မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို ပြန်လည်သုံးသပ်ရန် မလေးရှား လူငယ်ရေးရာဝန်ကြီးက တိုက်တွန်း

မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို ပြန်လည်သုံးသပ်ရန် မလေးရှား လူငယ်ရေးရာဝန်ကြီးက တိုက်တွန်း
Published 30 November 2016
Ref:AFP

ဘင်္ဂါလီမွတ်စလင်တို့အား “လူမျိုးတုံးသတ်ဖြတ်မှု” အတွက် မြန်မာနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်မှုကို ပြန်လည်သုံးသပ်ရမည်ဟု မလေးရှား လူငယ်ရေးရာဝန်ကြီးက နိုဝင်ဘာ ၃၀ တွင် သတိပေးခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့် အာဆီယံ၏မူဝါဒသည် အကြမ်းဖက်မှု အကြောင်းအရာနှင့် ပတ်သက်ပါက တရားမဝင်ဟု မလေးရှားလူငယ်နှင့် အားကစားရေးရာဝန်ကြီး ခါအီရီဂျမာလူဒင်က ပြောကြားခဲ့သည်။
“အာဆီယံအနေနဲ့ မြန်မာရဲ့အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံထားရမှုကို ပြန်လည်သုံးသပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အာဏာရပါတီ United Malays National Organisation (UMNO) ၏ နှစ်ပတ်လည်စုဝေးပွဲ၌ ခါအီရီက ပြောကြားခဲ့သည်။
ဝန်ကြီးက မိန့်ခွန်းပြောကြားနေစဉ်အတွင်း ဘင်္ဂါလီမွတ်စလင်တို့၏ ဒုက္ခများအကြောင်းကို ပြသသည့် ဗီဒီယိုအား နောက်ခံတွင် ဖွင့်လှစ်ပေးထားခဲ့ကြောင်း မလေးရှား မီဒီယာများက ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်က ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများဆောင်ရွက်နေပြီး ဘင်္ဂါလီမွတ်စလင်တို့သည်  လူသားချင်းစာနာမှုမရှိသည့် ရာဇဝတ်မှုများ၏ ဓားစာခံများဖြစ်ခဲ့ကြဖွယ်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး အေဂျင်စီက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ရဲစခန်းအား စီးနင်းတိုက်ခိုက်ခံရမှုနောက်ကွယ်မှ အကြမ်းဖက်သမားများကို မြန်မာ့တပ်မတော်က ရှာဖွေနေခြင်းဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားခဲ့ပြီး စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ မွတ်စလင်အများစုနေထိုင်သော မလေးရှားတွင် ရခိုင်ဒုက္ခသည် အကျပ်အတည်းအား ကိုင်တွယ်မှုနှင့်ပတ်သက်ပြီး မြန်မာအစိုးရအား မကြာသေးမီက ဝေဖန်မှုများ ပြင်းထန်လာခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်က မလေးရှားအစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့ပြီး မလေးရှားနှင့် ဘင်္ဂါလီဒုက္ခသည် ၅၀၀ ခန့်သည် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဖိနှိပ်မှုများအတွက် ရှုတ်ချကြောင်း မလေးရှားအစိုးရအဖွဲ့သည် ပြီးခဲ့သည့်တစ်ပတ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ အချင်းချင်းပြင်းထန်သည့် ဝေဖန်မှုကို မဆောင်ရွက်စဖူး ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent