စာရေးသူများ၏ ရည်ရွယ်ချက်

စာရေးသူများ၏ ရည်ရွယ်ချက်
Published 29 November 2016
ဒေါက်တာခင်မောင်ညို

ဂျာနယ်လစ်ဖြစ်စေ၊ စာရေးဆရာဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေသူဖြစ်စေ စာပေနှင့် အသက်မွေးဝမ်းကျောင်းပြုသူအားလုံးတွင် ကောင်းသောရည်ရွယ်ချက်များစွာရှိသည်။ ထိုရည်ရွယ်ချက်များအနက် ကျွန်တော်သတိထားမိသည်မှာ ပြည်သူများကို ပျော်ရွှင်ချမ်းမြေ့စေရန်ဟူသော ရည်ရွယ်ချက်ပါသည်။
ဒီအတွက် အသိပညာတွေ တိုးတက်လာပြီး ပတ်ဝန်းကျင်ကို အကျိုးပြုသူများစွာပေါ်လာစေရန် မျှော်လင့်ချင်မှ မျှော်လင့်ကြပေလိမ့်မည်။ စာရေးသူများသည် လောကတွင် ဖြစ်ပျက်နေသည်ကို မြင်သာထင်သာရှိအောင် လမ်းညွှန်ပြသခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ အမှတ်မထင်နေလာသည်ကို စာရေးသူများက မီးမောင်းထိုးပြကြသည်။ သတိမမူ၍ ဂူမမြင်သောသူများသည် သတိမူ၍ မြူကိုမြင်လာပါသည်။
စာရေးဆရာပီမိုးနင်းက လောကမှာ အခွင့်အရေးတွေ မိမိဆီရောက်လာတာရှိသည်။ ပြင်ဆင်ထားပါ။ အခွင့်ကောင်းကိုလှမ်းဆွဲပါ။ အခွင့်အလမ်းတံခါးကိုခေါက်ပါ လက်မလွှတ်ကြနှင့်ဟု ညွှန်ပြသည့်စာများကို ရေးသည်။ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာကိုရေးသူ ဦးဖိုးကျားက “ကလေးသူငယ်များသည် အရည်အချင်းရှိသူများအကြောင်းကို ဖတ်ရှုသင်ကြားရလျှင် နှစ်သက်အားရအတုယူ လိုတတ်၏” ဟုဆိုကာ မြန်မာ့ဂုဏ်ရည် ဖတ်စာကိုရေးသည်။ ကျွန်တော်တို့ငယ်ငယ်က သူရဲကောင်းကိုးကွယ်ခြင်း (Hero Worship) လုပ်ကြသည်။ ပြူစောထီး၊ ကျန်စစ်သား၊ အလောင်းဘုရားတို့ကို သဘောကျသည်။ ဒေါက်တာသန်းထွန်းကတော့ မအအောင် သမိုင်းသင်သည်ဟု ရေးသည်။ သမိုင်းကို သဘောပေါက်သည့်အခါ မိမိ၏မျိုးရိုးကို သဘောပေါက်လာသည်။
ဦးသန့်၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်တို့လက်ထက်က မြန်မာစာကို လူထုထဲရောက်လာစေဖို့ ရေးကြသည်။ မြန်မာတိုးတက်လာခြင်းမှာ စစ်ကြိုခေတ်ပညာတတ် စာရေးဆရာများ ပါဝင်သောကြောင့်ဟု ယူဆနိုင်သည်။ ဆရာဇော်ဂျီက သူ၏ကဗျာတွင် ဗေဒါလမ်းကဗျာကို ဘဝနှင့်နှိုင်းယှဉ်ရေးသည်။ သိန်းဖေမြင့်က တက်ခေတ်နတ်ဆိုး၊ တက်ဘုန်းကြီးတို့ကို ရေးသည်။ လူထုဦးလှက ပုံပြင်တွေကိုပြုစုသည်။ ထောင်နှင့်လူသား၊ ကျွန်တော် ဗျူရိုကရက် စသောဘဝဖြစ်ရပ်မှန်တွေကို အင်တာဗျူးလုပ် ရေးသားတင်ပြသည်။
တက္ကသိုလ်ဘုန်းနိုင်၊ ငြိမ်းကျော်၊ ဒဂုန်ခင်ခင်လေး၊ ခင်နှင်းယု စသောစာရေးဆရာများစွာကလည်း ကိုယ်ပိုင်အရေးအသားများဖြင့် ရသစာပေများကိုရေးသည်။
နောက်ပိုင်းဂျာနယ်များတွင် ဂျာနယ်လစ်များစွာ အယ်ဒီတာများစွာသည် မျက်မှောက်ဖြစ်ပျက်နေသည်များကို ပြည်သူလူထုထံတင်ပြသည်။ သဘာဝပတ်ဝန်းကျင်ကိစ္စ၊ မြစ်ဆုံတာတမံ စီမံကိန်းကိစ္စ၊ နိုင်ငံရေး၊ စီးပွားရေးုပြဿနာများကို ခေတ်နှင့်အညီ မျက်ခြည်မပြတ်စေဖို့ အမြဲတစေတင်ပြနေသည်။ ဒါဟာ အင်မတန်အရေးကြီးသည်။ တရုတ်သည် နေ့ချင်းညချင်းစီပွားရေးတွင် စူပါပါဝါ ဖြစ်လာသည်။ နိုင်ငံရေးတွင် သြဇာရှိလာသည်။ အိန္ဒိယကလည်း အိုင်တီနည်းပညာတွေများစွာ တိုးတက်လာသည်။ အိမ်နီးချင်းတွေအကြောင်း သိရသည်။ အဝေးကြီးက အမေရိကန်တို့အကြောင်းလည်း သိရသည်။ သတင်းအချက်အလက်များသည် နေ့စဉ်ကျွန်တော်တို့ဆီ စီးဝင်နေသည်။ ဒါတွေရေးပြသော စာရေးသူများ ဘာလိုချင်လို့လဲ။
စာရေးဆရာတစ်ယောက်က ပြောဖူးသည်။
“ကျွန်တော်ဂျာနယ်တစ်ခု ထောင်ချင်တယ်”
“ဘာဖြစ်လို့ထောင်ချင်တာလဲ၊ စီးပွားရေးအရလား”
“ဒါလည်းပါတာပေါ့၊ ကျွန်တော်စာရေးချင်တယ်လေ။ ခုခေတ်ဂျာနယ်တွေ မဂ္ဂဇင်းတွေဟာ ကျွန်တော်ရေးတာတွေ အားလုံးလိုလိုကိုပယ်တယ်။ ထည့်မပေးဘူး”
“သူတို့လည်း အခက်အခဲတွေရှိတယ်။ ကာလဒေသလိုက်ပြီး ထည့်ရတာတွေရှိတယ်။ အယ်ဒီတာတွေနဲ့ ပိုင်ရှင်ပေါ့လေ။ သူတို့သဘောထားတွေကလည်း ရှိသေးတယ်”
“ဒါကြောင့် ကျွန်တော်ပြောတာ၊ ကျွန်တော်ဂျာနယ်တစ်ခု တည်ထောင်လိုက်ရင် ကျွန်တော်ရေးတာတွေအားလုံးကို ပုံနှိပ်လို့ရမှာပေါ့”
သူနာမည်ကြီးချင်လို့လား။ မဟုတ်တာ သေချာသည်။ သူနာမည်ကြီးပြီးသားပါ။ သူပိုက်ဆံလိုချင်လို့လား၊ ဒါတော့ဖြစ်နိုင်သည်။ သို့သော် စွန့်စားရတာတွေရှိနိုင်သည်။ သူဆုံးရှုံးနိုင်ကြောင်း သူသိသည်။ ဂျာနယ်တစ်ခု အောင်မြင်ဖို့ လူအားငွေအား အတော်ရင်းနှီးရသည်။ ဒါဆိုသူဘာလိုချင်လို့လဲ။
သူလိုချင်သည်မဟုတ်။ သူပေးချင်းသည်၊ သူရေးချင်သည်၊ သူ့စာတွေနဲ့တိုင်းပြည်ကို တိုးတက်စေချင်သည်။ ဒါစိတ်ကူးယဉ်သည် မဟုတ်ပါ။ စာရေးပြီးအကျိုးပြုသူတွေ အများကြီးပါ။
“ဒါဆိုလည်း ခင်ဗျားအင်တာနက်မှာ ရေးပါလား။ Blog တွေမှာရေးလို့ရတယ်။ Facebook မှာလည်းရေးနိုင်တာပဲ။ ကိုယ်ဝက်ဘ်ဆိုက်တစ်ခု တည်ထောင်ရင်တောင် အရှုံးနည်းပါတယ်”
“ကျွန်တော်တစ်ချိန်မှာ အဲဒီလိုလုပ်မှာပါ။ ဒါပေမဲ့ ခုတော့ဖန်သားပြင်မှာ ဖတ်သူတွေ နည်းနေပါသေးတယ်”
အထူးသဖြင့် ဂျာနယ်လစ်များသည် မိမိပေးလိုသော သတင်း Message များကို ပြည်သူထံ ရောက်သွားစေချင်သော ဆန္ဒရှိကြသူများသာဖြစ်သည်။ ယနေ့ဂျာနယ်လစ်များသည် ပြည်သူတွေ လိုလိုလားလား ဖတ်ချင်အောင် ဆွဲဆောင်မှုရှိသော အရေးအသားများ ရှင်းလင်းပြတ်သားသော တင်ပြချက်များကို အပြိုင်အဆိုင်ရေးလာကြသည်။ တကယ်တော့ ဂျာနယ်အရေးအသားသည် တိကျရသည်။ ဝတ္ထုဆန်လွန်း၍မရပါ။ အမှန်တရားကို ထပ်ကွန့်၍မရပါ။ မလိုလားအပ်သော ဝိသေသများကို မထည့်ရပါ။ ဥပမာ အင်မတန်ရက်စက် ကြမ်းကြုတ်သော လူဆိုးသည် အပြစ်ကင်းသောကလေးငယ်ကို သေနတ်ဖြင့် ပစ်ခတ်လိုက်ရာ ... စသောအရေးအသားမျိုးကို ရှောင်ရပါသည်။ အင်မတန် ရက်စက်ကြမ်းကြုတ်သောကို ထည့်ရန်မလိုပါ။ လူဆိုးဟုလည်း မရေးသင့်ပါ။ အပြစ်ကင်းသောစကားကို သုံးလို့ရပါသည်။ သို့သော် အသက်သုံးနှစ်အရွယ်ရှိ ကလေးငယ်ကို လူတစ်ဦးကလောက် ပြောလျှင်ရပြီဖြစ်သည်။
စစ်ပြီးကာလက သတင်းစာများမဂ္ဂဇင်းများကြောင့် လူတွေမျက်စိပိုပွင့်လာသည်။ ယနေ့ခေတ်တွင်မူ ဂျာနယ်များကြောင့် လူထုစာပိုဖတ်ဖြစ်လာသည်။ စာဖတ်သူများအနေဖြင့် စာဖတ်သက်ရင့်လာလေလေ စာများကို ဖတ်ရလွယ် အဓိပ္ပာယ်ပေါက်လွယ်လာကြမည် ဖြစ်သည်။ ထို့ပြင် မည်သည့်စာမျိုးကို ပိုဖတ်သင့်ကြောင်း သဘောပေါက်လာကာ ရွေးချယ်ဖတ်ရှုမှုမျိုးကို ပြုလုပ်လာကြပေမည်။
မြန်မာပြည်အနေအထားအရ ယခုအခါတွင် ပွင့်လင်းလာမှု (Transparency) အတော်လေးရှိလာပါသည်။ ထိုပွင့်လင်းမှုသည် စာရေးသူအားလုံးကို ရိုက်ခတ်ပေလိမ့်မည်။ ထို့ကြောင့် စာများ၏အရည်အသွေး ပိုမိုတိုးတက်လာကာ စာကောင်းပေကောင်းများကို စာဖတ်သူများ ပိုမိုတောင်းဆိုလာကြမည်။ တစ်ဖက်ကလည်း ပြိုင်ဆိုင်မှုတွေ များလာပေမည်။ ထိုအခါ ဂျာနယ်မဂ္ဂဇင်းများသည် အမှားတွေ လုပ်မိလာတတ်သည်။ ထိုအခါ နိုင်ငံရေးသမားများ၊ အုပ်ချုပ်သူအစိုးရများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများကို မညှမတာဝေဖန်မှုတွေ ရှိလာတတ်သည်။ တစ်ခါတစ်ခါတွင် အကျပ်ကိုင်မှုများကိုပင် လုပ်လာတတ်ကြသည်။ စတုတ္ထမဏ္ဍိုင်သည် အရေးပါပါသည်။ သို့သော် ထိုစတုတ္ထမဏ္ဍိုင်၏ ရည်ရွယ်ချက် မှန်ကန်ရပေမည်။ သူ၏ အရေးအသားများသည် မလိုအပ်ဘဲတစ်ဖက်သားကို အရှက်ရစေဖို့ မဟုတ်ရပါ။
စာရေးဆရာ မြတ်ထန်ရေးသလို ယနေ့တိုင် တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဖြစ်နေချိန်ပါပဲ။ အယူအဆမှားပါက ဆုံးရှုံးမှုတွေများစွာ ရှိနိုင်သည်။
ကျွန်တော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းထဲကို လျှောက်ခါစရှိပါသေးသည်။ အမှားတွေကိုထောက်ပြီး အလုပ်မဖြစ်အောင်တော့ မလုပ်ဖို့လိုသည်။
“ဆရာ ဒါဆိုကျွန်တော်တို့မြစ်ဆုံအကြောင်း မရေးရတော့ဘူးလား”
“လာဘ်စားတာမရေးရတော့ဘူးလား”
“အဂတိလိုက်စားပြီး တရားဆုံးဖြတ်တာတွေကို မရေးရတော့ဘူးလား”
“အခြေခံဥပဒေရဲ့ ဆိုးကျိုးကောင်းကျိုးတွေ သူ့ကိုဖောက်ဖျက်တာတွေကို မရေးရတော့ဘူးလား”
သတင်းထောက်များက ကျွန်တော့်ကိုမေးကြသည်။ ကျွန်တော်ဖြေပါသည်။
“ဒီလိုမျိုးကိစ္စတွေ သေချာတယ်ဆိုရင်ပေါ့လေ (Confirm) လုပ်လို့ရတယ်ဆိုရင် ရေးပါ။ မိမိရဲ့အာဘော် (Comment) မပါစေနဲ့။ အရေးကြီးတာက (Dramatize) အများကြီးမလုပ်ဖို့ပါပဲ”
“အယ်ဒီတာ့အာဘော်ဆိုရင်ကော ဆရာ”
“အယ်ဒီတာ့အာဘော်ဆိုတာ (Editorial) ပဲလေ။ အာဘော်ဆိုကတည်းက သူ့ရဲ့စကားပါပဲ။ သူကြားတာတွေကိုရေးတယ်။ သိတာတွေကိုရေးတယ်။ အဓိကကတော့ ပြုပြင်စေချင်တဲ့စေတနာပေါ့။ ဘယ်နေရာမှာ လောင်းကစားဒိုင်တွေရှိတယ်။ ဘယ်နေရာမှာ အနှိပ်ခန်းတွေရှိတယ်။ ဘယ်သူတွေလာဘ်စားမှုတွေ လုပ်နေတယ်ဆိုတာမျိုးတွေ ရေးလေ့ရှိတယ်”
“တိတိကျကျမသိဘဲရေးရင် အန္တရာယ်ရှိတယ်ဆရာ”
“ဂျာနယ်လစ်တွေဟာ အန္တရာယ်ရှိတယ်။ သရော်တာမျိုးနဲ့ရေးလို့ (Charlie Hebdo) စာစောင်က ဂျာနယ်လစ် ၁၃ ယောက်အသတ်ခံရတယ်”
“ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ရော”
“အချို့ကျတော့ တိတိကျကျမသိနိုင်ဘူး။ စောစောကပြောသလို မူးယစ်ဆေးဝါးမှုတွေ၊ လာဘ်စားမှုတွေဟာ သတင်းလိုက်ရခက်တယ်။ ဒါပေမဲ့ ကျော်စောမှုတွေရှိတယ်။ ဒီအတွက်ရေးတဲ့အခါ ရည်ရွယ်ချက်က ဘာလဲ။ ပြည်သူ့အတွက်ဆိုရေးပါ။ အမုန်းတရားနဲ့ဆို မရေးပါနဲ့။ မိမိအတွက်ဆိုမျိုချပါ။ ဒါကအရေးကြီးတယ်”
“နိုင်ငံအတွက် ကျွန်တော်တို့ဂျာနယ်လစ်တွေ ပါဝင်ချင်လို့ပါဆရာ”
သတင်းသမားတွေမှာ စောင့်ထိန်းရတာများလှပါသည်။ ရသစာပေရေးသားသူ (Fiction Writers) တွေကတော့ သူတို့နှစ်သက်ရာ ပုံစံနှင့်ရေးလို့ရသည်။ စာရေးခြင်းကနေ တိုင်းပြည်နှင့်လူမျိုးကို ပိုပြီးချစ်လာအောင် ဆောင်ရွက်ပေးလို့ရပါသည်။ သို့သော် စာဖတ်သူ၏ အခံလည်းလိုသည်။ လူတွေစာဖတ် အလေ့အကျင့်ရှိလာမှ စာရေးသူပေးချင်သည့် သတင်းစကား (Messages) များကို သဘောပေါက်မည်ဖြစ်သည်။ စာဖတ်တဲ့အလေ့ တည်ဆောက်နိုင်ကြပါစေ။

Most Read

Most Recent