ထရန့်က ဝေဖန်သူတစ်ဦး အပါအဝင် အမျိုးသမီးများကို အစိုးရအဖွဲ့အတွက် ရွေးချယ်

ထရန့်က ဝေဖန်သူတစ်ဦး အပါအဝင် အမျိုးသမီးများကို အစိုးရအဖွဲ့အတွက် ရွေးချယ်
Published 24 November 2016

ဒေါ်နယ်ထရန့်သည် အစောပိုင်းက သူ၏မဲဆွယ်ပွဲကာလ၌ သစ္စာရှိသူများကို ရာထူးနေရာ အသီးသီးအတွက် လျာထားခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက်တွင် သူ၏ အနာဂတ် အစိုးရအဖွဲ့ အခြေခံအုတ်မြစ်ကို စတင်ချဲ့ထွင်ခဲ့ရာ၌ ၎င်းအား ဝေဖန်သူတစ်ဦး အပါအဝင် ကွန်ဆာဗေးတစ် အမျိုးသမီးနှစ်ဦးကို  အစိုးရအဖွဲ့ရာထူး၌ ၎င်းအား လျာထားလိုက်ကြောင်း သိရသည်။
ထရန့် အနေဖြင့် ဆောက်ကယ်ရိုလိုင်းနား အုပ်ချုပ်ရေးမှူး နစ်ကီဟာလေး (၄၄ နှစ်) ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားလိုက်ခြင်းသည် သူ၏ ရန်သူအချို့အား ပို၍ တံခါးကျယ်ကျယ် ဖွင့်ပေးကာ ခွင့်လွှတ်ရန် အသင့်ရှိကြောင်း ပြသလိုက်ခြင်းဟု ရှုမြင်ကြသည်။
သို့သော် ဒေသဆိုင်ရာ အစိုးရကျောင်းများအား အစားထိုးရေး လုပ်ဆောင်ရာ၌ ကျော်ကြားသည့် ချမ်းသာသော တက်ကြွလှုပ်ရှားသူ ဘက်စီဒီဗို့စ်ကို ပညာရေး ဝန်ကြီးအဖြစ် ရွေးချယ်လိုက်ခြင်းသည် ဆိုရှယ်ကွန်ဆာဗေးတစ်များအတွက် နောက်ထပ်အောင်ပွဲ တစ်ရပ်ဖြစ်သည်။
ထရန့်၏ သမ္မတနေရာအတွက် ပြိုင်ဘက်တစ်ဦးဖြစ်ခဲ့သူ အငြိမ်းစား အာရုံကြောခွဲစိတ်ဆရာဝန် ဘင်ကာဆင်ကိုလည်း အိမ်ရာရေးရာ ဝန်ကြီးအဖြစ် လျာထားဖွယ်ရှိနေသည်။ ယင်းကိစ္စကို ထရန့်က ကြေညာချက် မထုတ်မီ လူမှုမီဒီယာ၌ တင်ခဲ့ခြင်းဖြစ်သည်။
ထရန့်က သူ့အား ကျယ်လောင်စွာ ဝေဖန်ခဲ့သူ နောက်တစ်ဦးဖြစ်သည့် မက်ဆာချူးဆက် အုပ်ချုပ်ရေးမှူး မစ်ရွန်နေကို အဓိက ရာထူးတစ်ခုဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် နေရာပေးရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေသည့်အချိန်၌ သူ့အား ဝေဖန်ခဲ့သူ ဟာလေးကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထရန့်က ရန်လိုသည့် သတင်းစာတစ်စောင်ဟု သတ်မှတ်ထားသည့် နယူးယောက်တိုင်းမ် သတင်းစာ၌ပင် ရာသီဥတု ပြောင်းလဲခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ဟီလာရီကလင်တန်ကို တရားစွဲဆိုရန်ရှိခြင်းတို့နှင့် ပတ်သက်သော သူ၏ ရပ်တည်ချက်ကို လေသံလျှော့ချခဲ့ပြီး ယင်းသတင်းစာနှင့် အဓိကကျသော ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ပြီးနောက် ယခုကဲ့သို့ လျာထားမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၇၀ အရွယ်ရှိ အိမ်ခြံမြေ ရောင်းဝယ်ရေး သူဌေးကြီးက အများက လေးစားကြသော အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းမာတစ်ကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် အလွန့်အလွန် အလေးနက်ထား စဉ်းစားနေကြောင်းလည်း Times သတင်းစာသို့ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ သံအမတ်ကြီး ရာထူးသည် အစိုးရအဖွဲ့၌ ပါဝင်သော ရာထူးဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသော ခေါင်းမာသည့် ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သူ ဟာလေးကို အထက်လွှတ်တော်က အတည်ပြုလိုက်ပါက ဟာလေးသည် ထရန့်နှင့် ပဋိပက္ခ ဖြစ်ပွားဖူးသော်လည်း ကမ္ဘာ့သံတမန်ရေးရာ၌ သြဇာကြီးသူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။
Ref : AFP

Most Read

Most Recent