အစ္စတန်ဘူတွင် ဘောလုံးပွဲတစ်ခုအပြီး ကားဗုံးနှင့် အသေခံဗုံးခွဲမှုများ ဖြစ်ပွားခဲ့ရာ လူ ၃၈ ဦး သေဆုံး

အစ္စတန်ဘူတွင် ဘောလုံးပွဲတစ်ခုအပြီး ကားဗုံးနှင့် အသေခံဗုံးခွဲမှုများ ဖြစ်ပွားခဲ့ရာ လူ ၃၈ ဦး သေဆုံး
Published 11 December 2016
Ref: AFP

တူရကီနိုင်ငံ အစ္စတန်ဘူမြို့လယ်ရှိ ဘောလုံးကွင်းတစ်ခု၏ အပြင်ဘက်တွင် ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ကားဗုံးပေါက်ကွဲမှုနှင့် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၃၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
တူရကီထိပ်တန်းဘောလုံး အသင်းနှစ်သင်းဖြစ်သော Besiktas နှင့် Bosphorus တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီးနောက် Voda fone Arena ဘောလုံးကွင်း အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၄၅ စက္ကန့်အကြာတွင် အနီးအနားရှိ ပန်းခြံတစ်ခု၌ အသေခံဗုံးခွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုဖောက်ခွဲမှုများ၏ နောက်ကွယ်၌ မည်သူမည်ဝါ ရှိကြောင်းကို အာဏာပိုင်တို့က မပြောကြားသေးပေ။ အစ္စတန်ဘူနှင့် အခြားတူရကီမြို့ကြီးများတွင် ယခုနှစ်တစ်နှစ်လုံး IS နှင့် ကာ့ဒ်စစ်သွေးကြွတို့၏ လက်ချက်ဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူ ၃၈ ဦးအနက် ၃၀ ဦးမှာ ရဲများဖြစ်ကြပြီး ခုနစ်ဦးမှာ အရပ်သားများဖြစ်ကာ ကျန်တစ်ဦးကို မည်သူမည်ဝါမှန်း မသိရသေးဟု တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လူက ပြောကြားခဲ့သည်။ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးထားပြီးပြီဟုလည်း ၎င်းက ဆိုသည်။
ဘောလုံးပွဲပြီးဆုံးပြီး မကြာမီမှာပင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လူသေဆုံးမှု အများအပြား ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု တူရကီသမ္မတ ရီဆပ် တေယစ်အာဒိုဂန်က ပြောကြားခဲ့သည်။ "တစ်မိနစ်အတွင်းမှာပဲ ပေါက်ကွဲမှုကြီးနှစ်ခု ကြားလိုက်ရပါတယ်။ နောက်ပြီးသေနတ်သံတွေလည်း ကြားလိုက်ပါသေးတယ်" ဟု အမည်မဖော်လိုသော မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။
Besiktas ဘောလုံးအသင်းသည် အစ္စတန်ဘူမှ လူကြိုက်အများဆုံး အသင်းတစ်သင်းဖြစ်သည်။ Besiktas ပရိသတ်များသည် အစိုးရ ဆန့်ကျင်ရေး အမြင်ရှိသည်ဟု လူသိများပြီး ၂၀၁၃ ခုနှစ်က အာဒိုဂန်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများ ဖြစ်သည်။ ယခုတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် အရပ်သားများမှာလည်း Besiktas ပရိသတ်များ ဖြစ်သည်။ ယခု ဖောက်ခွဲ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ယခုအချိန်အထိ မည်သူကမျှ ဝန်မခံသေးပေ။
ဇွန်လက အစ္စတန်ဘူရှိ  အတာတက်လေဆိပ်တွင် ဖြစ်ပွားခဲ့သော သေဆုံးသူ ၄၇ ဦး ရှိခဲ့သည့် အသေခံဗုံးခွဲမှု သုံးခုနှင့် ပစ်ခတ် တိုက်ခိုက်မှုများမှာမူ IS တို့၏ လက်ချက်ဖြစ်သည်ဟု အာဏာပိုင်များက အပြစ်တင်ခဲ့သည်။

Most Read

Most Recent