တရုတ်ဆန့်ကျင်သော ဟောင်ကောင်ဥပဒေပြု အမတ်သစ်နှစ်ဦးက ပိတ်ပင်ခံထားရမှုအား အယူခံဝင်မှု အရေးနိမ့်

တရုတ်ဆန့်ကျင်သော ဟောင်ကောင်ဥပဒေပြု အမတ်သစ်နှစ်ဦးက ပိတ်ပင်ခံထားရမှုအား အယူခံဝင်မှု အရေးနိမ့်
Published 30 November 2016
Ref:AFP

ဟောင်ကောင်နိုင်ငံရေးတွင် တရုတ်က ဝင်ရောက်စွက်ဖက်နေကြောင်း စွပ်စွဲခံနေရစဉ် ပါလီမန်အမတ်အဖြစ် ထမ်းဆောင်ရန် ပိတ်ပင်ခံထားရသည့် တရုတ်ဆန့်ကျင်သော ဟောင်ကောင်ဥပဒေပြု အမတ်သစ်နှစ်ဦးသည် အယူခံဝင်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက်တွင် အရေးနိမ့်ခဲ့ကြောင်း သိရသည်။ ဟောင်ကောင် ဥပဒေပြု အမတ်သစ်နှစ်ဦးဖြစ်သော ဘက်ဂီယိုလျန်နှင့် ယူဝိုင်ချင်းတို့သည် ပြီးခဲ့သော အောက်တိုဘာတွင် ကျမ်းသစ္စာကျိန်ဆိုစဉ် ‘ဟောင်ကောင်သည် တရုတ်မဟုတ်’ ဟု ရေးထားသော အလံလွှမ်းခြုံလျက် ကျမ်းသစ္စာကျိန်ဆိုရာတွင်လည်း ဆဲရေးသည့်စကားများ ထည့်သွင်းရွတ်ဆိုခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား ပေကျင်းက နိုဝင်ဘာအစောပိုင်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ တရုတ်၏ဆန့်ကျင်မှု ထွက်ပေါ်လာခဲ့ပြီးနောက် ကျမ်းသစ္စာကျိန်ဆိုမှု စနစ်တကျမပြုလုပ်ခဲ့သော ယင်းအမတ်သစ်နှစ်ဦးသည် အရည်အချင်း မပြည့်မီကြောင်း ဟောင်ကောင်အထက်တရားရုံးက စီရင်ချက်ချခဲ့သည်။
ယူနှင့် လျန်တို့က ယင်းစီရင်ချက်အား အယူခံဝင်ခဲ့သည်။ သို့သော် ဟောင်ကောင်သည် တရုတ်၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ကြောင်း ဥပဒေပြုအမတ်များက ကျမ်းသစ္စာကျိန်ဆိုရန် လိုအပ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားသည်ဟု တရုတ်၏ဆုံးဖြတ်ချက်အား ရည်ညွှန်းလျက် ဟောင်ကောင်အယူခံတရားရုံးက နိုဝင်ဘာ ၃၀ ရက်တွင် အယူခံအား ပယ်ချခဲ့ခြင်းဖြစ်သည်။ တရားရုံး၏တာဝန်မှာ တရုတ်မှ ခွဲထွက်ရေး အခွင့်အာဏာများနှင့် မစွက်ဖက်ရေးမူများထက်ပိုသော Basic Law ဟု လူသိများသည့် ဟောင်ကောင်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျင့်သုံးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယူနှင့်လျန်တို့အား ဒုတိယအကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုရန် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုခဲ့သော်လည်း တရုတ်ကကြားဝင်၍ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ယူနှင့်လျန်တို့သည် ကျမ်းသစ္စာကျိန်ဆိုမှုအား ပယ်ချခဲ့မှုသည် အငြင်းပွားစရာမရှိဟု နိုဝင်ဘာ ၃၀ ရက်က ချမှတ်ခဲ့သော တရားရုံးစီရင်ချက်တွင် ဖော်ပြခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နောက်ဆုံးအယူခံ တရားရုံးသို့ အယူခံဝင်မည်ဟု မျှော်လင့်ရသည်။
တတိယမြောက် ရွေးကောက်ခံအမတ်တစ်ဦးအား ၎င်း၏ကျမ်းသစ္စာကျိန်ဆိုမှုနှင့် ပတ်သက်၍ ရုံးတင်ရန်အတွက် စီစဉ်နေကြောင်း ဟောင်ကောင်အစိုးရက ကြေညာခဲ့စဉ် ယူနှင့် လျန်တို့၏ အယူခံဝင်မှု ပယ်ချခံခဲ့ရခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီမိုကရေစီလိုလားသော လူထုစုဝေးမှုများတွင် ထင်ရှားသည့် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော ကျောင်းဆရာမ လောင်ရွှီလိုင်သည် ကျမ်းသစ္စာ ကျိန်ဆိုမှုအတွင်း စကားလုံးတစ်လုံးနှင့် တစ်လုံးအကြား ပက်ကျိကဲ့သို့နှေးကွေးသောနှုန်းဖြင့် ရွတ်ဆိုမှုကြောင့် ၎င်း၏ကျမ်းသစ္စာကျိန်ဆိုမှု ပယ်ချခံခဲ့ရသည်။ သို့သော် ၎င်းသည်နောက်ပိုင်းတွင် ကျမ်းသစ္စာ ထပ်မံကျိန်ဆိုခွင့်ရရှိခဲ့ပြီးနောက် အမတ်နေရာ ရရှိခဲ့သည်။              

Most Read

Most Recent