မလေးရှားက ဘုရင်သစ်အား ခမ်းနားထည်ဝါသော အခမ်းအနားဖြင့် နန်းတင်

မလေးရှားက ဘုရင်သစ်အား ခမ်းနားထည်ဝါသော အခမ်းအနားဖြင့် နန်းတင်
Published 13 December 2016

မလေးရှားသည် ဒီဇင်ဘာ ၁၃ က နိုင်ငံ၏ ၁၅ ဦးမြောက်ဘုရင် ပစ္စမမြောက် ဆူလ်တန်မိုဟာမက်အား ခမ်းနားစွာ နန်းတင်ခဲ့ကြောင်း သိရသည်။ ကားမောင်းခြင်းနှင့် အခြားအားကစားများကို စွဲလမ်းမှုအတွက် ထင်ရှားသော ငယ်ရွယ်သူ ဘုရင်မိုမာမက်သည် အသက် ၄၇ နှစ်ရှိပြီဖြစ်ပြီး မြောက်ပိုင်း ကီလန်တန်ပြည်နယ်မှ စော်ဘွားတစ်ဦးဖြစ်သည်။
၁၉၅၇ ခုနှစ်က ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့ပြီးနောက် ကျင့်သုံးခဲ့သည့် အလှည့်ကျအုပ်စိုးသောစနစ်အရ မလေးရှား၏ ပြည်နယ်ကိုးခုမှ စော်ဘွားများသည် မလေးရှားထီးနန်းကို ငါးနှစ်တစ်ကြိမ် အုပ်စိုးရသည်။
ရွှေရောင်ရိုးရာ မလေးဝတ်စုံကို ဝတ်ဆင်ထားသော ဆူလ်တန်မိုဟာမက်သည် ကွာလာလမ်ပူရှိ နန်းတော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ယင်းအခမ်းအနားကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ပစ္စမမြောက် မိုဟာမက်ဆူလ်တန်သည် အောက်စဖို့ဒ် တက္ကသိုလ်ရှိ စိန့်ခရော့စ်ကောလိပ်နှင့် အောက်စဖို့ဒ် အစ္စလာမ္မစ်လေ့လာရေးစင်တာတွင် ပညာသင်ကြားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။
ကျန်းမာရေးပညာပေးအတွက် လမ်းလျှောက်မှု၌ ပါဝင်ခြင်း၊ ဘတ်စကက်ဘော ဦးထုပ်နောက်ပြန်ဆောင်း၍ ဓာတ်ပုံအရိုက်ခံခြင်းတို့ ဆောင်ရွက်ခဲ့သည့် ဆူလ်တန်မိုဟာမက်သည် ငြိမ်းအေးသော သရုပ်သကန်ရှိသည်ဟု ထင်ရှားသည်။         
ဘုရင်၏အခန်းကဏ္ဍသည် မလေးရှားတွင် အဆောင်အယောင် သဘောသာရှိသော်လည်း မလေးမွတ်စလင်တို့အကြားတွင် မလေးအစဉ်အလာအား ထိန်းသိမ်းသူအဖြစ်နှင့် အစ္စလာမ်ခေါင်းဆောင်အဖြစ် လေးစားမှု ကြီးကြီးမားမား ခံရသူဖြစ်သည်။
အုပ်ချုပ်ရေးအာဏာသည် ဝန်ကြီးချုပ်နှင့် ပါလီမန်တွင်ရှိထားပြီး ဘုရင်၏အခန်းကဏ္ဍသည် အစိုးရအဖွဲ့ဝန်ကြီးများ ခန့်အပ်ခြင်း၊ ဝန်ကြီးချုပ်အား တိုင်ပင်၍ အကြီးတန်း တရားသူကြီးများ ခန့်အပ်ခြင်းတို့ ပါဝင်သည်။ ဘုရင်သည် အစ္စလာမ္မစ်ဘာသာရေး ခေါင်းဆောင်များအား ခန့်အပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်အဖြစ်လည်း သတ်မှတ်ခံရသည်။
ဆူလ်တန်မိုဟာမက်သည် ၂၀၁၀ ပြည့် နှစ်ကကီလန်တန်ပြည်နယ် စော်ဘွားဖြစ်ခဲ့ပြီးနောက် ကားဖြင့် စွန့်စားခရီးထွက်ခြင်း၊ မြင်းစီးခြင်း၊ ဂေါက်ရိုက်ခြင်း၊ သေနတ်ပစ်ခြင်း၊ ဘောလုံးကစားခြင်းတို့ကို နှစ်သက်သူ အဖြစ် ထင်ရှားခဲ့သည်။ Ref ; AFP           

Most Read

Most Recent