ထရန့်က တရုတ်ဘက်မှ လိုက်လျောမှုမရှိသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မေးခွန်းထုတ်

ထရန့်က တရုတ်ဘက်မှ လိုက်လျောမှုမရှိသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မေးခွန်းထုတ်
Published 12 December 2016

အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ အနိုင်ရရှိထားသော ဒေါ်နယ်ထရန့်က ရုပ်သံမှ ထုတ်လွှင့်သော အင်တာဗျူးတစ်ခုတွင် တရုတ်ဘက်မှ ကုန်သွယ်ရေးနှင့် အခြားသော အကြောင်းအရာများနှင့် ပတ်သက်၍ လိုက်လျောမှုမရှိဘဲ တရုတ်တစ်နိုင်ငံတည်း မူဝါဒအား အမေရိကန်က ဆက်လက်လက်ခံသင့်ပါသလားဟု မေးခွန်းထုတ်ခဲ့ခြင်းဖြင့် ဆယ်စုနှစ်များချီလျက် ကြာပြီဖြစ်သော တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေးကို အဆုံးသတ်ရန် ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်။
ထရန့်သည် မကြာသေးမီက သူနှင့် ထိုင်ဝမ်သမ္မတတို့ ဖုန်းမှတစ်ဆင့် စကားပြောဆိုခဲ့မှုကို အပြင်းအထန် ကာကွယ်ရာ၌ “တရုတ်က ကျွန်တော့်အပေါ် လာပြီးပြဋ္ဌာန်းတာ ကျွန်တော်မလိုချင်ဘူး” ဟု ပြောကြားခဲ့သည်။
“ကုန်သွယ်ရေး အပါအဝင် တခြားအရာတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တစ်ရပ် မလုပ်ဘူးဆိုရင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဘာကြောင့် လက်ခံရမလဲဆိုတာ ကျွန်တော် မသိဘူး” ဟု ထရန့်က ဒီဇင်ဘာ ၁၁ ရက်တွင် Fox News နှင့် အင်တာဗျူးပြုလုပ်ရာတွင် ပြောကြားခဲ့သည်။
ယခုလအစောပိုင်း၌ ထိုင်ဝမ်ခေါင်းဆောင် ဆန်အင်ဝမ်နှင့် ဖုန်းပြောဆိုခဲ့မှုနှင့် ပတ်သက်သော မေးခွန်းတစ်ခုအား တုံ့ပြန်ရာတွင် ထရန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုင်ဝမ်သည် သူ့ဘာသာအုပ်ချုပ်နေသော ကျွန်းဒေသတစ်ခု ဖြစ်သော်လည်း တရုတ်က ပြန်လည်ပူးပေါင်းရန် စောင့်ဆိုင်းနေရသည့် သူ၏ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။
အမေရိကန်၏ သံတမန်အစဉ်အလာအရ တရုတ်နှင့်ပတ်သက်သည့် တစ်ခုတည်းသော ကိုယ်စားလှယ်အဖြစ် တရုတ် (ပြည်မ) ကိုသာ အသိအမှတ်ပြုထားသည်မှာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပြီဖြစ်ပြီး ယင်းသည် ၁၉၇၂ ခုနှစ်တွင် ရစ်ချက်နစ်ဆင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
ထရန့်က အစောပိုင်းတွင် တရုတ်သည်သူ၏ ငွေကြေးကို ထိန်းချုပ်ကိုင်တွယ်နေကြောင်း အထပ်ထပ် စွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး “ငွေကြေးတန်ဖိုး လျှော့ချမှုကြောင့် တရုတ်က ကျွန်တော်တို့ကို အလွန်ကိုဆိုးဆိုးရွားရွား ထိခိုက်စေမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထရန့်သည် တရုတ်နှင့်ပတ်သက်သည့် အခြားအရေးကြီးသော အကြောင်းအရာများ၌ ဝေဖန်မှုအများအပြား ပြုလုပ်ခဲ့ရာ၌ “ကျွန်တော်တို့က သူတို့ကို အခွန်မကောက်ဘဲ သူတို့က နယ်စပ်တွေမှာ အခွန်ကောက်တာမျိုး၊ တောင်တရုတ်ပင်လယ်ရဲ့အလယ်ကောင်မှာ ကြီးမားတဲ့ ခံတပ် တည်ဆောက်တာမျိုး သူတို့မလုပ်သင့်ဘူး” ဟုလည်း ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်နှင့် ပတ်သက်၍ ပြောကြားရာတွင်လည်း ထရန့်က “တရုတ်ဟာ မြောက်ကိုရီးယားကို အဓိက ထောက်ခံအားပေးနေသူဖြစ်တဲ့အတွက် ဒီပြဿနာကို သူဖြေရှင်းနိုင်ရမယ်” ဟု ပြောကြားခဲ့သည်။
ထရန့်က သူရွေးကောက်ပွဲ အနိုင်ရရှိမှုကို ဂုဏ်ပြုစကားပြောကြားလိုသည့် ဆန်အင်ဝမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်မခံပါက မလေးစားရာ ရောက်လိမ့်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အိမ်ခြံမြေ လုပ်ငန်းသူဌေးကြီး ထရန့်က ထိုင်ဝမ်မှ ဖုန်းခေါ်ဆိုမှုကို ဂရုပြုစဉ်းစားရန် သူ့အနေဖြင့် ၂ နာရီခန့်သာ အချိန်ရပြီး ဖော်ပြခဲ့ကြသကဲ့သို့ သီတင်းပတ်နှင့်ချီလျက် သို့မဟုတ် ယင်းထက်ပို၍ ကြာမြင့်စွာ စဉ်းစားချိန် မရဟုလည်း ပြောကြားခဲ့သည်။
သူက “ဒါက သိပ်ကောင်းတဲ့ခေါ်ဆိုမှုပါ။ ဒီဖုန်းကို ကျွန်တော်ကိုင်လို့မရဘူးလို့ တခြားနိုင်ငံတွေက ဘာလို့မပြောသလဲ” ဟု လည်း မေးခွန်းထုတ်ခဲ့သည်။ Ref; AFP

Most Read

Most Recent