သတ္တမတန်း ကျောင်းသူတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်

သတ္တမတန်း ကျောင်းသူတစ်ဦးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဆရာတော်အား ပြည်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်
Published 9 December 2016
ဝေလင်း (ပြည်)

သတ္တမတန်းကျောင်းသူတစ်ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သူ ကျောင်းထိုင်ဆရာတော်အား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။အဆိုပါပြစ်ဒဏ်ကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီခန့်က ပြည်ခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး ဦးမြတ်စံက ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ နဝဒေး ရပ်ကွက် ခမ်းရတနာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝါယမ (ခ) ခွန်မောင်လင်း (၄၅ နှစ်) က ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်များတွင် ယင်းဘုန်းကြီးကျောင်းတွင် ပညာသင်ကြားနေသည့် ၁၂ နှစ်အရွယ် သတ္တမတန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုဖြင့် အမှုဖွင့်တိုင်ကြားခံခဲ့ရပြီး နှစ်နှစ်ခန့် ကြားနာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရ၍ ယင်းသို့အမိန်ချမှတ်ခဲ့ခြင်းဖြစ်သည်။“သက်ငယ်မုဒိမ်းတွေက ဒီနှစ် ခြောက်လပိုင်းကစပြီး အရမ်းကိုများနေတာ။ နောက်ပြီး သူက သင်္ကန်းအရေခြုံပြီး ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ဖြစ်တယ်။ ကိုယ့်ကို ယုံကြည် ကိုးစားတဲ့ ကလေးကို ကိုယ်က မိဘလို တစ်မျိုး၊ ဆရာလိုတစ်မျိုး၊ နောက်ဘုန်းကြီးပေါ့။ ကိုယ့်ရဲ့ ဘာသာသာသနာကို အပြည့်အ၀ စောင့်ရှောက်ရမယ့်သူက နေပြီးတော့ ကိုယ်ကျင့်တရားကို ပျက်ပြားစေတယ်။ ကိုးကွယ်တဲ့ ဘာသာတရား သာသနာကိုလည်း ညှိုးနွမ်းစေတယ်။ စော်ကားဖို့ တမင်တကာ ပြုလုပ်တာလို့ မှတ်ယူတယ်။ တရားရုံးကလည်း မှတ်ယူတယ်။ အဲဒါကြောင့် ဒီလို ထောင်ဒဏ် နှစ် ၂၀ ချမှတ်တဲ့ အပေါ်မှာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်လို့ ကျေလည်း ကျေနပ်တယ်။ တရားမျှတ တယ်လို့လည်း ထင်တယ်” ဟု တရားလို၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ပြောကြားသည်။အဆိုပါအမှုအား ယင်းကျောင်းတွင် ဆရာမအဖြစ် လုပ်ကိုင်နေသူ ဒေါ်မော်မော်ဝင်းက တရားလိုပြုလုပ်ကာ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်နှစ် ၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅ အရ ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်နှစ်နှစ်ကို တပေါင်းတည်း ချခံစေခဲခြင်းဖြစ်သည်။ဒီဇင်ဘာ ၅ ရက်ကလည်း အသက်မပြည့်သေးသူ မိန်းကလေးနှစ်ဦးအား ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ်ရောင်းစားခဲ့သူ ခြောက်ဦးကိုလည်း ပြည်ခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။                            

Most Read

Most Recent