ချီလီနိုင်ငံပေါ်သို့ လွှမ်းမိုးနေဆဲ ပီနိုချေး၏ အရိပ်

ချီလီနိုင်ငံပေါ်သို့ လွှမ်းမိုးနေဆဲ ပီနိုချေး၏ အရိပ်
Published 11 December 2016
Ref:AFP

ချီလီနိုင်ငံတွင် အာဏာရှင် သြဂတ်စတိုပီနိုချေး ကွယ်လွန်သွားခဲ့သည်မှာ ဒီဇင်ဘာ ၁၀ ရက်တွင် ၁၀ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်သည်။ ပီနိုချေးသည် ချီလီတစ်နိုင်ငံလုံး၏ အပယ်ခံအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းလာသော်လည်း ၎င်း၏အရိပ်မှာ နိုင်ငံတစ်ခုလုံးကို ဆက်လက် လွှမ်းမိုးနေဆဲဖြစ်သည်။
ချီလီနိုင်ငံကို ၁၇ နှစ်ကြာ သံဖနောင့်အောက်တွင်ထား၍ အုပ်ချုပ်ခဲ့သည့် ပီနိုချေးသည် ၂၀၀၆ ခုနှစ်က အသက် ၉၁ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ပီနိုချေးသည် ၎င်းလက်ထက်အတွင်းက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစီရင်မှုများနှင့် မရင်ဆိုင်လိုက်ရဘဲ ကွယ်လွန်သွားခြင်းဖြစ်သည်။ ပီနိုချေးသည် မကွယ်လွန်မီ ၁၆ နှစ်အလိုကတည်းက ရာထူးမှဆင်းပေးခဲ့ခြင်း ဖြစ်သော်လည်း ရှေးရိုးစွဲ ကွန်ဆာဗေးတစ် အများအပြား၏ ခိုင်ခိုင်မာမာ ထောက်ခံမှုကို ဆက်လက်ရရှိခဲ့သည်။ ၎င်းကွယ်လွန်ချိန်ကလည်း ဝမ်းနည်းကြေကွဲမှုကို ဖော်ထုတ်ခဲ့သူ လူပေါင်း ၅၀၀၀၀ ကျော် ရှိခဲ့သည်။
သို့သော် အချိန်ကာလ ကြာညောင်းလာစဉ် ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်း လော့စ်ဘိုဒိုစ်တွင်ရှိသည့် ပီနိုချေး၏ နေအိမ်အဟောင်း၌ ပြုလုပ်ခဲ့သော ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ လာရောက်သည့် လူဦးရေမှာ ၁၀၀ ပင် မပြည့်တော့ပေ။
ပီနိုချေး၏ လက်ထက်က ၎င်း၏အေးဂျင့်များ၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားခဲ့သူ၏ သမီးဖြစ်သော လက်ရှိချီလီသမ္မတ မီရှယ်ဘာချီလက်ကမူ ပီနိုချေး ကွယ်လွန်မှု၏ နှစ်ပတ်လည်သည် ခေတ်သစ်ချီလီနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်မှု အနည်းငယ်သာ ရှိတော့သည်ဟု ပြောကြားခဲ့သည်။
“ပီနိုချေးဟာ အတိတ်က ပုံရိပ်တစ်ခုပါပဲ။ ချီလီနိုင်ငံဟာ ပစ္စုပ္ပန်မှာနေပြီး အနာဂတ်ကို ကြည့်ရပါမယ်” ဟု သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပေါ်လာနာဗီဇ်က ပြောကြားခဲ့သည်။
အနက်ရောင် နေကာမျက်မှန်၊ စစ်ယူနီဖောင်းကို ဝတ်ဆင်လေ့ရှိသည့် ဗိုလ်ချုပ်ကြီး ပီနိုချေးသည် စစ်အေးခေတ်ကာလ အတွင်းက လက်တင် အမေရိကကို ချုပ်ကိုင်ခဲ့ကြသည့် အာဏာရှင်တို့၏ အမှတ်သင်္ကေတတစ်ခု ဖြစ်ခဲ့သည်။
၁၉၇၃ ခုနှစ်က ဆိုရှယ်လစ်သမ္မတ ဆယ်ဗာဒေါအလန်ဒီကို ဖြုတ်ချခဲ့သည့် သွေးချောင်းစီးခဲ့ရသော အာဏာသိမ်းမှုအတွင်း ပီနိုချေးမှာ အာဏာရလာခဲ့ခြင်း ဖြစ်သည်။ ပီနိုချေးသည် ချီလီနိုင်ငံ၏ အကြီးအကျယ် ကြွယ်ဝခဲ့သော ကာလကို ဦးဆောင်ခဲ့သူ ဖြစ်သော်လည်း ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူလည်း ဖြစ်သည်။ ပီနိုချေး၏ လက်ထက်အတွင်းက ၎င်း၏လုံခြုံရေးများ လက်ချက်ဖြင့် သေဆုံး၊ ပျောက်ဆုံးခဲ့သူ ဦးရေသည် ၃၂၀၀ ကျော် ရှိခဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံရသူ ဦးရေမှာ ၂၈၀၀၀ ခန့် ရှိခဲ့သည်။
ပီနိုချေးသည် ရာထူးမှ ဆင်းသွားပြီး နောက်ပိုင်းတွင်လည်း စစ်ဦးစီးချုပ်အဖြစ် လည်းကောင်း၊ အထက်လွှတ်တော် အမတ်တစ်ဦးအဖြစ်လည်းကောင်း ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်းကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ရုံးတင်စစ်ဆေးမခံရစေရန် အာမခံချက် ရရှိနေခဲ့သည်။ ပီနိုချေး ကွယ်လွန်ပြီးမှသာ ၎င်းအပေါ်စွဲချက် အမြောက်အမြား ထွက်ပေါ်လာခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင်မူ ချီလီနိုင်ငံတွင် ပီနိုချေးကို လူသိရှင်ကြား ထောက်ခံသူ အနည်းငယ်သာ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ ပီနိုချေး၏ အရိပ်သည် ချီလီနိုင်ငံကို များစွာကြီးစိုးနေဆဲဖြစ်သလို ၎င်း၏ ၁၉၈၀ ပြည့်နှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံထဲ၌ ဆက်လက် တည်တံ့နေဆဲဖြစ်သည်။
“ကွယ်လွန်ပြီး ၁၀ နှစ်အကြာမှာ ပီနိုချေးဟာ လူမြင်ကွင်းကနေ လည်းကောင်း၊ အတ္ထုပ္ပတ္တိကနေ လည်းကောင်း၊ တိုင်းပြည်ကို ၁၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် အဖြစ်ကနေလည်းကောင်း ပျောက်ကွယ်သွားပေမယ့် သူ့ရဲ့ကောင်းမွေဆိုးမွေတွေကတော့ ရှိနေတုန်းပါပဲ” ဟု ချီလီနိုင်ငံ၏ အယ်ဘာတူဟာ တာဒိုတက္ကသိုလ်မှ သမိုင်းပညာရှင်နှင့် နိုင်ငံရေး သိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်သူ မန်နျူရယ်ဂါရာတီက ပြောကြားခဲ့သည်။
ယခင်က ပီနိုချေး ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့များသည် ၎င်းကို ထောက်ခံသူများအတွက် ပီနိုချေးသည် ချီလီနိုင်ငံ တည်ငြိမ်မှု၏ ရှေ့ဆောင်လမ်းပြ၊ လက်တင်အမေရိက၏ ပေါကြွယ်ဝမှု သင်္ကေတအဖြစ် ချီးမြှောက်ရန် အခမ်းအနားများ ဖြစ်ခဲ့သည်။ သို့သော်လည်း ပီနိုချေးသည် အရှက်ရစရာ ရင်းမြစ်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
ပီနိုချေး ကွယ်လွန်မှု၏ ရှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့က လွှတ်တော်ထဲ၌ ပီနိုချေးအား ဂုဏ်ပြုသည့်အနေနှင့် တစ်မိနစ်ကြာ ငြိမ်သက်ပေးရန် လက်ယာစွန်းရောက် ပါတီအမတ်တစ်ဦး၏ တောင်းဆိုမှုကို လွှတ်တော်ထဲတွင် သောင်းသောင်းသဲသဲ ကန့်ကွက်ရှုတ်ချခဲ့မှုများ ဖြစ်ပေါ်ခဲ့ကြသည်။  
“မေ့ပျောက်တယ်ဆိုတာ ရှည်ကြာတဲ့ အလုပ်တစ်ခုပါ။ နှစ်တွေအများကြီး ကြာခဲ့ပေမယ့် အနာတွေကတော့ ကျက်ဦးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ချီလီဒီမိုကရေစီနှင့် သက်တမ်းအတူတူဖြစ်သော အသက် ၂၆ နှစ်အရွယ် ယောက်ျားလေး အက်စတီ ဘန်ဗားဂတ်စ်က ပြောကြားခဲ့သည်။          

Most Read

Most Recent