ဥရောပသို့ ဒုက္ခသည်များ သွားနိုင်ရန် နယ်စပ်တံခါးများကို ဖွင့်ပေးမည်ဟု တူရကီ ခြိမ်းခြောက်

ဥရောပသို့ ဒုက္ခသည်များ သွားနိုင်ရန် နယ်စပ်တံခါးများကို ဖွင့်ပေးမည်ဟု တူရကီ ခြိမ်းခြောက်
Published 25 November 2016

ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေးနှင့် ပတ်သက်၍ တူရကီအစိုးရနှင့် ဆွေးနွေးမှုအား ရပ်ဆိုင်းရန် ဥရောပ ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် တူရကီသမ္မတရီ ဆပ်တေရစ် အာဒိုဂန်က ၎င်း၏နယ်စပ်များကို တရားမဝင် ရွှေ့ပြောင်းအခြေချ သူများအတွက် ဖွင့်ပေးလိုက်မည်ဟု နိုဝင်ဘာ ၂၅ ရက်က ခြိမ်းခြောက်ခဲ့သည်။
“ကျုပ်ပြောတာကို နားထောင်ကြပါ။ ခင်ဗျားတို့တွေ ရှေ့ဆက်တိုးမယ် ဆိုရင်တော့ နယ်စပ်တွေကို ဖွင့်လိုက်မယ်ဆိုတာ မှတ်ထားကြပါ” ဟု အာဒိုဂန်က အစ္စတန်ဘူတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအတွင်း ဥရောပသမဂ္ဂကို ရည်ညွှန်းခဲ့သည်။ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း အခြေချသူများသည် တူရကီနယ်စပ်ကိုဖြတ်ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် ဘယ်လ်ဂျီယံနိုင်ငံထဲသို့ ဖြတ်သန်းဝင်ရောက်ခဲ့သည့် ၂၀၁၅ ခုနှစ်က ဥရောပသမဂ္ဂသည် အသည်းအသန် အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့သည်ဟု အာဒိုဂန်က ဆိုခဲ့သည်။
ထိုသို့ဥရောပထဲသို့ စီးဝင်နေသော ရွှေ့ပြောင်းဒုက္ခသည်များကို တူရကီက တားဆီးပေးရန် သဘောတူညီချက် တစ်ခုကို မတ် ၁၈ ရက်က တူရကီနှင့် ဥရောပသမဂ္ဂ တို့အကြား ရရှိခဲ့သည်။ ထိုသဘောတူညီချက်ကြောင့် တူရကီနှင့် ဂရိကြားတွင်ရှိသည့် အေဂျီယန်ပင်လယ်ကို ဖြတ်ကူးကြသော ရွှေ့ပြောင်းအခြေချသူ ဦးရေကို လျှော့ချရာတွင် အောင်မြင်မှု အများအပြား ရရှိခဲ့သည်။ ထို့ပြင်တူရကီသည် ၎င်း၏ရေပိုင်နက် နယ်နိမိတ်နှင့် နယ်စပ်များကို ပိုမိုတင်းကျပ်စွာ စောင့်ကြပ်ထိန်းချုပ် ပေးမည်ဟုလည်း ကတိပေးခဲ့သည်။
အပြန်အလှန် အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်လာရေးအတွက် ကာလရှည်ကြာ နှောင့်နှေးနေခဲ့သည် တူရကီကြိုးပမ်းမှု၊ တူရကီနိုင်ငံသားများ ဥရောသမဂ္ဂအဖွဲ့ဝင် နိုင်ငံများထဲသို့ ဗီဇာမလိုဘဲ သွားရောက်ခွင့်ပြုရေး တို့အတွက် ဆွေးနွေးမှုများကို ဥရောပသမဂ္ဂဘက်မှ အရှိန်အဟုန်မြှင့်ပေးရမည် ဖြစ်သည်။ တူရကီဘက်မှ ဒုက္ခသည်များကို ထိန်းချုပ်ရာတွင် အောင်မြင်မှု ရှိသော်လည်း ၎င်း၏ဗီဇာကင်းလွတ်ခွင့်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုများမှာမူ မည်သို့မျှ ထူးခြားမှုမရှိ ဖြစ်ခဲ့သည်။ ထို့ကြောင့် တူရကီအစိုးရက ဥရောပသမဂ္ဂသည် ကတိမတည်ကြောင်း စွပ်စွဲခဲ့သည်။
ထိုအချိန်တွင် တူရကီ၌ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ အစိုးရက အကြီးအကျယ် ဖြိုခွင်းနေမှုကြောင့် ဥရောပပါလီမန်သည် တူရကီနှင့် အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးမှုကို ရပ်တန့်ရန် နိုဝင်ဘာ ၂၄ ရက်က မဲပေးဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ထိုဆုံးဖြတ်ချက်သည် မဖြစ်မနေ လိုက်နာဆောင်ရွက် ရမည့်ကိစ္စ မဟုတ်သလို ထိုဆုံးဖြတ်ချက်အပေါ် ဥရောပကော်မရှင်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်များ၏ ထောက်ခံမှုလည်း မရှိသေးပေ။
Ref : AFP

Most Read

Most Recent