ကလေးငယ်များ မူးယစ်ဆေး အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် အိန္ဒိယတရားရုံးချုပ်က အစိုးရအား ညွှန်ကြား

ကလေးငယ်များ မူးယစ်ဆေး အလွဲသုံးစားမှုကို အရေးယူဆောင်ရွက်ရန် အိန္ဒိယတရားရုံးချုပ်က အစိုးရအား ညွှန်ကြား
Published 14 December 2016
Ref:AFP

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ခိုင်လာဆက်ယာသီ၏ ကလေးအခွင့်အရေး လှုပ်ရှားမှုအဖွဲ့က တင်ပြခဲ့သော ကလေးသူငယ် မူးယစ်ဆေး အလွဲသုံးစားမှု ပြဿနာအတွက် အရေးယူဆောင်ရွက်ရန် အစိုးရက အစီအစဉ်တစ်ရပ်အား တင်သွင်းရမည်ဟု အိန္ဒိယတရားရုံးချုပ်က ဒီဇင်ဘာ ၁၄ ရက်တွင် ညွှန်ကြားခဲ့သည်။ အိန္ဒိယတွင် အသက် ၂၁ နှစ်အောက် ငါးဦးလျှင် တစ်ဦးသည် မူးယစ်ဆေး သုံးစွဲနေကြောင်း အစိုးရ၏ စာရင်းများက ဖော်ပြထားပြီး မူးယစ်ဆေးအန္တရာယ်ကို လူငယ်များအား ပညာပေးရန် ပို၍လိုအပ်နေကြောင်း တရားရုံးချုပ်က ပြောခဲ့သည်။
အိန္ဒိယအစိုးရအနေဖြင့် ကျောင်းနေကလေးများအကြား မူးယစ်ဆေးသုံးစွဲမှုကို တိုက်ဖျက်ရန်အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံကိန်းအား ခြောက်လအတွင်း အကောင်အထည်ဖော်ရန် တရားရုံးချုပ်က ညွှန်ကြားခဲ့သည်။ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် လူကုန်ကူးမှုတို့သည် ချိတ်ဆက်နေပြီး ကမ္ဘာတွင်အပျံ့နှံ့ဆုံးသော ရာဇဝတ်မှုပုံစံများဖြစ်ကြောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆက်ယာသီက ပြောကြားခဲ့သည်။
ကလေးများအား ပိုမိုကောင်းမွန်သော ကလေးငယ်ဘ၀ ရရှိရေးအတွက် ပန်ကြားမှုကို ဆက်ယာသီ၏ Save Childhood Movement အဖွဲ့က ၂၀၁၄ ခုနှစ်တွင် တရားရုံးချုပ်သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယတွင် ခရိုင်တိုင်း၌ ကလေးများအတွက် အထူးရည်ရွယ်သော ပြန်လည်ထူထောင်ရေး စင်တာများ ဖန်တီးပေးရန် အစိုးရအား ညွှန်ကြားရေးအတွက် တရားရုံးချုပ်ကို ယင်းပန်ကြားမှုက တောင်းဆိုခဲ့သည်။ အိန္ဒိယတွင် ၁၁ နှစ်အရွယ် ကလေးများကပင် မူးယစ်ဆေးသုံးစွဲနေကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။ အိန္ဒိယတွင် အသက် ၂၁ နှစ်အောက် ကလေးငါးဦးလျှင် တစ်ဦးသည် မူးယစ်ဆေးနှင့် အရက်စွဲနေကြကြောင်း ၂၀၁၃ ခုနှစ် ကလေးသူငယ်အခွင့်အရေး ကာကွယ်မှုကော်မရှင်၏ အစီရင်ခံစာကဆိုသည်။         

Most Read

Most Recent