာ ၁၃ ရက်က အစိုးရအသုံးစရိတ် နှစ် ၂၀ ကြာထိန်းချုပ်ထားမည့် အစီအစဉ်အား သဘောတူခွင့်ပြုပေးခဲ့ရာ လက်တင်မေရိက၏ အင်အားကြီး စီးပွားရေးဖြစ်သော ဘရာဇီးစီးပွားရေး ပြန်လည်တည့်မတ်လာစေရန် ကြိုးပမ်းသည့် ခြိုးခြံချွေတာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အဓိကလုပ်ငန်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။
အငြင်းပွားဖွယ် အသုံးစရိတ် ကန့်သတ်မှုကို ဘရာဇီးနိုင်ငံတစ်ဝန်းတွင် ဆန္ဒပြနေကြသော်လည်း လာမည့်နှစ် ၂၀ အတွင်း ပြည်သူ့ရေးရာ သုံးစွဲမှုများကို ကန့်သတ်မည့်အစီအစဉ်အား အထက်လွှတ်တော်တွင် ၅၃ မဲ ၁၆ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတူညီမှုသည် အကျပ်တွေ့နေသော သမ္မတမစ်ရှယ်တီမာ အစိုးရအတွက် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ ယခင်လက်ဝဲသမ္မတ ဒီမာရူးဆက်၏ လက်ထက်တွင် ထိန်းချုပ်မနိုင်ဖြစ်ခဲ့သော ပြည်သူ့ရေးရာသုံးစွဲမှုများကို လျှော့ချရန်အတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တီမာက ကတိပြုထားခဲ့သည်။
ဘရာဇီး၏ ဘဏ္ဍာရေးကို တည့်မတ်ရန်အတွက် အသုံးစရိတ်ခြိုးခြံမှုများ လိုအပ်သည်ဟု ဗဟိုလက်ယာယိမ်း သမ္မတတီမာက ပြောကြားထားသည်။ သို့သော်လည်း သူ၏ ခြိုးခြံချွေတာရေးမူဝါဒများကို အကြမ်းဖက် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ကုလသမဂ္ဂကျွမ်းကျင်သူတစ်ဦးက တီမာ၏လုပ်ဆောင်ချက်သည် သမိုင်းဝင်အမှားတစ်ခုဖြစ်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ဝေဖန်ခဲ့သည်။
အထက်လွှတ်တော်တွင် ခြိုးခြံရေးအစီအစဉ်ကို မဲခွဲနေစဉ် ကန့်ကွက်ဆန္ဒပြသူများက အစိုးရအဆောက် အအုံအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။ စီးပွားရေး အကျပ်အတည်းအတွင်း ကျရောက်နေသော ဘရာဇီးကို ပြုပြင်ပြောင်းလဲရန်အတွက် တီမာက ကြိုးပမ်းနေစဉ် သူနှင့်သူ၏မဟာမိတ် အများအပြားသည် ခြစားမှုစွပ်စွဲချက်များနှင့် ဆက်တိုက်ရင်ဆိုင်နေရသည်။
ဘရာဇီးသည် အလုပ်လက်မဲ့ ၁၂ ရာခိုင်နှုန်းနီးပါးနှင့် ရင်ဆိုင်နေရပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ဆက်တိုက်မြင့်တက်နေသည်။ ထိုအခြေအနေများကြောင့် ခြစားမှုအရှုပ်တော်ပုံများကို လူထုကပို၍ ဒေါသထွက်လာနေပြီး ခြိုးခြံချွေတာရေး အစီအစဉ်များကို ဆန့်ကျင်နေကြသည်။
ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ခဲ့သော လူထုသဘောထား စစ်တမ်းတစ်ခုတွင် အသုံးစရိတ်ကန့်သတ်မှုကို ကန့်ကွက်သူ ရာခိုင်နှုန်း ၆၀ နီးပါးရှိနေခဲ့ပြီး ၂၄ ရာခိုင်နှုန်းကသာ ထောက်ခံကြောင်း Folha သတင်းစာက ဖော်ပြခဲ့သည်။
လူထုထောက်ခံမှုကို ပြန်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် သမ္မတတီမာက စီးပွားရေးကို ရေတိုတွန်းအားဖြစ်စေမည့် အသုံးစရိတ် စိုက်ထုတ်သုံးစွဲမှု အစီအစဉ်များကို ဆောင်ရွက်ပေးနေသည်။
ကုလသမဂ္ဂ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်သော ဖီးလစ်အက်စတန်က နှစ် ၂၀ အသုံးစရိတ် ကန့်သတ်မှုသည် မျိုးဆက်တစ်ဆက်လုံးအား လူမှုကာကွယ်မှု စံနှုန်းများမှ လျှောကျသွားစေနိုင်ကြောင်း ဝေဖန်ခဲ့သည်။ အသုံးစရိတ် ကန့်သတ်မှုသည် အဆင်းရဲဆုံးသူများနှင့် အားနည်းသူများအား အထိနာဆုံးဖြစ်စေနိုင်ကြောင်း အက်စတန်က ပြီးခဲ့သည့်  တစ်ပတ်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent