အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများ ဆုံးရှုံးနေစဉ် IS အဖွဲ့ခွဲ အီဂျစ်တွင် ရုန်းကန်နေရ

အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများ ဆုံးရှုံးနေစဉ် IS အဖွဲ့ခွဲ အီဂျစ်တွင် ရုန်းကန်နေရ
Published 27 November 2016
Ref:AFP

အီရတ်နှင့် ဆီးရီးယားတို့တွင် IS အဖွဲ့က နယ်မြေများ ဆုံးရှုံးနေချိန်တွင် ယင်းအဖွဲ့၏ အားကောင်းသော အဖွဲ့ခွဲတစ်ခုသည်လည်း ဆိုင်နိုင်းကျွန်းဆွယ်တွင် ခြေကုပ်ရယူထားမှုအား ထိန်းသိမ်းနိုင်ရန် သြဇာကြီး အီဂျစ်စစ်တပ်နှင့် ရင်ဆိုင်ရာတွင် ရုန်းကန်နေရသည်။ Sinai Province ဟုလူသိများသော ယင်းအဖွဲ့ခွဲသည် အစ္စရေးနှင့်နယ်နိမိတ် ထိစပ်နေသော ဆိုင်နိုင်းကျွန်းဆွယ် မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ရာနှင့်ချီသော အီဂျစ်စစ်သားများနှင့် ရဲများအားသေဆုံးစေခဲ့ပြီ ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာကလည်း ဆိုင်နိုင်းတောင်ဘက် အပန်းဖြေစခန်းတစ်ခုမှ အပန်းဖြေခရီး ထွက်လာသူများ လိုက်ပါလာသည့် ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းအား ပစ်ချခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးစေခဲ့သော ယင်းတိုက်ခိုက်မှုအပြီး အီဂျစ်ခရီးသွားလုပ်ငန်းသည်လည်း နာလန်မထူနိုင်သေးပေ။
သို့သော် Sinai Province သည် လူနေဒေသများအား သိမ်းယူရန် မစွမ်းနိုင်သေးပေ။ ၂၀၁၅ ခုနှစ်တွင် ယင်းအဖွဲ့က မြို့တစ်မြို့အား သိမ်းယူရန် ကြိုးပမ်းခဲ့မှုသည် အီဂျစ်စစ်ဘက်က F-16 တိုက်လေယာဉ်များဖြင့် နှိမ်နင်းခဲ့ပြီးနောက် အရေးနိမ့်ခဲ့ရသည်။ ယင်းအစား Sinai Province အဖွဲ့သည် တစ်စတစ်စ အင်အားလျော့လာမှုကို ကျားကန်နိုင်ရန်အတွက် လမ်းပေါ်ဗုံးထောင်ခြင်း၊ လက်ဖြောင့် သေနတ်သမားဖြင့် ပစ်ခတ်ခြင်း၊ စစ်ဆေးရေးဂိတ်များအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေခဲ့သည်။
အီဂျစ်စစ်တပ်က ကြားခံနယ်မြေတစ်ခု ထူထောင်ရန်အတွက် ပါလက်စတိုင်း ဂါဇာကမ်းမြောင်နှင့် ထိစပ်နေသော မြို့တစ်မြို့၏ အစိတ်အပိုင်းများအား ဖျက်ဆီးပစ်မှုနှင့် ယင်းနေရာများရှိ လိုဏ်ခေါင်းများအား ဖျက်ဆီးမှုနှင့်အတူ ဂျီဟတ်များသည် ဆိုင်နိုင်းကျွန်းဆွယ်တွင် တိုးမြှင့်ဝိုင်းရံပိတ်ဆို့ခံနေရသည်။
အီဂျစ်စစ်တပ်၏ အကြီးမားဆုံးအောင်မြင်မှုမှာ သောင်းကျန်းမှုများအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် နော့ဆိုင်နိုင်းအထိဖြစ်ကြောင်း Navanti Group လေ့လာသုံးသပ်ရေးကုမ္ပဏီမှ ဂျီဟတ်များရေးရာ ကျွမ်းကျင်ပညာရှင် ဂျန့်ဇင်ဂါနက်က ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အစ္စလာမ္မစ်သမ္မတဟောင်း မိုဟာမက်မော်စီအား ရာထူးမှဖြုတ်ချခဲ့ပြီးနောက်ပိုင်း မြင့်တက်လာခဲ့သော အစ္စလာမ္မစ် သောင်းကျန်းမှုများအား ချေမှုန်းနိုင်ရန် အီဂျစ်စစ်တပ်က ရုန်းကန်ခဲ့ရသည်။
သို့သော် ၎င်းတို့၏သောင်းကျန်းမှု သုံးနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင် ဂျီဟတ်များအား အဆုံးအဖြတ်ပေးသော အနိုင်ရမှုသည်ဝေးကွာနေဆဲဟု ယူဆရကြောင်း နိုဝင်ဘာ ၂၄ ရက်၌ တိုက်ခိုက်ခံခဲ့ရမှုက ပြသနေသည်။ အီဂျစ်စစ်တပ်သည် ပြီးခဲ့သောနှစ်အတွင်း Sinai Province အဖွဲ့အား နှိမ်နင်းမှုတွင် ရေတိုအောင်မြင်မှုအချို့ ရရှိခဲ့ကြောင်း၊ သို့သော် ယင်းစစ်သွေးကြွအဖွဲ့က အလိုက်သင့် ပြောင်းလဲနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုအား ရေရှည်အောင်မြင်မှုအဖြစ် အဓိပ္ပာယ်မမှတ်သင့်ကြောင်း ဂါနက်က သတိပေးခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် ဆိုင်နိုင်းမြောက်ပိုင်းရှိ ရှိတ်ခ်ဇူဝေးမြို့အား သိမ်းယူရန် စစ်သွေးကြွအဖွဲ့က ကြိုးပမ်းခဲ့ပြီးနောက် အီဂျစ်စစ်တပ်က ဆိုင်နိုင်းကျွန်းဆွယ်တွင် အင်အားတိုးမြှင့်ခဲ့ကြောင်း လေ့လာသုံးသပ်သူ မော့ခ်တာအဝက်ဒ်က ပြောကြားခဲ့သည်။ ယင်းနောက်ပိုင်း ဂျီဟတ်များက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းသည့် စစ်ဆင်ရေးများအား တိုးမြှင့်ခြင်း၊ ဖောက်ခွဲရေးပစ္စည်းများထောင်ခြင်းနှင့် လက်ဖြောင့်သေနတ်သမားများဖြင့် ပစ်ခတ်ခြင်းတို့အား အာရုံစိုက်ခဲ့ကြောင်း ဂျော့ဝါရှင်တန်တက္ကသိုလ်မှ အစွန်းရောက်မှုဆိုင်ရာ အစီအစဉ်မှ သုတေသီအကဝပ်ဒ်က ပြောကြားခဲ့သည်။
ဂျီဟတ်များ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သည့် စစ်သားဦးရေကို အတည်ပြုရန် ခက်ခဲခဲ့သည်။ စစ်ဘက်သည် နိုဝင်ဘာ ၂၄ ရက်က စစ်သားရှစ်ဦး အသတ်ခံရမှုကဲ့သို့ သေဆုံးမှုများကိုမူ အခွင့်သင့်သလို ထုတ်ပြန်လေ့ရှိသော်လည်း အမြဲတမ်းမူ မထုတ်ပြန်ပေ။
အီဂျစ်မီဒီယာများ၏ ရေတွက်ထုတ်ပြန်မှုအရ နိုဝင်ဘာ ၂၄ ရက်တွင် သေဆုံးသူ ရှစ်ဦးမပါဝင်ဘဲ နိုဝင်ဘာတစ်လတည်းတွင် စစ်သားနှင့် တာဝန်ရှိသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဂျီဟတ်များကလည်း ၎င်းတို့၏သေဆုံး ဒဏ်ရာရမှုများကို ထုတ်ပြန်လေ့မရှိပေ။ စစ်တပ်ကလည်း ဂျီဟတ်များ၏ အလောင်းများအား ရံဖန်ရံခါ ထုတ်ပြန်လျက် ရာနှင့်ချီသော စစ်သွေးကြွများအား သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
ယင်းစစ်သွေးကြွအဖွဲ့၏ ရာထူးအဆင့်ဆင့်ကိုလည်း ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အီဂျစ်စစ်တပ်က ယင်းအဖွဲ့၏ ခေါင်းဆောင်ဟု ဖော်ထုတ်နိုင်ခဲ့သည့် အဘူဒူအာဟု အမည်ရသူတစ်ဦးအား သတ်ဖြတ်နိုင်ခဲ့ကြောင်း ပြီးခဲ့သောသြဂုတ်တွင် ကြေညာခဲ့သော်လည်း အသေးစိတ်မထုတ်ပြန်ခဲ့ပေ။ ဆိုင်နိုင်းကျွန်းဆွယ် ဒေသခံများအတွက် ဂျီဟတ်များက အသုံးပြုသော အမည်ပြောင် Ansari က ၎င်းသည်ဆိုင်နိုင်းတွင် လှည့်လည်သွားလာနေသော အာရပ်လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးခံခဲ့ရသော ဂျီဟတ်တစ်ဦးအား စစ်ဆေးမေးမြန်းမှုများအရ ဆိုင်နိုင်းရှိ ယင်းစစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရဟု ထွက်ဆိုခဲ့ပြီး ယင်းခေါင်းဆောင်သည် ၎င်း၏လက်အောက်ခံမှတစ်ဆင့် ညွှန်ကြားချက်များ ပေးခဲ့သည်ဟုလည်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဝါလီ သို့မဟုတ် အုပ်ချုပ်ရေးမှူးဟုသိရသော ယင်းခေါင်းဆောင် လက်အောက်တွင် လုံခြုံရေး၊ စစ်ဘက်ရေးရာ၊ ဗုံးပြုလုပ်ခြင်းနှင့် မီဒီယာစသည့် ကဏ္ဍများဖြင့် တာဝန်ခွဲဝေယူကြကြောင်း သိရသည်။ မီဒီယာကွပ်ကဲမှူးမှာ ရှာဒီအီမင်နေးဖြစ်ကြောင်း စစ်ဆေးမေးမြန်းမှုဆိုင်ရာ အစီရင်ခံစာတစ်ခုအရ သိရသည်။ မင်နေးသည် Sinai Province အဖွဲ့၏ရှေ့ပြေးအဖွဲ့ Ansar Beit al-Maqdis အဖွဲ့၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်ခဲ့သည်။
IS အဖွဲ့က အီရတ်နှင့် ဆီးရီးယားရှိ ဖြန့်ကြက်ထိန်းချုပ်ထားသော နယ်မြေများအား မွတ်စလင်နယ်မြေအဖြစ် ကြေညာခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် မင်နေး IS အဖွဲ့အား သစ္စာခံကြောင်း ကြေညာခဲ့သည်။ Ansar Beit al-Maqdis အဖွဲ့သည် ၂၀၁၁ ခုနှစ်တွင် အီဂျစ်အာဏာရှင်ဟောင်း ဟိုစနီမူဘာရက် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီးနောက် အစ္စရေးတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် Mujahiden Shura Council စစ်သွေးကြွအဖွဲ့မှနေ၍ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent