မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်ခြင်းက ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ပျက်စီးစေနိုင်

မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်ခြင်းက ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ပျက်စီးစေနိုင်
Published 12 December 2016

အားကောင်းသည့် ဖန်လုံအိမ်အာနိသင်ကို ဖြစ်စေသော ဓာတ်ငွေ့တစ်မျိုးဖြစ်သည့် မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု ဆယ်စုနှစ်တစ်ခုကြာ မြင့်တက်ခြင်းက ကမ္ဘာကြီး ပူနွေးလာမှုကို တိုက်ဖျက်ခြင်းအား ပို၍ပင်ခက်ခဲအောင် ပြုလုပ်ခြင်းဖြင့် ခြိမ်းခြောက်လျက်ရှိကြောင်း ထိပ်တန်းသုတေသန ပညာရှင်များက ဒီဇင်ဘာ ၁၂ ရက်တွင် သတိပေးလိုက်သည်။
“မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ပမာဏ သိရအောင်လုပ်ဖို့နဲ့ လျှော့ချဖို့ အရေးပေါ် လိုအပ်တယ်ဆိုတာ ထပ်ပြီးသတိ ပေးလိုက်ပါတယ်” ဟု ၎င်းတို့က သိပ္ပံပညာရှင် ၈၁ ဦး ဆွေးနွေးမှုမှနေ၍ တွေ့ရှိချက်များကို အကျဉ်းချုံးဖော်ပြသည့် Environmental Research Letters ဂျာနယ်မှ စာတမ်းတွင် ရေးသားထားသည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ဖြည်းညှင်းစွာ မြင့်တက်လာခဲ့ပြီးနောက် လေထုထဲ၌ မီသိန်းဓာတ်ငွေ့ပါဝင်မှုသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ယင်းထက် ၁၀ ဆ ကျော်လွန်သွားအောင် အလျင်အမြန်မြင့် တက်လာခဲ့သည်ဟု Earth System Science Data စာတမ်း၌ ဖော်ပြခဲ့သည်။
မျှော်လင့်ထားခြင်း မရှိသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြနိုင်ခြင်းလည်းမရှိသည့် မြင့်တက်မှုသည် အထူးသဖြင့် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ်တို့၌ ထောင်တက်၍လာခဲ့ကြောင်း သိရသည်။
“ကမ္ဘာကြီးပူနွေးလာမှုကို နှစ်ဒီဂရီစင်တီဂရိတ် (၃ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်) အောက်၌ ထိန်းထားရန်မှာ စိန်ခေါ်နေသော ပစ်မှတ်တစ်ခု ဖြစ်နေနှင့်ခဲ့ပြီ” ဟု လွန်ခဲ့သည့် လကစတင်သက်ဝင်ခဲ့သော နိုင်ငံပေါင်း ၁၉၆ နိုင်ငံပါဝင်သည့် ရာသီဥတုဆိုင်ရာ ပါရီသဘောတူညီချက်ကို ကိုးကားလျက် အဆိုပါ ပညာရှင်များက ရေးသားထားသည်။
“မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ချရေးကို ပြင်းပြင်းထန်ထန်နဲ့ အလျင်အမြန် မလုပ်နိုင်ဘူးဆိုရင် အဲဒီရည်မှန်းချက်ဟာလည်း ပိုပိုပြီး ခက်ခဲလာပါလိမ့်မယ်” ဟု ၎င်းတို့က ဆိုသည်။
ယခုအချိန်၌ စက်မှုမထွန်းကားမီ ခေတ်ကထက် တစ်ဒီဂရီစင်တီဂရိတ် (၁ ဒသမ ၈ ဒီဂရီဖာရင်ဟိုက်) ပို၍ပူနွေးလာလျှင်ပင် ကမ္ဘာကြီးသည် မိုးခေါင်ရေရှားခြင်း၊ စူပါမုန်တိုင်းများ ကျရောက်ခြင်း၊ အပူလှိုင်းများ ဖြစ်ပေါ်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ကမ်းရိုးတန်းဒေသများ၌ ရေကြီးခြင်းတို့အား ကြုံတွေ့နေရသည်။
ယခုလမ်းကြောင်းအတိုင်း သွားပါက နိုင်ငံများအနေဖြင့် ပါရီသဘောတူညီချက်ကို လိုက်နာလျက် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချလျှင်ပင် ကမ္ဘာ့ပျမ်းမျှအပူချိန်များသည် ၂၁၀၀ ပြည့်နှစ်သို့အရောက်တွင် သုံးဒီဂရီစင်တီဂရိတ်  (၅ ဒသမ ၄ ဒီဂရီ ဖာရင်ဟိုက်) သို့ ခုန်တက်မည်ဖြစ်ကြောင်း သိရသည်။ Ref ; AFP                       

Most Read

Most Recent