မတော်တဆမှုကြောင့် ကလေးသေဆုံးခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောကို ဖြိုချမည်

မတော်တဆမှုကြောင့် ကလေးသေဆုံးခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောကို ဖြိုချမည်
Published 25 November 2016

နွေရာသီက ဖြစ်ပွားခဲ့သော မတော်တဆမှု၌ ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ပြီးနောက် ယင်းသေဆုံးမှုအား စုံစမ်းစစ်ဆေးပြီးသည်နှင့် ကင်ဆက်မြို့ရှိ ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောကို ဖြိုချမည်ဖြစ်ကြောင်း Schlitterbahn Waterparks and Resorts ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောအဖြစ် သတ်မှတ်ခံထားရသော Verruckt တွင် သြဂုတ် ၇ ရက်က မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ကာလက်သောမတ်ရှဝပ်ဆိုသူ ၁၀နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းကလေးငယ်၏ ဖခင်ဖြစ်သူသည် ရီပက်ဘလီကင်အမတ် စကော့ရှဝပ်ဖြစ်သည်။ ထိုမတော်တဆမှုအတွက် တရားစွဲဆိုမှု မရှိခဲ့ပေ။
ကာလက်သည် ဆိုးရွားလှသည့် လည်ပင်းဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က The Kansas City Star သို့ ပြောကြားခဲ့သည်။ ၁၆၈ ပေ အမြင့်ရှိသော ယင်းရေလွှာလျှောကို ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဘရာဇီးရှိ  ရေလွှာလျှောကိုကျော်ကာ ကမ္ဘာ့အမြင့်ဆုံး ရေလွှာလျှောအဖြစ် ရပ်တည်ခဲ့သည်။
ယင်းရေလွှာလျှော၏ အမြင့်သည် နယူးယောက်ရှိ လေဘာတီရုပ်တုကို မီးရှူးတိုင်မှ အောက်ခံခုံအထိ အမြင့်နှင့် နှိုင်းယှဉ်ပါက ပို၍မြင့်မားနေသည်။
မတော်တဆမှုအား စုံစမ်းစစ်ဆေးမှုပြီးဆုံးပြီး ယင်းရေလွှာလျှော မျှော်စင်ကို ဖြိုချရန် တရားရုံးက ခွင့်ပြုသည်နှင့် ဖြိုချမည်ဖြစ်ကြောင်း တက္ကဆက်အခြေစိုက် Schlitterbahn Waterparks and Resorts ကုမ္ပဏီက ပြောကြားခဲ့သည်။
ဂျာမန်ဘာသာတွင် “ရူးသွပ်မှု” ဟု အဓိပ္ပာယ်ရသော Verruckt ရေလွှာလျှောသည် ၁၇ ထပ်အမြင့်မှနေ၍ တစ်နာရီမိုင် ၇၀ နှုန်းဖြင့် လျှောချပြီး အခုံတစ်ခုဖြင့် ခုန်တက်ပြီးနောက် ပေ ၅၀ အမြင့်မှနေ၍ ရေကန်အတွင်းသို့ လျှောချသည့် ရေလွှာလျှော ဖြစ်သည်။ စီးနင်းသူများသည် နိုင်လွန်ခါးပတ်နှစ်ခုကို ပတ်ထားရသည်။ ရေလွှာလျှော၏ ထိပ်ဆုံးမှ အောက်အထိ လျှောချသည့် အချိန်သည် ခန့်မှန်းခြေ ၁၁ စက္ကန့်သာ ကြာမြင့်ကြောင်း ကြော်ငြာများတွင် ပါဝင်ခဲ့သည်။
ယင်းရေလွှာလျှောတွင် ကလေးငယ် သေဆုံးသည့် မတော်တဆမှု ဖြစ်ပွားပြီးနောက် ရေလွှာလျှောများနှင့် အခြားအပန်းဖြေ နေရာများတွင် စိစစ်စောင့်ကြည့်မှုများ မြင့်တက်ခဲ့သည်။ ကင်ဆက်ပြည်နယ်သည် ရေလွှာလျှောများအတွက် စည်းမျဉ်းများ နည်းပါးမှုအတွက် ထင်ရှားသည်။ ရေလွှာလျှောများအတွက် နှစ်စဉ်စစ်ဆေးမှုသာ လိုအပ်ပြီး ပုဂ္ဂလိက စုံစမ်းသူများဖြင့်လည်း စစ်ဆေးခွင့်ရှိသည်။ စုံစမ်းစစ်ဆေးသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Schlitterbahn Waterparks and Resorts ကုမ္ပဏီက ပြောကြားခဲ့ပြီး သေဆုံးသူ ကလေးငယ်၏ မိသားစုများ၊ ရှေ့နေများနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ထွက်ဆိုခဲ့သည်။
နှစ် ၅၀ ကျော် အပန်းဖြေလုပ်ငန်း ဆောင်ရွက်ခဲ့မှုတွင် ယခုကဲ့သို့ ဆိုးရွားလှသည့် ဖြစ်ရပ်မျိုး မကြုံဖူးခဲ့ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
Ref : AFP

Most Read

Most Recent