ရှမ်းမြောက် စစ်မီးနှင့် ငြိမ်းချမ်းရေး ရှေ့ခရီး

ရှမ်းမြောက် စစ်မီးနှင့် ငြိမ်းချမ်းရေး ရှေ့ခရီး
လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးဒုက္ခသည်များအား ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံသည့် စစ်ဘေးဒုက္ခသည်များအား ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 11 December 2016
ဆန်းမိုးထွန်း

အစိုးသစ်လက်ထက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကို စတင်နိုင်ခဲ့သော်လည်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ထပ်မံဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခများက ငြိမ်းချမ်းရေးကို အမြန်ဆုံးလိုချင်နေကြသည့် ပြည်သူများအတွက် စိတ်မောစရာ ဖြစ်စေခဲ့သည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းကစတင်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA) တို့ပါဝင်သော ပူးပေါင်းအဖွဲ့က လုံခြုံရေးစခန်းများနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာခြင်းက လက်ရှိအစိုးရသစ် လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဆိုးကျိုးသက်ရောက်လာမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။
ထို့ပြင် တံတားများမိုင်းခွဲခံရခြင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြတ်တောက်ခဲ့ခြင်းက ပြည်သူများအပေါ်တွင် များစွာသော ဆိုးကျိုးများ သက်ရောက်စေခဲ့သည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားရာတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက အပြစ်မဲ့အရပ်သား ပြည်သူများပါ ထိခိုက်သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ ဒီဇင်ဘာ ၉ ရက်က နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူစာရင်းတွင် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး၊ ပြည်သူ့စစ်တစ်ဦး၊ အပြစ်မဲ့ပြည်သူ ၁၃ ဦး စုစုပေါင်း ၂၉ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရသူစာရင်းတွင် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ ဝန်ထမ်းနှစ်ဦး၊ အပြစ်မဲ့ပြည်သူ ၄၉ ဦး စုစုပေါင်း ၆၂ ဦး အထိ ရှိလာပြီဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် လူပေါင်းထောင်ချီသော မူဆယ်မြို့ခံများက တရုတ်နယ်စပ် မှတစ်ဆင့် ကြယ်ခေါင်နှင့် ရွှေလီမြို့များသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။
“လောလောဆယ်တော့ မြို့ထဲမှာ တိတ်ဆိတ်နေတယ်။ အသွားအလာ လုံးဝမရှိသလောက် ဖြစ်နေပြီ။ ဆိုက်တွဲတွေနဲ့ ဆိုင်ကယ်တချို့လောက်ပဲ သွားလာတာ တွေ့ရတယ်။ ဘဏ်တွေ၊ ဈေးဆိုင်တွေနဲ့ စာသင်ကျောင်းတွေ အကုန်ပိတ်ကုန်ကြပြီး မြို့ခံအများစုက ကောလာဟလလွှင့်တဲ့ သတင်းတွေကြောင့် ကြယ်ခေါင်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်။ ခုချိန်ထိတော့ ရွှေလီကြယ်ခေါင်ဘက်ကို ကူးနေကြတာ ထောင်နဲ့ချီရှိတယ်။ တရုတ်နယ်စပ်ကတော့ ခုချိန်ထိတော့ တိမ်းရှောင်လာတဲ့သူတွေကို လက်ခံပေးနေတာပဲ။ ဒီမှာက ဌာနဆိုင်ရာတွေပဲ ကျန်တော့တာ”ဟု မူဆယ်မြို့မှ ဝန်ထမ်းတစ်ဦးက နိုဝင်ဘာ ၂၂ ရက်က ပြောကြားထားသည်။
နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းက စတင်ကာ တရုတ်နယ်စပ် ဝင်ပေါက်ထွက်ပေါက်များတွင် တန်းစီ၍ ထွက်ခွာလျက်ရှိပြီး ညနေပိုင်းအထိ ဝင်ရောက်နိုင်ခြင်း မရှိသေးသူ ရာထောင်ချီရှိခဲ့သည်။
ထို့ပြင် နိုဝင်ဘာ ၂၄ ရက်အထိ မူဆယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ကိုးခုသို့ ထပ်မံရောက်ရှိလာသော စစ်ဘေးရှောင် ပြည်သူများကြောင့် ဒုက္ခသည်ဦးရေ ၃၇၁၀ အထိရှိလာသည်။
ယာယီကယ်ဆယ်ရေးစခန်း ငါးခုဖြစ်သည့် မဟာဝန် (မြောက်) ဘုန်းကြီးကျောင်း၊ ဇေတဝန် ဘုန်းကြီးကျောင်း၊ အောင်မင်္ဂလာစွမ်စော် ဘုန်းကြီးကျောင်း၊ နန့်ခွမ် ဘုန်းကြီးကျောင်းနှင့် ဟိုမွန်ကချင် ခရစ်ယာန်ကျောင်းတို့အပြင်  မုံးကိုးဒေသမှ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာပြီး စိန့်ပီတာ ခရစ်ယာန်ကျောင်း၊ ဂေါ်ရခါး သာရေးနာရေး လူငယ်အသင်း၊ အ.ထ.က (၂) ကျောင်းနှင့် အ.မ.က (၄) ကျောင်းတို့၌လည်း စစ်ဘေးရှောင်များ ခိုလှုံလျက်ရှိကြသည်။
“မုံးကိုး၊ မုံပေါ်၊ ပန်ဆိုင်း၊ ကြူ ကုတ်နဲ့ ဖားဆိုင်ဒေသတွေဘက်က စစ်ဘေးရှောင်တွေ ထပ်ရောက်လာပြီး ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်း တစ်ခုချင်းစီမှာ ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ စောင်တွေကို လိုက်လံထောက်ပံ့ ပေးထားပါတယ်။ ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ရောက်ရှိနေတဲ့ အရေအတွက်က မနေ့ကရောက်လာတဲ့ မုံးကိုးဘက်က ဆရာ၊ ဆရာမ ၁၁၀ နဲ့ပါဆိုရင် စုစုပေါင်း ၃၇၁၀ ရှိနေပါတယ်”ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ခဲ့သည့် ကြေညာချက်
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ကြေညာချက်တစ်စောင်ကို နိုဝင်ဘာ ၂၃ ရက်က အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့သည်။
NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တွင် လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြခြင်းကြောင့် ပြည်တွင်းစစ် အဓွန့်ရှည်ကာ နိုင်ငံနှင့် ပြည်သူများလည်း ဆိုးကျိုးများ ရရှိခံစားခဲ့ရကာ အခြားနိုင်ငံများအောက် နောက်ကျကျန်ရစ်ခဲ့ရသည်မှာ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူအများလိုလား တောင့်တလျက်ရှိသော ပန်းတိုင်သို့ လက်နက်ကိုင် နည်းလမ်းဖြင့် ရောက်ရှိနိုင်မည်မဟုတ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ပင်လုံသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ အဆိုပါငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတံခါးများ အစဉ်အမြဲ ဖွင့်လှစ်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေးအတွက် ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း ရေးသားထားသည်။ ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (NCA) ကိုလက်မှတ်ရေးထိုးရန် လိုအပ်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ရှမ်းပြည်နယ်အပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်ငြိမ်အေးချမ်းပြီး မူလပုံမှန် အနေအထားသို့ ပြန်လည်ရောက်ရှိစေရန် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင်လည်း တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ရွပ်ရွပ်ချွံချွံ စွမ်းဆောင်မှုများကြောင့် အခြေအနေ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်နိုင်ရေး၊ NCA တွင် အမြန်ဆုံးလက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ NCA လက်မှတ်ရေးထိုးပြီးနောက် နှစ်ဦးနှစ်ဖက် ချိုးဖောက်မှုများ မရှိစေရေးအတွက် စောင့်ကြည့်ဖြေရှင်းသည့် ယန္တရားများ ပိုမိုခိုင်မာစေရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်းဆွေးနွေး နည်းလမ်းရှာဖွေရေး၊ ပြည်သူအများ မျှော်လင့်တောင့်တနေသော ငြိမ်းချမ်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးတွင် တန်းတူရည်တူ ပါဝင်နိုင်ရေးစသည်တို့ကို ရှေးရှုလျက် ငြိမ်းချမ်းရေးခရီးကို အတူတကွ လက်တွဲ၍ လျှောက်လှမ်းကြရန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။
NCA လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမြန်ဆုံးပါဝင်ရန် တိုက်တွန်းခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ 
တိုင်းရင်းသားခေါင်းများနှင့် အဖွဲ့အသီးသီး၏ သဘောထားအမြင်များ
ကချင်နှင့် ရှမ်းမြောက်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်ရန် တိုက်တွန်းကြောင်း ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီက နိုဝင်ဘာ ၂၀ ရက်၌ သဘောထား ထုတ်ပြန်ခဲ့သည်။
လက်ရှိဖြစ်ပွားနေသော စစ်ပွဲများကြောင့် ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးကော်မတီ၏ ငြိမ်းချမ်းရေး (၂၁ ရာစု ပင်လုံ) လုပ်ငန်းစဉ်တွင် ပါဝင်မှုကို တိုက်ရိုက်ထိခိုက်စေသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ကြောင့် မလိုအပ်ဘဲ တိုက်ခိုက်နေသော စစ်ပွဲများခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်ရန် အစိုးရခေါင်းဆောင်များ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအားလုံးက အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် အလေးအနက် တိုက်တွန်းတောင်းဆိုပါသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကို အမြန်ဆုံးရပ်တန့်ရန် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း တိုက်တွန်းတောင်းဆိုခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Myanmar China Cooperation & Communication Center နှင့် Chinese Enterprises Chamber အဆောက်အအုံသစ် ဖွင့်လှစ်မှုအခမ်းအနားသို့ တက်ရောက်လာချိန်တွင် သံအမတ်ကြီး ဟုန်လျန်က ရှမ်းပြည်နယ်၌ လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမြန်ဆုံး အဆုံးသတ်စေလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်အဖွဲ့များအကြား ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ‘ဝ’အဖွဲ့က နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန်ကြေညာချက်ကို တရုတ်ဘာသာစကားဖြင့် ရေးသားထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
“တရုတ်စာက အဓိကအကြောင်းရင်းကတော့ ဘယ်လိုပြောမလဲ။ နိုင်ငံရေးကိစ္စကို အဓိကနိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်ပါတယ် ပေါ့နော်။ ပြီးတော့နိုင်ငံရေးကို စစ်ရေးနဲ့ဖြေရှင်းတာ နှစ်ပေါင်း လေး၊ ငါး၊ ခြောက်ဆယ်ရှိခဲ့ပြီ။ ဘာမှအောင်မြင်မှုလည်း မရှိပါဘူးနော်။ ပြီးတော့ သူတို့တွေ့ဆုံဆွေးနွေးဖို့ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ‘ဝအနေနဲ့ ဘယ်လိုမျိုး အခန်းကဏ္ဍမှာ ပါဝင်ရမလဲ။ ကျွန်တော်တို့ အဆင်သင့်ပါပဲဆိုတဲ့ အကြောင်းအရာလေးတွေပါပဲ ရေးထားတာဟု ‘ဝအဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခများအား နည်းလမ်းရှာညှိနှိုင်းရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၂၆ ရက်က ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တိုက်ပွဲများဖြစ်ပွားနေခြင်းကို မည်သူမှားသည်၊ မှန်သည် မပြောလိုကြောင်း၊ တိုက်ပွဲတွေ ဖြစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး Process  ထိခိုက်ကြောင်း၊ ပြည်သူများလည်း ဒုက္ခရောက်သည့်အတွက် နည်းလမ်းရှာ ညှိနှိုင်းရန် တင်ပြခဲ့ကြောင်း ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
 “မြောက်ပိုင်းကိစ္စကို ကျွန်တော်တို့ တင်ပြပါတယ်။ အခုက ငြိမ်းချမ်းရေးကို လက်နက်ကိုင်ပဋိပက္ခနဲ့ ဘယ်လိုမှရှင်းလို့တော့ မရဘူးပေါ့လေ။ နှစ်ပေါင်း ၆၀ လည်း အတွေ့အကြုံရှိလာပြီ။ ဒါကြောင့်မို့လို့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ပဋိပက္ခရှိပေမယ့်လည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ တင်ပြခဲ့တာပေါ့နော်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထိုသို့ KNU ၏တင်ပြမှုအပေါ် တပ်မတော်အနေဖြင့် ပြန်လည်သုံးသပ်နိုင်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
“အတိအကျရယ်လို့ မဟုတ်ပေမယ့်လို့ သူတို့က ပြန်သုံးသပ်မှာပေါ့နော်။ ကျွန်တော်တို့ အဆိုပြုတာ။ ကျွန်တော်တို့ NCA အတိုင်းသွားမယ်ဆိုတာ အကုန်လုံးက NCA မှာပါလာလို့ရှိရင် ဒါတွေက ဖြစ်ဖို့ကပိုပြီးတော့ အပစ်အခတ်ရပ်စဲ ထိန်းနိုင်မယ့် အနေအထားရှိတာပေါ့။ NCA လက်မှတ်မရေးထိုးထားတာ တစ်ချက်ပါတာပေါ့နော်။ နောက်တစ်ချက်က သူတို့ကမူလက ကျွန်တော်နားလည်တာ ညှိနှိုင်းတဲ့အပိုင်းလည်း ပါပါတယ်။ ဒီသုံးဖွဲ့ကိုလည်း သူတို့ညှိလာခဲ့တာ ရှိပါတယ်။ သို့သော်လည်းပဲ တချို့အချက်တွေမှာ သုံးနှုန်းတဲ့ ဝေါဟာရပေါ်မှာ သဘောတူညီမှု မရသေးတော့ ကြားထဲမှာဒီကိစ္စလိုမျိုး ဖြစ်လာတာပါ။ အဲဒီလိုတော့ ဆွေးနွေးခဲ့ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းရှိသလို၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်လည်း ဆောင်ရွက်နေကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားထားသည်။
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည့် Centre for Development and Ethnic Studies (CDES) နှင့် Parliamentary Centre (Canada) တို့မှ ပူးပေါင်းစီစဉ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို အောင်မြင်စွာ မည်သို့ဖြေရှင်းရမည်ဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ဦးခင်ဇော်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးခင်ဇော်ဦးက အခုကျွန်တော်တို့ အခြေအနေတွေ အများကြီးတိုးတက်နေပါတယ်။ ဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ မကြာခင်ရက်ပိုင်းကတော့ ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေက ဖြစ်နေပါတယ်။ တိုက်ပွဲတွေ စဖြစ်နေတာကတော့ တိုက်ပွဲတွေဖော်တဲ့ သူကနေစဖော်တော့လည်း တိုက်ကြ၊ ခိုက်ကြရတာပေါ့။ ဒါလည်း ကျွန်တော်ထင်တယ် မကြာခင် ပြီးသွားပါလိမ့်မယ်။ ပြီးအောင်လည်း တစ်ဖက်က စစ်ရေးနည်းနဲ့ ဖြေရှင်းတာရှိသလို၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာလည်း အဖြေရှာနေပါတယ်။ ပြီးရင်ဘယ်လိုရမလဲ။ ဒါလည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ ရလဒ်မရှိသေးတဲ့ အတွက်ကြောင့် ဘယ်လိုလုပ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကျွန်တော်တို့ မပြောနိုင်သေးတာပဲ ရှိပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ ကျွန်တော်တို့ဒီအတိုင်း ထိုင်ကြည့်မနေပါဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့မှ ကြိုးစားဆောင်ရွက်နေပါတယ်။ ဝိုင်းကူညီတဲ့ အဖွဲ့တွေလည်း ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ်”ဟုပြောကြားသည်။
ယင်းငြိမ်းချမ်းရေး ဖိုရမ်သို့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း၊ ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့သည်။
ငြိမ်းချမ်းရေးရရှိထားမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည် ဖြစ်သကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ပဋိပက္ခများရပ်စဲ၍ ငြိမ်းချမ်းရေး ထာဝရတည်တံ့မည် ဖြစ်ကြောင်းနှင့် ထို့အတွက်လက်ရှိ အပစ်အခတ်ရပ်စဲရေး အဆင့်၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်များတွင် မိမိတို့တိုင်းရင်းသား အင်အားစုများအနေဖြင့် ပြည့်ပြည့်၀၀ ပါဝင်ပူးပေါင်းလာရန် လိုအပ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်သလား။ မတည်ဆောက်ချင်သလား။ တည်ဆောက်ချင်တယ်ဆိုရင် လက်နက်ကိုင် တိုက်ပွဲနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး။ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်။ ဒါကြောင့် ဖက်ဒရယ် ပြည်ထောင်စုကို တကယ်စိတ်စေတနာအရ တည်ဆောက်မယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကနေ တည်ဆောက်တာက လမ်းပွင့်နေတယ်။ ဒါကြောင့် ဒီလမ်းကြောင်းထဲမှာ ပါဝင်တည်ဆောက်ဖို့ ကျွန်တော်တို့က ကြိုးစားဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။ အဲဒီလို ကြိုးစားဖိတ်ခေါ်တဲ့ နေရာမှာ နှောင့်နှေးနေရင် ဒီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာလည်း နှောင့်နှေးသွားမှာဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့ အင်မတန်စိုးရိမ်ပါတယ်။ ဒါကြောင့် ဒီငြိမ်းချမ်းရေးကို နှောင့်နှေးစေခြင်းနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို နှောင့်နှေးစေခြင်းကတော့ ဘယ်ဘက်ကမှ၊ ဘယ်အင်အားစုမှ၊ ဘယ်လူမျိုး ဘယ်အဖွဲ့အစည်းကမှ ဒါမလုပ်ဆောင်သင့်ဘူး” ဟုပြောကြားသည်။
ထို့ပြင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ကျွန်တော်တို့ လက်ရှိစီစဉ်ထားတဲ့ အတိုင်းဆိုရင် အခုဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကနေ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို သွားနေကြပါတယ်။ တစ်ချိန်တည်းမှာပဲလည်း ကျွန်တော်တို့ မှန်းထားတာကတော့ လာမယ့်ဖေဖော်ဝါရီမှာလုပ်မယ့် ဒီပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ထပ်ပြီးတော့ တွေ့ကြမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ မျှော်လင့်တာက၊ ကျွန်တော်တောင်းပန်တာက ညီအစ်ကို မောင်နှမတွေ အားလုံးကို ညှိနှိုင်းပြီးရင်၊ ပြေလည်တဲ့ နားလည်မှုတစ်ခုရခဲ့ရင် လက်မှတ်ထိုးပေးကြပါ” ဟုပြောကြားသည်။
ပြည်သူ့လွှတ်တော်က အရေးကြီးအဆို
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA၊ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏အချုပ်အခြာ တည်မြဲမှု၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မိတ္ထီလာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက နိုဝင်ဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ဆက်လက်ဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်က သတ်မှတ်ပေးသင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းအောင်တို့က အဆိုဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ယခုဖြစ်ပွားခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြုတဲ့ ဆက်သွယ်ရေးလမ်းကြောင်း၊ သံကူကွန်ကရစ်တံတားများ ဖောက်ခွဲဖျက်ဆီးခြင်းနဲ့ မြို့ရွာများရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနှင့် အခြေခံအဆောက်အအုံများ ပစ်မှတ်ထားပြီး ဆောင်ရွက်ခဲ့ကြတဲ့အပြင် ဒို့တာဝန် အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာတဲ့အတွက် ယခုဖြစ်ပွားနေတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူများဖြစ်တဲ့ UNFC ဥက္ကဋ္ဌ အင်ဘန်လ၊ KIA မှ ဂမ်ရှောင်၊ TNLA မှ မိုင်းအိုက်ဖုန်း (ခေါ်) တာအိုက်ဖုန်း၊ MNDAA မှ ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်၊ AA မှ ထွန်းမြတ်နိုင် တို့အပါအဝင် ပြစ်မှုကျူးလွန်သူကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူပြီးတော့ သူတို့ရဲ့လုပ်ရပ်များအပေါ် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဆန့်ကျင်ချေမှုန်းသင့်ပါတယ်။ ဒါကြောင့် အဆိုပါ KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်မှ သတ်မှတ်ပေးပါရန် လေးစားစွာတင်ပြလိုပါတယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားမှုအရ အဆိုပါ အကြမ်းဖက်အဖွဲ့များကို ရိက္ခာပစ္စည်း ထောက်ပံ့ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများကိုလည်း တားမြစ်ရပ်ဆိုင်းစေသင့်ပါတယ်”ဟု ဗိုလ်မှူးကြီးသန်းအောင်က ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက “သို့ဖြစ်ပါ၍ ယခုကဲ့သို့ အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့ သေကျေဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ ယာဉ်များဖျက်ဆီးခြင်း၊ ပြည်သူတို့၏ စီးပွားဥစ္စာ ပျက်စီးစေခြင်းတို့ကြောင့် KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် လွှတ်တော်မှ သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း တင်ပြပါတယ်။ ဒ့ါအပြင် KIA၊ TNLA၊ MNDAA နှင့် AA အဖွဲ့များဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် ယင်းအဖွဲ့များကို NGO များ၊ INGO များက လူသားချင်း စာနာထောက်ထားခြင်း ခေါင်းစဉ်နဲ့ ထောက်ပံ့နေမှုများကိုလည်း ရပ်ဆိုင်းစေရန် လွှတ်တော်မှ တိုက်တွန်းသင့်သည်ဟု ယူဆပါကြောင်း တင်ပြလိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောကြားသည်။
ယင်းအရေးကြီးအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့ရာ ကိုယ်စားလှယ်အများစုက လက်ရှိဖြစ်ပွားနေသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြစ်တင်ဝေဖန်နေရုံမျှဖြင့် အဖြေထွက်နိုင်မည် မဟုတ်ကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးအဖြေရှာကာ စစ်မှန်သည့် ငြိမ်းချမ်းရေးရယူပေးရန် တိုက်တွန်းကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။
အဆိုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ထောက်ခံဆန္ဒမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၄၄ မဲ၊ ကြားနေဆန္ဒမဲ ခုနစ်မဲ ဖြစ်သောကြောင့် ဒေါက်တာ မောင်သင်းတင်သွင်းသည့် အရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။  
သတင်းစာရှင်းလင်းပွဲ
တရုတ်အစိုးရ၏ စီစဉ်ပေးမှုကြောင့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်း တွေ့ဆုံရန်ရှိခဲ့သော်လည်း ပျက်သွားသည့် အခြေအနေအပေါ် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်မှ ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
“တရုတ်အစိုးရ စီစဉ်ပေးတဲ့ တစ်ဖွဲ့ချင်း တွေ့ဖို့ကိုလည်း သဘောတူခဲ့ပါတယ်။ ၁ ရက် မနက်ပိုင်း ၁၀ နာရီ အထူးဒေသ (၄) နဲ့ တွေ့ပြီးတဲ့အချိန်မှာ MNDAA နှင့် KIA အဖွဲ့က ၂ နာရီမှာ ရောက်ပါမယ်။ ရောက်တဲ့အခါမှာ KIA နဲ့ သူတို့နဲ့ပေါင်းပြီး တွေ့မယ်လို့ပြောပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံက စီစဉ်ပေးထားတာမှာ ၁၄ နာရီ (မွန်းလွဲ ၂ နာရီ) မှာ KIA  နဲ့တွေ့ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ရောက်လာတဲ့အချိန်မှာ ၂ နာရီမှာ သူတို့နဲ့တွေ့ဖို့ ပြောတဲ့အခါမှာ သူတို့က ကိုးကန့်အဖွဲ့က သူတို့အနေနဲ့ တစ်ဖွဲ့ချင်းတွေ့မှာ မဟုတ်ဘဲ အားလုံးပေါင်းပြီးတော့ပဲ တွေ့မယ်တဲ့။ ကျွန်တော်တို့ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က အကျိုးစီးပွားချင်းလည်း မတူဘူး။ ပြဿနာချင်းလည်း တူတာမဟုတ်ဘူး။ KIA ရောက်လာတဲ့အခါမှာတော့ သူတို့က ကျွန်တော်တို့နဲ့တွေ့ဖို့ အစီအစဉ်မရှိဘူးတဲ့။ သူတို့က ‘ဝ’ အဖွဲ့နဲ့ပဲတွေ့ဖို့ အစီအစဉ်ရှိပါတယ်လို့ ပြောပါတယ်။ ဒါကြောင့် KIA နဲ့တွေ့ဖို့ အစီအစဉ်လည်း မဖြစ်တော့ပါဘူး။ နောက်ဆုံးတစ်ဖွဲ့ချင်း မတွေ့ချင်ဘူး။ သုံးဖွဲ့ပေါင်း (TNLA၊ AA၊ MNDAA) တွေ့ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်။
သို့သော် သူတို့ကသုံးဖွဲ့စလုံးအပြင်ကို KIA ကိုယ်စားလှယ်နှစ်ဦး၊ ‘ဝ’ ကိုယ်စားလှယ်နှစ်ဦးနဲ့ တရုတ်အစိုးရပါ ပါဝင်ဖို့ အခင်းအကျင်းသစ်ကို လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ မတွေ့ဖြစ်ဘဲ ဖြစ်သွားတာပါ” ဟု ဦးခင်ဇော်ဦးက ရှင်းပြသည်။
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ပျယ်ပြယ်ခဲ့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းရန် ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရှမ်းမြောက် လက်နက်ကိုင်လေးဖွဲ့၏ အချက်ငါးချက်ပါ ကြေညာချက်
စစ်မှန်ပြီး မျှတသည့် နိုင်ငံရေး ဆွေးနွေးမှုအတွက် စစ်ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်း အပါအဝင် အချက်ငါးချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် လက်နက်ကိုင်လေးဖွဲ့မှ ဒီဇင်ဘာ ၄ ရက်က ပူးပေါင်းထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာအစိုးရက တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့် အပစ်အခတ် ရပ်စဲရေးကြေညာရန်၊ မြန်မာ့တပ်မတော်၏ ထိုးစစ်များရပ်တန့်ပြီး တိုင်းရင်းသားနယ်မြေဒေသများမှ ဆုတ်ခွာရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးအဖြေရှာသည့် နည်းလမ်းအမြန်စတင်ရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နေရာများသည် မြန်မာ - တရုတ် နယ်စပ်ဒေသတွင် အများဆုံးဖြစ်ပွားနေ၍ တိုက်ပွဲများချုပ်ငြိမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန် တောင်းဆိုထားသည်။
ပြည်တွင်းစစ်မီးကို အပြီးတိုင်ရပ်စဲရန်မှာ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲပြီး စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ပြည်တွင်းစစ်မီး အပြီးတိုင် ရပ်စဲရန်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်လွှတ်တော်ကအတည်ပြုလိုက်တဲ့အဆို
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA၊ TNLA၊ MNDAA လက်နက်ကိုင် သောင်းကျန်းသူများ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဒီဇင်ဘာ ၆ ရက်က ရှမ်းပြည်နယ်လွှတ်တော်မှ သဘောတူညီခဲ့သည်။ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူက အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့သော်လည်း ကလောမြို့နယ် မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အဆိုကို လက်ခံဆွေးနွေးရန် မသင့်ကြောင်း ကန့်ကွက်ခဲ့သဖြင့် လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများခြင်းကြောင့် လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဒီဇင်ဘာ ၇ ရက်က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး တတိယနေ့တွင် အဆိုကို ဆွေးနွေးရာတွင် ကန့်ကွက်မှုများရှိခဲ့သည်။
“အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ရုံဖြင့် တိုင်းပြည်အေးချမ်းလာမည်လည်း မဟုတ်ကြောင်း၊ ကောင်းကျိုးထက် ဆိုးကျိုးပိုမိုများလာမည်လားဟု ထင်မြင်မိပါကြောင်း၊ တိုင်းရင်းသားအရေး ဖြစ်သဖြင့် အင်မတန် သိမ်မွေ့နက်နဲသော ကိစ္စဖြစ်သဖြင့် ပြည်နယ်တစ်ခုတည်းမှ မဆုံးဖြတ်သင့်ကြောင်း၊ ဤကဲ့သို့ ရှုတ်ချမည့်အစား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိမည့် နည်းလမ်းများကို ဝိုင်းဝန်းစဉ်းစား အဖြေရှာသင့်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များမှာ အလုပ်များစွာရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု ကချင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇုတ်ဒေါင်က အဆိုကို ကန့်ကွက်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ တွင် နိုင်ငံတော်ကာကွယ်ရန် တပ်မတော်မှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသော မည်သည့်အဖွဲ့အစည်းကိုမဆို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန်မလိုအပ်ဘဲ ဥပဒေမှပေးသွားမည့် အခွင့်အာဏာအတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊ ယခုလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက ၎င်းတို့၏လုပ်ရပ်များသည် ရပ်တန့်သွားမည်မဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် သဘောထားအမြင် ပိုမိုကွဲလွဲလာကာ စစ်ပွဲများ ဆက်လက်ဖြစ်ပွားစေရန် တွန်းအားပေးသလို ဖြစ်လာနိုင်မည်ဟု ထင်မြင်မိကြောင်း၊ တပ်မတော်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ယခုလို ထိလွယ်ရှလွယ် အချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါက နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာသွားမည်ကို စိုးရိမ်မိပါသောကြောင့် အဆိုကို အတည်ပြု မသတ်မှတ်ရန်နှင့် မှတ်တမ်းအဖြစ်သာ ထားရှိပေးပါရန် ရပ်စောက် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တင်သွင်းကန့်ကွက်ခဲ့သည်။
ထိုသို့ ကန့်ကွက်ဆွေးနွေးမှုများ ရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲ ၄၅ မဲ၊ ကြားနေမဲ ခုနစ်မဲနှင့် ထောက်ခံမဲ ၆၃ မဲတို့ အသီးသီးရရှိသဖြင့် ရှမ်းပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေး ရှေ့ခရီး
အစိုးရသစ်လက်ထက်တွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို ပြုလုပ်နေသော်လည်း တိုက်ပွဲတစ်ကျော့ ပြန်ဖြစ်ပေါ်လာခြင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်မှုရှိလာမည်ကို ပြည်သူများက စိုးရိမ်မှုများ ရှိခဲ့ကြသည်။
လက်ရှိ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွင် စစ်ပွဲများ မရပ်သေးပေ။ ရှမ်းမြောက် လက်နက်ကိုင် တပ်ဖွဲ့လေးဖွဲ့မှ ငြိမ်းချမ်းရေးအတွက် ကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၄ ရက်က ထုတ်ခဲ့သော်လည်း ရှမ်းပြည်နယ်လွှတ်တော်မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အတည်ပြု ခဲ့သည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ယခုကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA၊ TNLA၊ MNDAA လက်နက်ကိုင် တပ်ဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရှမ်းပြည်နယ် လွှတ်တော်မှ အတည်ပြုခဲ့ခြင်းသည် နိုင်ငံရေးဗျူဟာ တစ်ခုအဖြစ်ထင်မိကြောင်း ရပ်စောက် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က ဆိုသည်။
“ဒါကတော့ နိုင်ငံရေးဗျူဟာ တစ်ခုလို့ပဲထင်တယ်။ ဒါက ပြည်သူ့လွှတ်တော်မှာလည်း ဒီအဆိုကို မိတ္ထီလာ မဲဆန္ဒနယ်က ဒေါက်တာ မောင်သင်း တင်ထားတာရှိတယ်။ သူက စိုးရိမ်မိကြောင်းပဲ တင်တာပါ။ ဒီလိုသတ်မှတ်တာ မဟုတ်ဘူး။ ပြည်ထောင်စုအဆင့်မှာ မအောင်မြင်လို့ ပြည်နယ်မှာတင်တာလို့ပဲ မြင်ပါတယ်”ဟု ဦးခိုင်ညီညီကျော်က ဆိုသည်။
ထို့ပြင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုလျော့နည်းသွားနိုင်ကြောင်း သိန္နီမဲဆန္ဒနယ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက သုံးသပ်သည်။
“အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်လိုက်ခြင်းအားဖြင့် ပြည်တွင်းစစ်ကြီး နှစ်ပေါင်း ၆၀ လောက်ဖြစ်နေတဲ့ ပြည်တွင်းစစ်က ငြိမ်းချမ်းသွားမှာလား။ ဒါက အဓိကပေ့ါနော်။ သတ်မှတ်လိုက်ခြင်းဖြင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပိုကြီးထွားလာမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး အလှမ်းဝေးသွားမှာလည်း စိုးပါတယ်။ အိမ်ကြီးတစ်အိမ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူ မောင်နှမတစ်တွေပါ။ ဒါဆိုဘာကြောင့် ဒီလိုဖြစ်ရလဲဆိုပြီး မိဘအနေနဲ့ သုံးသပ်ဖို့လိုတယ်။ မိဘဖြစ်သူက သားသမီးတွေကို မုန့်ဖိုးပေးတာ မညီမျှလို့လား။ ကျောသားရင်သား ခွဲခြားလို့လား ဒါကိုဆန်းစစ်ဖို့ လိုပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့ သတ်မှတ်လိုက်ခြင်းဖြင့် ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းသွားမှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကိုလည်း စိုးရိမ်ပါတယ်။ တိုင်းရင်းသား အချင်းချင်း ယုံကြည်ဖို့လိုပါတယ်။ ယုံကြည်မှုရှိမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာပါ။ အခုအဲဒီလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် ယုံကြည်မှု လျော့နည်းသွားလိမ့်မယ်လို့ ထင်ပါတယ်”ဟု ဒေါ်နန်းခင်ထားရီက ဆိုသည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်းသည့် ကြေညာချက်တွင် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး ချုပ်ငြိမ်းနိုင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ပင်လုံသည် တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးတံခါးများ အစဉ်အမြဲ ဖွင့်လှစ်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေးအတွက် ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း ရေးသားထားသည့်အတွက် ရှမ်းပြည်နယ်လွှတ်တော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA၊ TNLA၊ MNDAA လက်နက်ကိုင်တပ်ဖွဲ့များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတည်ပြုခဲ့တဲ့ခြင်းက ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လမ်းကြောင်းနှင့် ကွဲပြားသကဲ့သို့ ဖြစ်နေသည်။
ပြည်သူများ အားလုံးလိုချင် တောင့်တနေသည့် ငြိမ်းချမ်းရေးက ရှမ်းမြောက်စစ်မီးများကြောင့် ဝေးသွားနိုင်မလား၊ နီးလာနိုင်မလားဆိုတာ မသေချာမရေရာသော အချိန်တွင် ရှမ်းမြောက်မှ လက်နက်ကိုင် တပ်ဖွဲ့သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းက မည်သို့သော ဆိုးကျိုးလာဖြစ်မည်ကို ဆက်လက်စောင့်ကြည့်ရတော့မည်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ခက်ခဲသွားနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဆိုသည်။
“ကျွန်တော်တို့ ဒါကိုကန့်ကွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က နည်းနည်းပိုခက်သွားမယ်။ စကားပြောရတာ။ အထူးသဖြင့် KIA ကိုလုပ်တယ်ဆိုတော့ ပိုပြီးတော့ နည်းနည်းခက်မယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒါကိုမကြိုက်ဘူး။ ငြိမ်းချမ်းရေး ရချင်တယ်။ ငြိမ်းချမ်းရေး ရချင်တဲ့အတွက် ဒါကိုအသိအမှတ် မပြုဖို့ပေါ့။ ဒါကိုတောင်းဆိုတာပါ။ အမှန်တော့ ငြိမ်းချမ်းရေး လုပ်နေတယ်ဆို ဒါတွေက ဖြစ်လာစရာအကြောင်း မရှိဘူး။ မလုပ်သင့်ဘူးပေါ့။ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်မယ်ဆိုတဲ့အခါကျရင် ဒါမျိုးတွေကို မလုပ်သင့်ဘူး”ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

Most Read

Most Recent