ယူကရိန်းတွင် ဗျူရိုကရက် အရာရှိများအား ထုတ်ပယ်မည့် အစီအစဉ်ကို ဦးဆောင်ရန် အမျိုးသမီးငယ် တစ်ဦးအား ခန့်အပ်

ယူကရိန်းတွင် ဗျူရိုကရက် အရာရှိများအား ထုတ်ပယ်မည့် အစီအစဉ်ကို ဦးဆောင်ရန် အမျိုးသမီးငယ် တစ်ဦးအား ခန့်အပ်
Published 24 November 2016

ဖြုတ်ချခံ ယူကရိန်း အစိုးရဟောင်းမှ အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်နေသူများအား ထုတ်ပယ်မည့် အစီအစဉ်ကို ဦးဆောင်ရန် ယူကရိန်း တရားရေးဝန်ကြီးက အသက် ၂၃ နှစ်ရှိ ဥပဒေဘွဲ့ရ အမျိုးသမီး တစ်ဦးအား ခန့်အပ်ခဲ့ကြောင်း သိရသည်။ ယင်းသည် ပြီးခဲ့သော သီတင်းပတ်တွင် အသက် ၂၀ ကျော်သာရှိသော အမျိုးသမီး တစ်ဦးအား ထိပ်တန်းရာထူး တစ်ခုအတွက် ခန့်အပ်ခဲ့ပြီးနောက် အမျိုးသမီး တစ်ဦးအား ဒုတိယမြောက် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ကွန်မြူနစ်ခေတ်လွန် ဖြုတ်ထုတ်သန့်စင်မှုအတွက် အရှေ့ဥရောပတွင် အသုံးပြုသော အသုံးအနှုန်း Lustration သည် ယူကရိန်းတွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၌ သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်အား ဖြုတ်ချနိုင်ခဲ့သော အစိုးရဆန့်ကျင် ဆန္ဒပြမှုများအတွင်း အဓိက တောင်းဆိုမှု တစ်ခုဖြစ်ခဲ့သည်။ အစိုးရဟောင်းတွင် အကျင့်ပျက် ခြစားမှုများ၌ ပါဝင်ပတ်သက်နေသည့် အစိုးရတာဝန်ရှိသူများအား ဖယ်ထုတ် သန့်စင်မည်ဟု လက်ရှိ သမ္မတပီထရိုပိုရိုရှင်ကိုက ကတိပြုထားသော်လည်း ရလဒ်များသည် ယူကရိန်းအများအပြားက မျှော်လင့်ထားမှုအား မလွှမ်းခြုံနိုင်ခဲ့ဟု သိရသည်။
အသက် ၂၃ နှစ်ရှိ အန်နာကယ်လင်းချက်အား နိုဝင်ဘာ ၂၂ ရက်တွင် ယင်းရာထူးခန့်အပ်မှုသည် ထိုက်တန်စွာ ရာထူးတိုးပေး ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဝန်ကြီး ပါဗယ်လိုပီထရင်ကိုက အခိုင်အမာ ပြောကြားခဲ့သော်လည်း ၎င်းအား ခန့်အပ်မှုကြောင့် လူထုက ဒေါသထွက်ခဲ့ကြသည်။ ယင်းဖြုတ်ထုတ် သန့်စင်ရေးဌာန အကြီးအကဲဟောင်းက တာဝန်ရှိသူ ၁၀၀၀ နီးပါးသည် အလုပ်မှ ထုတ်ပယ်ခံခဲ့ရပြီး ၎င်းတို့အား ၂၀၂၄ ခုနှစ်အထိ အစိုးရတာဝန်များ ထမ်းဆောင်ခွင့်အား ပိတ်ပင်ခဲ့ကြောင်း ပြီးခဲ့သောလတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်တွင်လည်း ပြည်ထဲရေးဝန်ကြီး အာဆင်အဗာကော့သည် အသက် ၂၄ နှစ်ရှိ အမျိုးသမီးငယ် တစ်ဦးအား ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အဖော်အချွတ် ဓာတ်ပုံအချို့အား အွန်လိုင်းတွင် တင်ခဲ့မှုကြောင့် လူအများက စိတ်ဝင်စားခဲ့သော ယင်းအမျိုးသမီးငယ်အား ခန့်အပ်ခဲ့မှုကြောင့် ပြည်ထဲရေးဝန်ကြီးသည် ၎င်း၏တပည့်အား ကြော်ငြာနေသည်ဟု စွပ်စွဲခံခဲ့ရသည်။ အဗာကော့သည် ပြည်ထဲရေး ဒုတိယဝန်ကြီး ဖြစ်လာမည့်သူနှင့်အတူ ဂျပန်သို့ ရှည်ကြာသော အလုပ်သဘော ခရီးသွားရောက်စဉ် အခွန်ထမ်း ပြည်သူများ၏ ငွေများအား သုံးစွဲခဲ့မှုအတွက် မကြာသေးမီက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခံခဲ့ရသည်။
သြဒက်ဆာပြည်နယ် အုပ်ချုပ်ရေးမှူး မီခေးဆာကက်ဗီလီနှင့် ရဲချုပ် ခါတီယာ ဒီကန်နိုင်ဇီ အပါအဝင် ပြုပြင်ပြောင်းလဲရေးအား လိုလားသော ပြည်ပဖွား ပညာရှင်များ ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် အတွေ့အကြုံနည်းသော အမျိုးသမီးငယ်များအား ယင်းကဲ့သို့ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဆာကက်ဗီလီ၊ ဒီကန်နိုင်ဇီအပြင် အနောက်နိုင်ငံများတွင် ပညာသင်ကြားခဲ့သည့် တာဝန်ရှိသူ အများအပြားက အစိုးရသည် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ ဖိအားပေးခြင်းနှင့် ဆန့်ကျင်ခြင်း ပြုလုပ်ခဲ့သည်ဟု အပြစ်တင်ခဲ့ကြသည်။                     
Ref : AP

Most Read

Most Recent