တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဝင်ထွက်ပေါက်များတွင် တရားမဝင် မီးသွေးနှင့် သစ်ခိုးထုတ်မှုများရှိပြီး သစ်တောဦးစီးဌာနမှ လစဉ်စီမံချက် ရေးဆွဲ၍ ဖမ်းဆီးနေဟုဆို

တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဝင်ထွက်ပေါက်များတွင် တရားမဝင် မီးသွေးနှင့် သစ်ခိုးထုတ်မှုများရှိပြီး သစ်တောဦးစီးဌာနမှ လစဉ်စီမံချက် ရေးဆွဲ၍ ဖမ်းဆီးနေဟုဆို
Published 1 December 2016
ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဝင်ထွက်ပေါက်များတွင် တရားမဝင် မီးသွေးနှင့် သစ်ခိုးထုတ်မှုများရှိပြီး သစ်တောဦးစီးဌာနမှ လစဉ်စီမံချက်ရေးဆွဲ၍ ဖမ်းဆီးနေကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးတိုင်းဒသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ ရေဖြူမဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုးက တိုင်းဒေသကြီးအတွင်း ဝင်ပေါက်၊ ထွက်ပေါက်များတွင် တရားမဝင် မီးသွေးခိုးထွက်မှု ရှိ၊ မရှိနှင့် တွေ့ရှိပါက ဖမ်းဆီးအရေးယူရန်  မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရသုံး ခန့်မှန်းခြေငွေစာရင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ အခွန်အကောက်ရ ငွေစာရင်းအရ ကျပ်သန်းပေါင်း ၂၀ ဒသမ ၁၃၅ သန်း လျာထားရာတွင် သစ်တောကဏ္ဍမှ မီးသွေးလုပ်ငန်အပေါ် အခွန်ကောက်ခံရရှိမှုနှင့် စပ်လျဉ်းပြီး ဘတ်ဂျက်ကာလ တစ်ဝက်ကျော်သို့ရောက်ရှိလာပြီဖြစ်၍ ရာခိုင်နှုန်းမည်မျှ ကောက်ခံရရှိပြီးဖြစ်သည်ကို သိရှိလိုသည်ဟု မေးမြန်းမှုအပေါ် တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနအနေဖြင့် သစ်တောထွက်ပစ္စည်းများမှ အခွန်ကောက်ခံရန် လျာထားချက် ကျပ် ၇၄၈ ဒသမ ၉၅၀ သန်း သာမန်ရငွေ လျာထားချက် ကျပ် ၂၀ ဒသမ ၁၃၅ သန်း စုစုပေါင်း ကျပ် ၇၆၉ ဒသမ ၀၈၅ သန်း လျာထားခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်အထိ အခွန်ရငွေအနေဖြင့် ကျပ် ၁၀၉ ဒသမ ၀၃၂ သန်း သာမန်ရငွေအနေဖြင့် ကျပ် ၁၃ ဒသမ ၈၆၃ သန်း စုစုပေါင်းကျပ် ၁၂၂ ဒသမ ၉၀ သန်း ကောက်ခံရရှိပြီး ဖြစ်ပါတယ်။ သစ်တောကဏ္ဍမှ မီးသွေးထုတ်လုပ်မှုအပေါ် ကောက်ခံရန် လျာထားချက်မှာ ကျပ် ၄၆ ဒသမ ၈၆၀ သန်းရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလကုန်အထိ အခွန်ကောက်ခံရရှိမှုမှာ ကျပ် ၃ ဒသမ ၄၆၂ သန်း ရရှိခဲ့သဖြင့် ၇ ဒသမ ၃၉ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ပါသည်။ မီးသွေး ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ ဒီရေတောပြုန်းတီးမှု မရှိစေရေးအတွက် ဒီရေတောမှအပ မီးသွေးဖုတ်ရန် အသုံးပြု သင့်သော ထင်းများကို အခြားကြိုးပြင်ပတောများမှ စနစ်တကျ ထုတ်လုပ်ခွင့်ပြုနိုင်ရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ပြီး မီးသွေးထုတ်လုပ်ခွင့်ကို ခွင့်ပြုဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာရေးနှစ်ကုန်တွင် အခွန်လျာထားချက် ပြည့်မီနိုင်မည် ဖြစ်ပါသည်”ဟု တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဖြေကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent