ဟောင်ကောင် အကောက်ခွန်က စင်ကာပူသံချပ်ကာယာဉ်နှင့် စစ်လက်နက် ပစ္စည်းများကို သိမ်းဆည်း

ဟောင်ကောင် အကောက်ခွန်က စင်ကာပူသံချပ်ကာယာဉ်နှင့် စစ်လက်နက် ပစ္စည်းများကို သိမ်းဆည်း
Published 25 November 2016

ဟောင်ကောင်၏ အဓိက ဆိပ်ကမ်းတစ်ခုသို့ ထိုင်ဝမ်မှ သင်္ဘောဖြင့် ရောက်လာသည့် စင်ကာပူစစ်တပ်ပိုင် သံချပ်ကာယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများကို ဟောင်ကောင် အကောက်ခွန်က သိမ်းဆည်းခဲ့သည်ဟု စင်ကာပူကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင် အကောက်ခွန် အာဏာပိုင်တို့က ပုံမှန်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် ဟုဆိုပြီး Terrex ICV သံချပ်ကာယာဉ်များနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများကို နိုဝင်ဘာ ၂၃ ရက်ကတည်းက သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ကြောင်း စင်ကာပူကာကွယ်ရေး ဝန်ကြီးဌာန (Mindef) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သော်လည်း ထိုင်ဝမ်ဟု ရည်ညွှန်းမှု မပါခဲ့ပေ။ “စင်ကာပူ အာဏာပိုင်တွေက ဟောင်ကောင် အကောက်ခွန်ကို သင့်တော်တဲ့ ပံ့ပိုးမှုတွေ ပေးနေပါတယ်။ အဲဒီကုန်ပစ္စည်းတွေ အားလုံး စင်ကာပူကို မြန်မြန်ဆန်ဆန် ပြန်ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“စင်ကာပူစစ်တပ်ဟာ ပုံမှန်ပြုလုပ်နေကျ ပြည်ပစစ်ရေး လေ့ကျင့်ခန်းတွေမှာ Terrex ICV ယာဉ်တွေကို အသုံးပြုခဲ့ပါတယ်။ အခုကိစ္စမှာလည်း အရင်စစ်ရေး လေ့ကျင့်ခန်းအတွင်းက သုံးခဲ့တဲ့ ယာဉ်တွေကို ကုန်သွယ်ရေး လမ်းကြောင်းကနေတစ်ဆင့် သင်္ဘောနဲ့ ပြန်ပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ သို့သော် သံချပ်ကာယာဉ်စီးရေ မည်မျှပါဝင်ကြောင်းနှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများ ှာ မည်သည့်အရာများ ဖြစ်ကြောင်း ထည့်သွင်းမဖော်ပြခဲ့ပေ။ Mindef ၏ ဒုတိယအကြိမ် ထုတ်ပြန်ချက်တွင်မူ ထိုပစ္စည်းများထဲ၌ လက်နက်ခဲယမ်းများ မပါဝင်ဟု ဖော်ပြခဲ့သည်။
ဟောင်ကောင်နှင့် ထိုင်ဝမ်မီဒီယာများ၌ ထိုသံချပ်ကာယာဉ်များသည် ထိုင်ဝမ်၌ စစ်ရေးလေ့ကျင့်ခဲ့ပြီးနောက် နေရပ်သို့ပြန် ပို့လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ရုပ်သံသတင်းများနှင့် အခြားသတင်း ဓာတ်ပုံများထဲတွင် သိမ်းဆည်းခံထားရသည်ဟု ယူဆရသော ယာဉ်ကိုးစီးကို တာပေါ်လင်စများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။
စင်ကာပူနှင့် ထိုင်ဝမ်တို့သည် ၁၉၇၄ ခုနှစ်ကတည်းက ကာလရှည် ကာကွယ်ရေး သဘောတူညီချက် တစ်ခု၌ လက်မှတ်ရေးထိုး ထားကြသည်။ Project Starlight ဟု အမည်ရသော ထိုသဘော တူညီချက်အရ စင်ကာပူ တပ်ဖွဲ့ဝင်များသည် ထိုင်ဝမ်တပ်ဖွဲ့ဝင်တို့နှင့်အတူ ထိုင်ဝမ်တွင် စစ်ရေးလေ့ကျင့်ခွင့် ရရှိထားပြီး ထိုင်ဝမ်ကျွန်းပေါ်တွင် စစ်ရေးလေ့ကျင့်ရန် စင်ကာပူက တစ်နှစ်လျှင် တပ်ဖွဲ့ဝင် ၁၅၀၀၀ ကျော် ပို့ဆောင်နေသည်ဟု သိရသည်။ ထိုင်ဝမ်ကျွန်းပေါ်တွင် စင်ကာပူ စစ်ရေးလေ့ကျင့်သည့် စခန်းသုံးခုလည်း ရှိသည်။ သို့သော် စင်ကာပူသည် ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်စစ်တပ်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေး ရှိလာပြီး ၂၀၁၄ ခုနှစ်က ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။
ဇွန်လကပင် စင်ကာပူနှင့် ဘရူနိုင်းတို့ ပူးတွဲ၍ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ADMM-Plus စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။ ယင်းစစ်ရေး လေ့ကျင့်မှုတွင် အာဆီယံ ၁၀ နိုင်ငံမှ စစ်တပ်များအပြင် တရုတ်၊ ရုရှား၊ အမေရိကန် အစရှိသော အခြားရှစ်နိုင်ငံမှ စစ်တပ်များလည်း ပါဝင်ခဲ့သည်။
ထိုင်ဝမ်သည် မကြာသေးမီကပင် ဟောင်ကောင်ခွဲထွက်ရေးကို လိုလားသော လွှတ်တော်အမတ်သစ်နှစ်ဦး၏ ကိစ္စအပေါ် ဝင်ရောက်မှတ်ချက် ပေးမိသဖြင့် ဟောင်ကောင်၏ ပြန်လည်ပြစ်တင် ဝေဖန်ခြင်းကို ခံထားရသည်။ ဟောင်ကောင်သည် ၁၉၉၇ ခုနှစ်ကမှ ဗြိတိန်တို့က တရုတ်ထံသို့ ပြန်လည်လွှဲပြောင်း ပေးလိုက်သော ဒေသဖြစ်ပြီး ပြည်မကြီးထဲတွင် မရနိုင်သည့် လွတ်လပ်မှုများကို ရရှိထားသည်။ သို့သော်လည်း မကြာသေးမီက ပြည်မကြီး၏ ဝင်စွက်ဖက်မှုတို့ကြောင့် ထိုလွတ်လပ်မှုများ ပျောက်ဆုံးသွားမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေသည်။ ထိုင်ဝမ်မှာမူ ဒီမိုကရေစီ အစိုးရတစ်ရပ်သက်သက်ဖြင့် အုပ်ချုပ်နေသည့် ကျွန်းဒေသဖြစ်ပြီး တရုတ်အစိုးရကမူ ၎င်းတို့၏ နယ်နိမိတ် ဖြစ်နေသေးသည်ဟု ယခုတိုင် ယူဆနေကြသည်။                                               
Ref : AFP

Most Read

Most Recent