အလက်ပိုမြို့ထဲမှ ဆီးရီးယားသူပုန်များနှင့် အရပ်သားများ ထွက်ခွာမည့် အစီအစဉ်ရွှေ့ဆိုင်း

အလက်ပိုမြို့ထဲမှ ဆီးရီးယားသူပုန်များနှင့် အရပ်သားများ ထွက်ခွာမည့် အစီအစဉ်ရွှေ့ဆိုင်း
Published 14 December 2016
Ref:AFP

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ထဲမှနေ၍ သူပုန်များနှင့် အရပ်သားများ ထွက်ခွာမည့် အစီအစဉ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် နှောင့်နှေးခဲ့ပြီး နှောင့်နှေးရသည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အလက်ပို အရှေ့ခြမ်းမှနေ၍ ဘေးကင်းရာသို့ ထွက်ခွာရန်အတွက် ကျန်ရှိနေသော သူပုန်အဖွဲ့ခွဲများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းတွင် ထွက်ခွာမှုများစတင်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
အလက်ပို အရှေ့ပိုင်းတွင် အရေးပေါ်ကုသမှု ခံယူရန်အတွက် လိုအပ်နေသည့် ဖျားနာသူနှင့် ဒဏ်ရာရသူ ၈၀၀ ရှိကြောင်း အတိုက်အခံတာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားက ကျောထောက်နောက်ခံ ပြုပေးထားသော၊ လက်ဘနွန်၊ အီရတ်နှင့် အာဖဂန်မှ ရှီအိုက် စစ်သွေးကြွများက ကူညီပေးထားသော ဆီးရီးယားစစ်တပ်၏ ရက်စက်သော ချီတက်တိုက်ခိုက်မှု ကြုံတွေ့နေရစဉ် သူပုန်များသည် ၎င်းတို့ထိန်းချုပ်ထားသော နေရာများအား အလျင်အမြန်ပင် ဆက်တိုက်လက်လွှတ်ခဲ့ရပြီးနောက် တူရကီနှင့်ရုရှားကြား ဝင်ညှိနှိုင်းပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်သည်။
သူပုန်များ ယခင်က ထိန်းချုပ်နိုင်ခဲ့သော အလက်ပိုအရှေ့ခြမ်းတွင် စစ်တပ်၏ စစ်ဆင်ရေးများ ရပ်ဆိုင်းထားခြင်းရှိ၊ မရှိ အတည်ပြုနိုင်ရန်နှင့် ထောင်နှင့်ချီသော အရပ်သားများနှင့် အတိုက်အခံ တိုက်ခိုက်ရေးသမားများအား ဘေးကင်းစွာ ထွက်ခွာနိုင်ရေးအတွက် ကြီးကြပ်နိုင်ရန် ယင်းနေရာများသို့ ချက်ချင်းဝင်ရောက်ခွင့်ပြုရန် ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂသံတမန် စတက်ဖန်ဒီမစ်တူရာက ဒီဇင်ဘာ ၁၃ ရက် နှောင်းပိုင်းတွင် တောင်းဆိုခဲ့သည်။ စတင်ထွက်ခွာမည့်နေရာဟု သဘောတူသတ်မှတ်ထားသည့် ဆုံရပ်တွင် ဆီးရီးယားအစိုးရ၏ ဘတ်စ်ကားများ ရပ်ထားမှုအား အာရပ်ရုပ်သံ al-Maya-deen TV က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ ယင်းဘတ်စ်ကားများဖြင့် အတိုက်အခံ တိုက်ခိုက်ရေးသမားနှင့် ၎င်းတို့၏ မိသားစုဝင် ၅၀၀၀ အား အလက်ပို အနောက်မြောက်ဘက်ရှိ သူပုန်ထိန်းချုပ်ထားသော အတာရက်ဘ်မြို့သို့ ရွှေ့ပြောင်းပေးရန် ပြင်ဆင်ထားကြောင်း ယင်းရုပ်သံကဆိုသည်။
အရပ်သားများနှင့် သူပုန်များအား ရွှေ့ပြောင်းပေးမည့် အစီအစဉ်သည် ဒီဇင်ဘာ ၁၅ ရက်အထိ ရွှေ့ဆိုင်းထားသည်ဟု ကုလသမဂ္ဂနှင့် အခြားညှိနှိုင်းရေးအဖွဲ့များက အတိုက်အခံများထံ အကြောင်းကြားခဲ့သည်ဟု ပြည်ပတွင် နေထိုင်နေသည့် ဆီးရီးယား အတိုက်အခံတာဝန်ရှိသူ ဘရစ်တာဟာ့ဂျ်ဟက်ဆန်က လူဇင်ဘတ်တွင် ပြောကြားခဲ့သည်။ အလက်ပိုအတွက် အတိုက်အခံများ၏ ဒေသဆိုင်ရာ ကောင်စီတာဝန်ရှိသူ ဟာ့ဂျ်ဟက်ဆန်က ယင်းကဲ့သို့ နှောင့်နှေးမှုအတွက် ရုရှားနှင့် အီရန်တို့အား အပြစ်တင်ခဲ့သည်။
အလက်ပိုသည် အကြမ်းဖက်သမားများ၏ လက်ထဲမှ လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး ဘာရှားအယ်ဂျာဖာရီက ပြောကြားခဲ့သည်။     

Most Read

Most Recent