တရုတ်သမ္မတရှီက တက္ကသိုလ်များအား ပိုမိုထိန်းချုပ်ရန် ကွန်မြူနစ်ပါတီကို ဆော်သြ

တရုတ်သမ္မတရှီက တက္ကသိုလ်များအား ပိုမိုထိန်းချုပ်ရန် ကွန်မြူနစ်ပါတီကို ဆော်သြ
Published 10 December 2016
Ref:AFP

တရုတ်တက္ကသိုလ်များတွင် သဘောတရားပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်ကြရန် ကွန်မြူနစ်ပါတီကို တရုတ်သမ္မတ ရှီကျင်ပင်းက ပြောကြားခဲ့ကြောင်း အစိုးရမီဒီယာတွင် ဒီဇင်ဘာ ၉ ရက်က ဖော်ပြခဲ့သည်။ ကမ္ဘာပေါ်တွင် ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်နိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ၏ လွတ်လပ်ခွင့်နှင့် အစိုးရနှင့် သဘောထားကွဲလွဲမှုများကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းနေစဉ် ရှီ၏ ယခု ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆင့်မြင့် ပညာရေးဌာနများသည် တရုတ်ကွန်မြူနစ်ပါတီ၏ စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း၊ တရုတ်စရိုက် လက္ခဏာများနှင့်အညီ ဆိုရှယ်လစ်ဝါဒကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်ကြောင်း ဒီဇင်ဘာ ၈ ရက်က ပြီးဆုံးသွားသော သဘောတရားနှင့် နိုင်ငံရေး လုပ်ဆောင်မှုများ အစည်းအဝေးတစ်ခုတွင် ရှီက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာန၌ ဖော်ပြခဲ့သည်။
ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက စာသင်ခန်းများထဲသို့ ၎င်း၏ တရားသေဝါဒကို ရိုက်သွင်းရန် နောက်ဆုံးကြိုးပမ်းမှုတစ်ခု ဖြစ်လာသည်။ ထို့ကြောင့်လည်း ယခင်ကတည်းက တင်းကျပ်ထားသော တက္ကသိုလ် ကျောင်းသားတို့၏ လွတ်လပ်ခွင့်ကို ပိုမိုတင်းကျပ်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။
တက္ကသိုလ်များသည် ကျောင်းသားများ၏ ပညာရေး လုပ်ငန်းစဉ် အားလုံးတွင် နိုင်ငံရေးသဘောတရားများနှင့် ပူးပေါင်းမှု ရှိရမည်ဟု ရှီက ပြောကြားခဲ့ပြီး မာ့စ်ဝါဒနှင့် ပတ်သက်သော သင်ခန်းစာများကို ပိုမိုသင်ကြားရန်လည်း ဆော်သြခဲ့သည်။ တရုတ်နိုင်ငံတွင် တက္ကသိုလ် ကျောင်းသားများ အားလုံးသည် နိုင်ငံရေး သင်ခန်းစာများကို မဖြစ်မနေ သင်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။
သို့သော် ကောလိပ်ကျောင်းသားများသည် ကွန်မြူနစ် အတွေးအခေါ်များအပေါ် စိတ်ဝင်စားမှု လျော့ကျလာကြောင်း အစိုးရမီဒီယာများတွင် ညည်းညူ ဖော်ပြနေကြသည်။

Most Read

Most Recent