ကိုလံဘီယာတွင် ဇီကာ အကျပ်အတည်းအကြား ဦးခေါင်းခွံ မူမမှန်ဘဲ မွေးလာသည့် ကလေးအရေအတွက် လေးဆ မြင့်တက်

ကိုလံဘီယာတွင် ဇီကာ အကျပ်အတည်းအကြား ဦးခေါင်းခွံ မူမမှန်ဘဲ မွေးလာသည့် ကလေးအရေအတွက် လေးဆ မြင့်တက်
Published 11 December 2016
Ref:AFP

ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာရောဂါ ဖြစ်ပွားပြီးနောက် ကိုလံဘီယာနိုင်ငံတွင် ယခုနှစ်အတွင်း ဇီကာဗိုင်းရပ်စ်နှင့် ဆက်နွှယ်လျက် ဦးခေါင်းခွံ မူမမှန်ဘဲ မွေးလာသည့် ကလေးအရေအတွက် လေးဆမြင့်တက်လာကြောင်း ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန် အစိုးရ၏ အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။
ကိုယ်ဝန်နုစဉ်၌ ရောဂါကူးစက်ခံရသော အမျိုးသမီးများသည် မူမမှန်လောက်အောင် ဦးခေါင်းသေးသည့် ကလေးများ မွေးဖွားလာနိုင်သည့် အန္တရာယ်အရှိဆုံးဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန (CDC) ၏ အစီရင်ခံစာ၌ ပြောကြားထားသည်။
၂၀၁၅ ခုနှစ်အလယ်ပိုင်းတွင် စတင်သည့် ဇီကာရောဂါ ဖြစ်ပွားမှုသည် အဓိကအားဖြင့် လက်တင်အမေရိကနှင့် ကရေဘီယံ ဒေသတစ်လျှောက်၌ ပျံ့နှံ့ခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ဇီကာရောဂါသည် Aedes ခြင်ကိုက်ခြင်းနှင့် လိင်ဆက်ဆံခြင်း တို့မှတစ်ဆင့် ကူးစက်နိုင်သည်။
သို့သော် ဦးခေါင်းသေးသည့် ကလေးများ မွေးဖွားမှုသည် ကိုလံဘီယာ၌ ဘရာဇီးထက် ပို၍နည်းသေးသည်။ ဘရာဇီး၌ ယခုနှစ်အတွင်း ဦးခေါင်းသေးသည့် ကလေးများ မွေးဖွားမှု ကိုးဆမြင့်တက်လာသည်။ ကိုလံဘီယာတွင် လူဦးရေများစွာသည် ခြင်များနည်းပါးသည့် ပိုမိုမြင့်မားသောနေရာများတွင် နေထိုင်ကြခြင်းကြောင့် ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။
“ဇီကာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့ ဒီအကြိုအစီရင်ခံစာနဲ့ ကိုလံဘီယာမှာ ဦးခေါင်းသေးတဲ့ ကလေးတွေ မွေးဖွားလာမှုက ဒီလိုဖြစ်တာတွေ မြင့်တက်လာတာဟာ ဘရာဇီးတစ်နိုင်ငံတည်း ကွက်ပြီးဖြစ်နေတာ မဟုတ်ဘူးဆိုတာ ပြနေပါတယ်”ဟု CDC ကပြောကြားခဲ့သည်။
“ဒီတွေ့ရှိမှုက ဇီကာဖြစ်ပွားတဲ့ နိုင်ငံတွေဟာ ဦးခေါင်းသေးတဲ့ ကလေးတွေနဲ့ တခြားမွေးရာပါ ချွတ်ယွင်းချက်ပါတဲ့ ကလေးတွေ မွေးဖွားလာမှု အကြီးအကျယ် မြင့်လာတာနဲ့ တွေ့ကြုံရဖွယ်ရှိကြောင်း အတည်ပြုပေးလိုက်တာပါ”ဟုလည်း CDC ကပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ နိုဝင်ဘာ လလယ်အထိ ဦးခေါင်းသေးသည့် ကလေး ၄၇၆ ဦးမွေးဖွားလာပြီး ယခင်နှစ်ကထက် လေးဆမြင့်တက်ခဲ့သည်ဟု CDC အစီရင်ခံစာအရ သိရသည်။ ယင်းတို့အနက် ၄၃၂ ဦးသည် အသက်ရှင်လျက် မွေးလာပြီး ၄၄ ဦးသည် အသေမွေး သို့မဟုတ် ပျက်ကျခဲ့သည့်ကလေးများ ဖြစ်သည်ဟုဆိုသည်။                    

Most Read

Most Recent