သင်္ချာနှင့် သိပ္ပံ ဘာသာရပ်တွင် စင်ကာပူကျောင်းသားများက ကမ္ဘာ့ထိပ်တန်းအဆင့်ရရှိ

သင်္ချာနှင့် သိပ္ပံ ဘာသာရပ်တွင် စင်ကာပူကျောင်းသားများက ကမ္ဘာ့ထိပ်တန်းအဆင့်ရရှိ
Published 30 November 2016
Ref:AFP

စင်ကာပူကျောင်းသားများသည် သင်္ချာနှင့်သိပ္ပံဘာသာရပ်များတွင် ကမ္ဘာ၌အတော်ဆုံးဖြစ်ကြကြောင်း Trends in International Mathematics and Science Study (TIMSS) က နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ ပညာရေးစနစ်များကို သုံးသပ်လေ့လာခဲ့သော ယင်းလေ့လာမှုတွင် ထိပ်တန်းအဆင့်နေရာများကို တောင်ကိုရီးယား၊ ဂျပန်ကဲ့သို့သော အရှေ့အာရှနိုင်ငံများက လွှမ်းမိုးထားခဲ့သည်။
လေးနှစ်တစ်ကြိမ် ထုတ်ပြန်သော ယင်းအစီရင်ခံစာတွင် နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ကျောင်းသား ၆၀၀,၀၀၀ ကျော်ကို စစ်ဆေးမှုများအား အခြေခံ၍ သုံးသပ်ခဲ့ခြင်းဖြစ်သည်။စင်ကာပူကျောင်းသားများသည် သင်္ချာနှင့် သိပ္ပံဘာသာရပ်များတွင် ရလဒ်များကောင်းမွန်သည်သာမက သင်ယူမှုနှင့်ပတ်သက်၍လည်း အပြုသဘောပို၍ရှိကြကြောင်း ယင်းလေ့လာမှုက တွေ့ရှိခဲ့သည်။
စင်ကာပူနိုင်ငံတစ်ဝန်းရှိ ကျောင်းအားလုံးကို လွှမ်းခြုံသောကျပန်းရွေးချယ်မှုမှ အခြေခံပညာကျောင်းသား ၆၅၀၀ နှင့် အထက်တန်းကျောင်းသား ၆၁၀၀ တို့ကို ယခုနောက်ဆုံးလေ့လာမှုတွင် ပါဝင်စေခဲ့သည်။
အခြေခံပညာ စတုတ္ထတန်းအဆင့်ရှိ ကျောင်းသားများသည် သင်္ချာဘာသာရပ်၌ ပျမ်းမျှအမြင့်ဆုံးရမှတ် ၆၁၈ မှတ်ရရှိခဲ့ပြီး ကမ္ဘာတွင် နံပတ်တစ်နေရာကို ရရှိခဲ့သည်။ ဟောင်ကောင်က ၆၁၅ မှတ်ဖြင့် ဒုတိယ၊ တောင်ကိုရီးယားက ၆၀၈ မှတ်ဖြင့် တတိယရရှိခဲ့သည်။ သိပ္ပံဘာသာရပ်တွင် ထိုကျောင်းသားများကပင် ပျမ်းမျှအမြင့်ဆုံးရမှတ် ၅၉၀ ရရှိခဲ့ပြီး ၅၈၉ ရရှိခဲ့သော တောင်ကိုရီးယား ကျောင်းသားများကို ကျော်ဖြတ်၍ နံပါတ်တစ် ရရှိခဲ့ကြသည်။ ဂျပန်က ၅၆၉ မှတ်ဖြင့် တတိယရရှိခဲ့သည်။
၂၀၁၅ ခုနှစ်က ရယူခဲ့သော စစ်ဆေးမှုရလဒ်များက အာရှနိုင်ငံများသည် သင်္ချာနှင့် သိပ္ပံတို့တွင် ဆက်လက်ဦးဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အခြေခံပညာနှင့် အထက်တန်းအဆင့် နှစ်ခုစလုံးတွင် ထိပ်ဆုံးနေရာများကို အာရှနိုင်ငံများက ရရှိခဲ့ကြကြောင်း လေ့လာမှုကတွေ့ရှိခဲ့သည်။
သင်ကြားမှုအရည်အသွေးနှင့် အဆင့်အတန်းက အောင်မြင်မှုအတွက် အရေးကြီးဆုံး အခြေခံအချက်ဖြစ်ကြောင်း စင်ကာပူ၏ အောင်မြင်မှုရလဒ်က ပညာရေးအား ဦးစားပေးထားကြောင်း ထင်ဟပ်ပြခဲ့ခြင်းဖြစ်သည်ဟု TIMSS ၏ ဒါရိုက်တာဖိုက်ကယ်မာတင်က ပြောကြားခဲ့သည်။

Most Read

Most Recent