အဇ္ဈတ္တ ဒဏ်ရာများ

အဇ္ဈတ္တ ဒဏ်ရာများ
Published 7 December 2016
တက္ကသိုလ်မိုးဝါ

(၁)
ဒဏ်ရာနှင့်ပတ်သက်၍ ရေးရမည်ဆိုလျှင် ဒဏ်ရာဒဏ်ချက် အမျိုးအမည် များစွာအနက် ကုစားရခက်သည့် အမျိုးအစားတစ်ခုရှိသည်။ အခြားဒဏ်ရာ ဒဏ်ချက်များအား သူ့အချိန်ကာလ အတိုင်းအတာနှင့်သူ ဆေးဝါးဖြင့် ကြပ်မတ်ကုသလိုက်လျှင် ပျောက်ကင်းနိုင်ပေသည်။ ဥပမာအားဖြင့် မတော်တဆမှုများကြောင့် အသက်ဆုံးရှုံးသွားခြင်းမှအပ ခန္ဓာကိုယ်ပြင်ပ ဒဏ်ရာများရရှိပါက ကုသပျောက်ကင်းနိုင်သည်။ ဘောလုံးသမား ကဲ့သို့သော အားကစားသမားများသည်လည်း ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့၌ ထိခိုက်ဒဏ်ရာရရန် အလားအလာများသည်။ ထိခိုက်ဒဏ်ရာ အတိမ်အနက်နှင့်လိုက်၍ တစ်ပတ် နှစ်ပတ်တန်သည် တစ်လတန်သည် အနားယူကုသလိုက်လျှင် နဂိုမူလ အခြေအနေသို့ ပြန်ရောက်သွားနိုင်သည်။
လူ့ခန္ဓာကိုယ် အတွင်းပိုင်းတွင်ရှိသော ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အစိတ်အပိုင်းကို ထိခိုက်ဒဏ်ရာရစေခဲ့ပါက အခြားအစိတ်အပိုင်းများထက် ကုသရန်ပို၍ ကြန့်ကြာတတ်သည်။ ထို့ပြင် နဂိုမူလ အခြေအနေသို့ ရောက်ရှိမည်ဟု တပ်အပ်ပြောနိုင်ရန် ခဲယဉ်းသည်။ ရက်စက်ကြမ်းကြုတ်မှု၊ ရုတ်တရက် ထိတ်လန့်မှု စသည့်အခြင်းအရာ တို့ကြောင့်ရသော စိတ်ဒဏ်ရာများအား ကုစားရန် ပို၍ပင် ခက်ခဲကြန့်ကြာသည်။
(၂)
‘အဇ္ဈတ္တ’ ဟူသော စကားလုံးအား မြန်မာအဘိဓာန် စာအုပ်တွင် ‘အတွင်း’ ဟု ဖွင့်ဆိုထားကြောင်း တွေ့ရသည်။ ‘အတွင်း’ ဟုဆိုသဖြင့် ယေဘုယျ သဘောအားဖြင့် လူ့ခန္ဓာကိုယ်၏ အတွင်းကိုယူခြင်း ဖြစ်ပေမည်။ သို့ရာတွင် ‘အတွင်း’ သည် မည်ရွေ့မည်မျှ အတွင်းကျသနည်းဟု ဖွင့်ဆိုထားခြင်း မရှိသောကြောင့် စာရေးသူက နက်နက်ရှိုင်းရှိုင်း အတွင်းကျသော ‘အတွင်း’ ဟုဖြည့်စွက်ဆိုချင်သည်။ ပမာဆိုရသော် အဇ္ဈတ္တနှလုံးသားတွင် ဒဏ်ရာဖြစ်သည်ဟု ဆိုခဲ့လျှင် ကိုင်၍ထိတွေ့၍ရသော နှလုံးသားတစ်နေရာဟု မယူဆဘဲ ယင်းထက်ပို၍ များစွာအတွင်းကျကျ နက်ရှိုင်းသော၊ ထိတွေ့၍ မရသော၊ မမြင်နိုင်သော နှလုံသားတစ်နေရာဟုယူလျှင် အဓိပ္ပာယ်ပို၍ သက်ရောက်မည်လားမသိ။ ‘ရင်နာသည်’ ဟုဆိုလျှင်လည်း ရင်ဘတ်၏ အပေါ်ယံအတွင်းပိုင်းတွင်သာ မဟုတ်ဘဲ ရင်၏နက်ရှိုင်းသော အဇ္ဈတ္တအတွင်း ကျကျအပိုင်း တစ်နေရာ၌ နာကျင်မှုဝေဒနာ ခံစားရခြင်းဟုယူသော် ပိုမိုအပ်စပ်မည်ထင်သည်။
အနုပညာသမား တစ်ယောက်အဖို့ ထို ‘တစ်နေရာ’ သည် အမှန်တကယ် တည်ရှိနေခြင်းမဟုတ်၊ မြင်နိုင်ထိတွေ့နိုင်သော နေရာမဟုတ်၊ ခံစားနေရသော ဒဏ်ရာဒဏ်ချက် နာကျင်မှုဝေဒနာ တည်ရှိကိန်းအောင်းနေသည်ဟု ‘သိ’ နေရုံသာသိနေကာ ဘယ်နေရာလဲဟု တိတိပပပြောပြ ဖော်ညွှန်းနိုင်စွမ်းမရှိသည့် နေရာမျိုးဖြစ်သည်။ 
ဤသို့သော စိတ်ကူးသက်သက်၊ အကောင်အထည်မဲ့ ဒဏ်ရာဒဏ်ချက်ကို ခံစားရာတွင် တေးတစ်ပုဒ်အဖြစ် စာရေးသူတင်စား ရေးသားခဲ့သည့်ကဗျာကို ဖတ်ရှုကြည့်ပါ။
ခံစားရသောတေး
အရိုးအဆစ်များ
လှုပ်ရှား ပွတ်ခိုက်
ပဲ့တင်ရိုက်၍
ရင်၌ ပြင်းထန်
တူးဆွသံသည်
ဒဏ်ရာ တေးရှည်တစ်ပုဒ်တည်း။     ။
(တိုင်းရင်းမေဂျာနယ် - ၁၉၆၁)
(၃)
နှစ်ကာလ ရှည်ရှည်ဝေးဝေးကတည်းက ဖြစ်တည်လာခဲ့သော ဒဏ်ရာတေးရှည် တစ်ပုဒ်သည် လက်ရှိအချိန်အခါ၌ ပို၍ပင်နာကျင် ကိုက်ခဲလာစေပြီး ပို၍ခါးသီးပြင်းထန်လာသည်။ အခြေခံအားဖြင့် လူတို့အသက်ရှင် နေထိုင်ရေးအတွက် စားရေးသည် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုရသော်လည်း ဤ ၂၀၁၆ ခုနှစ်အစမှ ယနေ့တိုင် စားသုံးသူဈေးဆနှုန်း (CPI –Consumer Price Index) မှာ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု သတင်းတစ်ရပ်က ဆိုသည်။ ယခင်အစိုးရအဆက်ဆက် လက်ထက်များတွင် စားသုံးကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုကို ဖြေရှင်းလုပ်ဆောင်ခြင်း မည်မည်ရရ မတွေ့မြင်ရသကဲ့သို့ ယခုအစိုးရသစ် အောက်တွင်လည်း ပြည်သူအများ အဓိကမျှော်လင့်အားထားနေသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး သို့မဟုတ် ကျဆင်းရေးအတွက် ဖြေရှင်းဆောင်ရွက်နေသည်ကို မတွေ့ရချေ။
ကုန်ဈေးနှုန်း မြင့်တက်နေမှု နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်က ကုန်ဈေးနှုန်းအား ထိန်းချုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။ အစီအစဉ်ရှိပါက ထိုစီစဉ်ဆောင်ရွက်မှုသည် ပြည်သူ၏လူမှုဘဝအတွက် မည်မျှအထိ အကျိုးသက်ရောက်မှု ရှိမည်ဆိုသည်ကို သိရှိလိုကြောင်း၊ မိသားစုတစ်ခုတွင် ဝင်ငွေသည် ပုံမှန်အတိုင်း နိမ့်ကျနေချိန်၌ အရအသုံး ဘယ်လိုမှ မမျှတနိုင်တော့သဖြင့် ကျန်းမာရေး ထိခိုက်လာမှု၊ ဆင်းရဲမွဲတေမှုနှင့် မလိုလားအပ်သည့် ရာဇဝတ်မှုအထိ ဖြစ်ပေါ်လာနိုင်ကြောင်း မေးမြန်းပြောကြားသွားခဲ့သည်။ (The Daily Eleven -၂၁ - ၁၁ - ၂၀၁၆ နေ့ထုတ်)။
စာရေးသူ ဉာဏ်မီသလောက်ပြောရပါက ကုန်ဈေးနှုန်း မြင့်တက်ခြင်း အကြောင်းရင်းမှာ ဝယ်လိုအားတက်လာခြင်း၊ ရောင်းလိုအား ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွခြင်း စသည်တို့ကြောင့်ဖြစ်သည်။ တစ်ဖန် စီးပွားရေး ပညာရှင်အများက သဘောတရားအရ ဈေးနှုန်းထိန်းချုပ်မှုကို ပြုလုပ်ရန်မသင့်ကြောင်း ပြောဆိုလေ့ရှိကြပြန်သည်။ ဤတွင် ၈၈ အရေးအခင်း ဖြစ်ပွားစဉ်အချိန်က လမ်းစင်္ကြံအများအပြားပေါ်တွင် အခြေခံစားသုံးကုန်ပစ္စည်း အလျှံပယ် တည်ခင်းရောင်းချခဲ့သည့်ဖြစ်စဉ်ကို အမှတ်ရလိုက်မိသည်။ ထိုစဉ်က အခြေခံလူသုံးကုန်ပစ္စည်းများ သိုလှောင်သိမ်းဆည်းထားသော သိုလှောင်ရုံများထဲမှ နည်းမျိုးစုံဖြင့် ပြင်ပသို့ ရောက်ရှိလာရာ နဂိုကဈေးနှုန်း ကြီးမြင့်ရှားပါး၍ ရှာမရသောပစ္စည်းများအား အလွန်သက်သာ ချောင်ချိသည့်ဈေးဖြင့် ရောင်းချခဲ့ကြသည်ကို မှတ်မိနေသည်။ ယင်းသည် စီးပွားရေး အခြေခံအကျဆုံး သီအိုရီတစ်ခုဖြစ်သည့် ‘ဆပ္ပလိုင်းနှင့် ဒီမန်း’ (Supply and Demand) ကို ပြညွှန်းနေခြင်းဖြစ်သည်။ သဘောမှာ ကုန်ပစ္စည်းတစ်ခုကို ဝယ်လိုအား ဒီမန်း မည်မျှပင် အင်အားကြီးမားပါစေ ရောင်းနိုင်အား ဆပ္ပလိုင်းကို ထို့ထက်ပို၍ အင်အားကြီးမား များပြားစေရန် ပြုလုပ်နိုင်ပါက ကုန်စည်ဈေးနှုန်းကို တည်ငြိမ်စေရုံသာမက သူ့အလိုအလျောက် ဈေးနှုန်းက အလွယ်တကူ ကျဆင်းလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဈေးကွက်ကို ပစ္စည်းများဖြင့် (ရေကြီးရေလျှံ ဖြစ်ပွားသကဲ့သို့) လျှံသွားအောင် လွှမ်းပစ်လိုက်ခြင်းဖြစ်သည်။ နိုင်ငံခြားမှ လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း လျှံထွက်အောင် မှာယူတင်သွင်းခြင်းဖြင့် မဖော်ဆောင်နိုင်ပြီလားဟု သာမန်ပြည်သူ တစ်ယောက်၏ သာမန်အတွေးတစ်ခုအား ဖြန့်ဝေလိုက်ခြင်းသာ ဖြစ်သည်။
အောက်ခြေ လူတန်းစားတို့၏ အကျပ်အတည်းကြား ရုန်းကန်ရမှုကို မဆိုထားနှင့်၊ အလယ်အလတ် အဆင့်ဝန်ထမ်းတစ်ဦး လူမှုကွန်ရက် ပေါ်တင်ထားသည့် စာနာဖွယ်သူ၏ မိသားစုအရေး ညည်းတွားစာကို ဖတ်ရှုကြည့်ပါ။ သူက “ကိုယ့်မိန်းမက သူချည်းပဲ ဆေးစစ်လိုက်၊ ဆေးကုလိုက်နဲ့ ပြီးပဲမပြီးနိုင်ဘူး။ ကိုယ့်မှာတော့ လက်တွေခြေထောက်တွေ နာနေတာ ဆရာဝန် နားခိုင်းလည်းမနားရ၊ ကိုယ့်ဟာကိုယ် ဆေးလူးရနဲ့ သြော် … မိန်းမနဲ့ သမီးသုံးယောက်အတွက် စုန်ရေပမာ၊ ကိုယ့်အတွက်တော့ ဗလာ….။ ရတဲ့ဝန်ထမ်းလစာနဲ့ ဝင်သမျှဝင်ငွေ ဘယ်လိုပဲချွေတာသော်ငြား သမီးလတ်ဆေးကျောင်းအပြီး၊ ကိုယ်က ပင်စင်အသွား၊ အဲဒီအချိန်ထိ ကိုယ့်ခန္ဓာကလီစာတွေ တောင့်ခံနိုင်ပါ့မလား၊ ဆေးကောစစ်ရပါတော့မလား … လား …. လား” ဟု စိတ်ပျက်ညည်းတွားသံပါပါဖြင့် ရေးသည်။
ဒီမိုကရေစီ မည်မျှတိုးတက် ဖြစ်ပေါ်လာသနည်းဟူ၍ တိုင်းတာသည့် စံနှုန်းများအနက် ပြည်သူတို့အား မည်မျှကိုယ်စားပြုသည် ဆိုသည့်အချက်မှာ အရေးပါဆုံးအချက် ဖြစ်သည်။ ပြည်သူလူထုအား ကိုယ်စားပြုမှုစံနှုန်း အနိမ့်အမြင့်ကို ဝေးဝေးသွားကြည့်ရန်မလို၊ လွှတ်တော်ထဲ၌ပင် ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်စသည်တို့ကို လွှတ်တော်က အားသွန်နားစိုက် ဆောင်ရွက်ပေးသည် ဆိုပါလျှင် ပြည်သူအများတွင် တာရှည်စွဲကပ်နေခဲ့သော ဆင်းရဲမွဲတေမှုနှင့် သက်ဆိုင်သည့် အဇ္ဈတ္တ ဒဏ်ရာဒဏ်ချက်များ ကုစားပျောက်ကင်းရန် မျှော်လင့်နိုင်ပေသေးသည်။ ရင်ထဲရှိ မည်သည့်နေရာတွင် ဖြစ်ပေါ်ခဲ့မှန်း မသိသည့် ပြင်းထန်သော တူးဆွသံဟူသော တေးချင်းရှည် တစ်ပုဒ်ကိုလည်း ဆက်လက်၍ မညည်းတွား မသီဆိုလိုတော့ပါ ခင်ဗျား။

Most Read

Most Recent