မမျှော်လင့်ထားသော၊ မရွေးချယ်ရသေးသော တောင်ကိုရီးယား ခေါင်းဆောင်သစ်

မမျှော်လင့်ထားသော၊ မရွေးချယ်ရသေးသော တောင်ကိုရီးယား ခေါင်းဆောင်သစ်
Published 11 December 2016
Ref:AFP

မည်သည့် ရွေးကောက်ခံ ရာထူးမျှ မရှိခဲ့ဖူးသော အစိုးရရှေ့နေဟောင်းဖြစ်သူ ဟွမ်ကျိုအန်သည် ဒီဇင်ဘာ ၉ ရက်တွင် တရားဝင်မဟုတ်သေးသော တောင်ကိုရီးယား ခေါင်းဆောင်နှင့်  နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယား၏ စစ်ရေးခြိမ်းခြောက်မှု အမြဲတမ်းကြုံနေရသည့် စစ်ဦးစီးချုပ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ယင်းအနေအထားသည် ပြီးခဲ့သောနှစ်တွင် တောင်ကိုရီးယားသမ္မတ ပက်ကွမ်ဟီးက ၎င်းအားဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့်အချိန်၌ ဟွမ်ကိုယ်တိုင်က စိတ်ပင်မကူးဖူးသော အခြေအနေဖြစ်သည်။
နိုင်ငံရေး သြဇာအာဏာ အားလုံးနီးပါးသည် သမ္မတ၏ လက်ထဲတွင်သာတည်သော တောင်ကိုရီးယား၌ ဝန်ကြီးချုပ်သည် များသောအားဖြင့် အဆောင်အယောင် သဘောမျှသာဖြစ်ပြီး ပုံမှန်အားဖြင့် နိုင်ငံရေး အကျပ်အတည်း ကြုံတွေ့ချိန်တွင် အစားဝင်ရသည့် ပထမဆုံး ခေါင်းဆောင်ဖြစ်သည်။
သို့သော် ဟွမ်၏ဖြစ်စဉ်တွင် အခြေအနေမှာ ပြောင်းပြန်ဖြစ်ခဲ့ပြီး သမ္မတပက်သည် ရုတ်တရက် ကြီးထွားလာခဲ့သော အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဥပဒေပြု အမတ်များ၏ စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းခံခဲ့ရခြင်း ဖြစ်သည်။ ယင်းအဆိုအား ပါလီမန်က အတည်ပြုခဲ့ခြင်းကြောင့် ပက်၏လုပ်ပိုင်ခွင့် အာဏာများအား ဟွမ်ထံ လွဲှပြောင်းပေးခဲ့ရသည်။
ပက်အား ရာထူးမှဖြုတ်ချနိုင်မည့် စွပ်စွဲပြစ်တင်မှု အဆိုကို အတည်ပြု၊မပြုအား ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ချက်ချသည့် အချိန်အထိ ဟွမ်သည် အာရှစတုတ္ထအကြီးဆုံး စီးပွားရေး တောင်ကိုရီးယား၏ ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်ဖြစ်သည်။
ပက်အား စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းခဲ့သည်အထိ ဦးတည်ခဲ့သော နိုင်ငံရေး ပဋိပက္ခနှင့် စီးပွားရေးနှင့် အမျိုးသားလုံခြုံရေး ကဏ္ဍများတွင် အကျပ်အတည်းများ ကြုံတွေ့နေရစဉ် တောင်ကိုရီးယား ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမှုသည် အသက် ၅၉ နှစ်ရှိ ဟွမ်အတွက် ထိတ်လန့်စရာကောင်းသော တာဝန်တစ်ခုဖြစ်သည်။                                    
တောင်ကိုရီးယားသည် စီးပွားရေး တိုးတက်မှု အရှိန်နှေးကွေးခြင်း တိုးမြင့်ကြုံနေရပြီး မြောက်ကိုရီးယားက  နျူကလီးယား ပိုင်ဆိုင်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခံရရန် တွန်းအားပေး လုပ်ဆောင်နေသည့် ခြိမ်းခြောက်မှုကို ပို၍ရင်ဆိုင်နေရသည်။
နိုင်ငံအား အာမခံနိုင်ရန် ကြိုးပမ်းမှုအဖြစ် ပက်အား စွပ်စွဲပြစ်တင်မှုအဆို မဲခွဲအတည်ပြုမှုအပြီး မကြာမီနိုင်ငံသို့ မိန့်ခွန်းပြောရာတွင် ဟွမ်က စီးပွားရေးများအား ခိုင်မာအောင် ထိန်းသိမ်းရန်နှင့် ပြုံယမ်း၏ မည်သည့်ရန်စမှုကိုမဆို ကာကွယ်ပေးရန် ကတိပြုခဲ့သည်။
အမေရိကန်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သော ဒေါ်နယ်ထရန့်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် တစ်လကျော်သာ လိုတော့ချိန်၌ တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀၀ နီးပါးအား အမြဲတမ်းတပ်စွဲထားမည့် ထရန့်၏ အစိုးရသစ်နှင့် ဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ဟွမ်က ကတိပြုခဲ့သည်။
အပြုံးကင်းမဲ့ပြီး ခက်ထန်သော မျက်နှာထားကြောင့် ဟွမ်သည် အထူးသဖြင့် တောင်ကိုရီးယားတွင် လူကြိုက်များသူ မဖြစ်စေခဲ့ပေ။ အစိုးရရှေ့နေ တစ်ဦးအဖြစ် ဟွမ်သည် မြောက်ကိုရီးယားအား ကရုဏာသက်သူများဟု သံသယရှိသူများကို အဓိကအာရုံစိုက်မှုနှင့်အတူ တောင်ကိုရီးယား၏ အလွန်ပြင်းထန်သော အမျိုးသားလုံခြုံရေး ဥပဒေများအားကောင်းစေရန် အထူးလုပ်ဆောင်ခဲ့သူ ဖြစ်သည်။
သမ္မတပက်က ဟွမ်အား တရားရေးဝန်ကြီးအဖြစ် ခန့်အပ်သည့်အချိန်အထိ ၎င်းသည် ယင်းကဲ့သို့ အလုပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီများ၏ ပစ်မှတ်ထား ဝေဖန်မှုခံခဲ့ရသည်။ ဟွမ်အား သမ္မတအခွင့်အာဏာများ လွဲှပြောင်းပေးရမည့် အခြေအနေဖြစ်သော ပက်ကို စွပ်စွဲပြစ်တင်မှုအဆို တင်သွင်းမှုသည် ကောင်းမွန်သော စိတ်ကူး ဟုတ်၊ မဟုတ် လစ်ဘရယ်ဝါဒီ ဥပဒေပြု အမတ်အများအပြားက မေးခွန်းထုတ်ခဲ့ကြသည်။
ဟွမ်အား ယခင်က ဝေဖန်ခဲ့ဖူးသော အဓိကအတိုက်အခံ ဒီမိုကရက်တစ် ပါတီ၏ ခေါင်းဆောင် ချိုမီအဲက ဟွမ်သည် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန်အတွက် ထိုက်တန်ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
“အခုလိုအချိန်မျိုးမှာ နိုင်ငံရေး ဖရိုဖရဲဖြစ်မှုတွေ လျှော့ချနိုင်ဖို့က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန်အတွက် အလွန်အမင်း လိုလားနေမှု အပါအဝင် ပြည်သူများ၏ စိတ်ဆန္ဒများကို ဟွမ်က မှန်မှန်ကန်ကန် မှန်းဆနိုင်မည်ဟု မျှော်လင့်ကြောင်း ချိုမီအဲက ပြောကြားခဲ့သည်။                                 

Most Read

Most Recent