ပျော်ရွှင်မှုဆိုတာ

ပျော်ရွှင်မှုဆိုတာ
Published 10 December 2016
ဇင်မြင့်

လူသားတိုင်း ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းချင်ကြမှာ ဓမ္မတာပါပဲ။ ဒီအတွက် သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အခြေခံလိုအပ်ချက်တွေ အနည်းနဲ့အများ ပြည့်စုံအောင်နေနိုင်ကြတဲ့ ဒီကနေ့ခေတ်လို အချိန်မျိုးမှာတောင် လူတွေဟာ ဘဝမှာနေရတာ  ကျေနပ်မှုရှိတယ်လို့၊ ပြီးပြည့်စုံတယ်လို့ မထင်တတ်ကြပါဘူး။ ဒါထက် ပိုဆိုးတာက လူအတော်များများဟာ “နေရတာမပျော်ဘူး” ဒါမှမဟုတ် “အခုလိုနေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ” ဆိုပြီး တွေးမိတတ်ကြပြီး ကိုယ်ဖြတ်သန်းနေတဲ့ ဘဝကို မပျော်ရွှင်မှု၊ ငြီးငွေ့မှု၊ စိတ်တိုင်းမကျမှုတို့နဲ့အတူ နိစ္စဓူ၀ လုပ်နေကျ အလုပ်တွေနဲ့ပဲ ကုန်လွန်နေကြရပါတယ်။
ပထမဆုံးပြောချင်တာကတော့ “ပျော်ရွှင်မှု” ဆိုတာ ဒီကနေ့ခေတ်လူတွေအဖို့ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံရုံနဲ့ မရနိုင်ဘူးဆိုတာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအပါအဝင် ကိုယ်ကိုယ်တိုင်ကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်ပါတယ်။ လူအတော်များများမှာ စားစရာ၊ နေစရာ၊ ဝတ်စရာ စတဲ့အခြေခံလိုအပ်ချက်တွေ မပြည့်စုံတာမဟုတ်ကြပါဘူး။ အနည်းနဲ့အများ အထိုက်အလျောက်တော့ ဘဝခရီးကို ဆက်နိုင်ကြပါတယ်။ ဒါပေမဲ့ ဘာလို့ သူတို့မပျော်နိုင်ကြတာပါလဲ။ “You Need to Appreciate and be happy with what you have ” ဆိုတာကလည်း ဖတ်လို့နားထောင်လို့တော့ ကောင်းပါရဲ့။ လက်တွေ့မှာ လူတွေကို တကယ်ပျော်အောင် လေ့ကျင့်မှုမပါဘဲ လွယ်လွယ်နဲ့လုပ်နိုင်တာ မတွေ့ရပါဘူး။ “ရောင့် ရဲတင်းတိမ်ခြင်း” နဲ့ အရည်အသွေးမပြည့်မီတဲ့ လူညံ့တစ်ယောက်ကြားမှာ ခြားထားတဲ့ စည်းဟာ ပါးပါးလေး ဖြစ်နေတတ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
The needs ဆိုတဲ့ လိုအပ်ချက်တွေက လူတွေကို ပျော်အောင်မလုပ်နိုင်ကြဘူးဆိုရင် The wants ဆိုတဲ့ လိုချင်မှုတွေကကော လူတွေပျော်အောင် လုပ်နိုင်ကြပါသလား။ The needs ထက်စာရင်တော့ The wants က လူတွေပျော်အောင် တစ်ခဏတော့ လုပ်နိုင်မယ်ထင်ပါတယ်။ ဒါပေမဲ့ အတောမသတ်နိုင်တဲ့ လိုချင်မှုတွေရဲ့ နောက်ကိုလိုက်ရင်း ပျော်စရာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒုက္ခနဲ့တွေ့ကြရတာ အထူးရှင်းစရာမလိုအောင် လူတိုင်း သိနိုင်လောက်ပါတယ်။ လိုချင်တာဆိုတာနဲ့ ပတ်သက်လို့ “ဘာကိုလိုချင်တာလဲ”  “ဘယ်လောက်လိုချင်တာလဲ” “ဒါရရင် တော်ပြီလား” ဒါတွေရရင် ဘယ်လောက်ကြာကြာ ပျော်နိုင်မှာလဲ”  လို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးကြည့်လိုက်ရုံနဲ့ ဒါလည်းပျော်ရွှင်မှုအတွက် Solution တစ်ခု မဟုတ်နိုင်ဘူးဆိုတာ သိနိုင်ပါတယ်။
ဒါဆိုဘဝမှာ နေရတာပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ နေထိုင်ခြင်းဖြစ်အောင် လိုအပ်ချက်တွေက ဘာလဲ၊ ဒါမှမဟုတ် ဘယ်အရာတွေက လူတွေကို ဘဝမှာနေရတာ အဓိပ္ပာယ်မရှိဘူးလို့ ထင်အောင်လုပ်ထားကြတာလဲ။  တွေးကြည့်ဖို့ကောင်းပါတယ်။ တကယ်တော့  တွေးကြည့်ဖို့ဆိုတာထက် ကိုယ်ကိုယ်တိုင် ပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ သိဖို့လိုအပ်လှပါတယ်။
အခုဖော်ပြမယ့် အချက်သုံးချက်ဟာ ပျော်ရွှင်တဲ့ ဘဝတစ်ခုရဖို့ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တွေတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါတွေရှိမှ ပျော်ရွှင်စရာကောင်းတဲ့ ဘဝကိုရမှာလို့လည်း အာမမခံပါဘူး။ ဒါပေမဲ့ ဒီအချက်တွေဟာ ဒီကနေ့ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်မှာ “ပျော်ရွှင်မှု” ဆိုတဲ့ အရာပေါ် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးချုပ်ကိုင်နေတဲ့ အရာတွေ ဖြစ်တယ်လို့တော့ ပြောလို့ရမယ်ထင်ပါတယ်။
စိတ်ပညာနဲ့ Counselling အတွေ့အကြုံတွေက ရရှိတဲ့ အသိတွေပေါင်းစပ်ပြီး လက်တွေ့ လူတော်တော်များများအတွက် အလုပ်ဖြစ်တဲ့ လက်တွေ့ကျတဲ့ အချက်တွေလို့တော့ ပြောနိုင်ပါတယ်။
အဲဒီ သုံးချက်ကတော့
- ပစ္စုပ္ပန်တွင် နေထိုင်ခြင်း (Living in the moment)
- မလိုအပ်တဲ့ သတင်းတွေကို ထိန်းချုပ်ခြင်း (Control of Incoming Information) နဲ့
- ပန်းတိုင်တစ်ခုထားပြီး ဖြစ်အောင်လုပ်ရေး (Self Challenging) တို့ပဲဖြစ်ပါတယ်။
ဒီအချက်တွေဟာ ဘာကြောင့်အရေးပါရတယ်။ ဘယ်လို theory တွေနဲ့ ဘယ်လို အကျုံးဝင်တယ် ဆိုတာတွေကိုတော့ စာရှည်သွားမှာစိုးလို့ စာမျက်နှာကို ငဲ့ကွက်ပြီး ဒီနေရာမှာ ရေးမနေဘဲ ဘယ်လိုအသုံးချနိုင်တယ် ဆိုတာကိုပဲ တိုက်ရိုက်အတိုချုံးရေးပါ့မယ်။
(၁) ပစ္စုပ္ပန်တွင် နေထိုင်ခြင်း (Living in the moment)
ပစ္စုပ္ပန်မှာ နေထိုင်ခြင်းဆိုတာ ကိုယ်လက်ရှိ ရောက်နေတဲ့နေရာ လုပ်နေတဲ့အလုပ် အပေါ်မှာပဲ အာရုံကပ်နေဖို့ကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် စိတ်တွေ အတွေးတွေ ရောက်ချင်ရာရောက်ပြီး စိတ်နဲ့လူနဲ့ ဝေးချင် တိုင်းဝေးမနေဖို့ ဖြစ်ပါတယ်။
အလေ့အကျင့်တော့ နည်းနည်းလိုပါလိမ့်မယ်။ ရထားစီးရင်း Handphone နဲ့ ရုပ်ရှင်ကြည့်နေတာတွေ၊ လမ်းသွားရင်း ဂိမ်းဆော့နေတာတွေဟာ လက်ရှိမိမိရဲ့ လက်ရှိအခြေအနေနဲ့ ဝေးကွာနေစေပြီး အစစ်မဟုတ်တဲ့ အရာတွေအပေါ်မှာ စိတ်အပင်ပန်းခံပြီး  အာရုံများနေခြင်းဟာ စိတ်ကိုပင်ပန်းနွမ်းနယ်စေပြီး စိတ်အင်အားကို လျော့ကျစေပါတယ်။
မဖြစ်သေးတဲ့ အရာတွေကိုကြိုတွေးပြီး ပူပန်နေတာမျိုး ဖြစ်ပြီးခဲ့ပြီးလို့ အခုအချိန်မှာ ဘာမှမတတ်နိုင်တော့တာကို ပြန်တွေးပြီး စိတ်ဆင်းရဲနေတာမျိုး၊ မကျေမနပ်ဖြစ်နေတာ မျိုးတွေဟာ လူတွေရဲ့ စိတ်ကို ရာခိုင်နှုန်းများစွာ Occupied လုပ်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းစစ်ကြည့်ရင်ပဲ သိနိုင်ပါတယ်။
လက်ရှိပစ္စပ္ပန်မှာ ရှိနေခြင်းဟာ ကိုယ်တိုင် Alive ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကြောင့် စိတ်ကျေနပ်မှု တစ်စုံတစ်ရာကို ရရှိစေတယ်ဆိုတာ လက်တွေ့လုပ်ကြည့်ရင် သိနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းစွာ တရားထိုင်နေတဲ့ သူတစ်ယောက်ကို ဘေးကနေ သတိထားပြီးကြည့်ရင် သူ့ရဲ့အေးချမ်းမှုနဲ့ အားကြီးတဲ့ စိတ်ဓာတ်အင်အား တချို့ကိုယ့်ဆီကို ကူးစက်ခံစားမိတတ်တာမျိုး ကြုံဖူးကြမှာပါ။
ပစ္စုပ္ပန်မှာ နေထိုင်ခြင်းနဲ့ ပတ်သက်လို့ လက်တွေ့ကျင့်သုံးကြည့်နိုင်တဲ့ စိတ်ထားကတော့ Beginner's Mind လို့ခေါ်တဲ့ “အတွေ့အကြုံသစ် စိတ်ထား” လို့ ဆီလျော်အောင် ဘာသာပြန်ရမှာဖြစ်တဲ့ စိတ်ထားမျိုးပါပဲ။ အမှန်တော့ ကျွန်တော်တို့ တွေ့ကြုံခံစား ရကြသမျှဟာ အမြဲတမ်းအသစ်တွေချည်းပါပဲ။ အဟောင်းတစ်ခုမှ မပါပါဘူး။ မြင်တာလည်း အသစ်၊ ကြားတာလည်း အသစ်၊ ခံစားတွေးတောသမျှတွေဟာလည်း အသစ်တွေချည်းသာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ရဲ့ သတိမထားမိတဲ့စိတ်ကြောင့် အဟောင်းတွေလို့ ထင်ပြီး စိတ်ထဲငြီးငွေ့စရာ (သို့မဟုတ်) မထူးဆန်းတဲ့ အရာ (သို့မဟုတ်) နိစ္စဓူ၀ ပျင်းစရာကောင်းတဲ့ ဘဝဆိုပြီး ထင်တတ်ကြတာ ဖြစ်ပါတယ်။ အမှန်တော့ မြင်ကွင်းတစ်ခုကို ခုနက မြင်တာနဲ့ အခုမြင်တာ ဘာကွာလဲလို့ မေးရင် အခုမြင်ရတဲ့ မြင်ကွင်းဟာ အာရုံကလည်း အသစ်၊ ကြည့်တဲ့သူရဲ့စိတ်ထားကလည်း အသစ်၊ မြင်ရတဲ့အမြင်အပေါ် ခံစားမှုလည်း အသစ်ဖြစ်ပါတယ်။ အရေးကြီးတာက အသစ်ကို အသစ်လို့သိတဲ့ ခံစားမိလိုက်တဲ့ သတိကလေးသာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြင်သာတဲ့ ဥပမာတစ်ခုကတော့ ကလေးများဖြစ်ပါတယ်။ ကလေးတွေအတွက် အရာများစွာဟာ အသစ်အဆန်းနဲ့ စိတ်ဝင်စားစရာတွေချည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အရာရာကို စူးစမ်းတတ်တာ၊ သိချင်တာ၊ စိတ်ဝင်တစားနဲ့ မေးမြန်းတတ်တာဟာ ကလေးသဘာဝဖြစ်ပါတယ်။ အကျိုးဆက်ကတော့ သူတို့လေးတွေဟာ အမြဲလိုလို ပျော်ရွှင်နေတတ်ပြီး အပူအပင်ကင်းတဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားကြတာပါပဲ။ အကြောင်းရင်း တစ်ချက်ကတော့ သူတို့ဟာ အမြဲတမ်းလိုလို အတွေ့အကြုံသစ် စိတ်ထားနဲ့ဘဝကို ဖြတ်သန်းနေကြလို့ပါပဲ။
အမှန်တော့ အသစ်ကို အသစ်မှန်းမသိတာက ကျွန်တော်တို့ လူကြီးတွေဖြစ်ပါတယ်။ အသစ်မှန်းသိတော့ ဘာဖြစ်တုံးလို့ မေးစရာရှိပါတယ်။ အသစ်မှန်းသိတော့ အဟောင်းတွေ စိတ်ထဲမရှိတော့တဲ့အတွက် အဟောင်းတွေနဲ့ဆိုင်တဲ့ စိတ်ခံစားမှုတွေ၊ စိတ်ညစ်ညူးမှုတွေ ကိုယ့်စိတ်ကို မလွှမ်းမိုးနိုင်တော့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အချိန်တိုင်းမှာ Beginner's Mind နဲ့ နေနိုင်ပြီဆိုရင်တော့ ပျော်ရွှင်မှုရဲ့ လမ်းစကိုရောက်ပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ချက်ကို ဆက်လက်ပြီး အသေးစိတ်ဖော်ပြပါ့မယ်။

Most Read

Most Recent